ကျမ်းဟောင်းပညတ်ပြည့်စုံသွားရခြင်းသက်သေ(၁၂)ချက်
နိဒါန်း
ယနေ့ယုံကြည်သူတွေဘာလို့ကျမ်းဟောင်းပညတ်အတိုင်းယဇ်မပူဇော်ကြတော့တာလဲ?ဘာလို့အရေဖျားမလှီးကြ တော့တာလဲ?ဘာလို့မစားရပညတ်တွေမလုပ်ကြတော့တာလဲ? အထူးသဖြင့်သတ္တမနေ့စနေဥပုသ်ကိုဘာလို့မစောင့်ကြတော့တာလဲ?ဥပုသ်မစောင့်ရင်အပြစ်ရှိလား?ဝက်သားစားရင်အပြစ်ရှိလား…စသဖြင့်အလားတူဒွိဟဖြစ်စေတဲ့ပုစ္ဆာအဖြေကိုနားလည်လွယ်အောင်အချက်(၁၂)ချက်နဲ့ချပြပါမယ်။စာရှည်ပါမည်၊ဖတ်ဖို့မအားရင်ရှဲထားပါ။
၁။ခရစ်တော်အသေလာခံတာဟာလူတွေမလုပ်နိုင်တဲ့ကျမ်းဟောင်းပညတ်ကိုလာလုပ်ပေး(ပြည့်စုံစေဖို့)ပါ။ပြည့်စုံခြင်းသို့ ရောက်ခဲ့ပြီး သောပညတ်ဟောင်းဟာပြောင်းလဲခြင်းနဲ့ပယ်ရှင်းခြင်းသို့ရောက်ခဲ့ရတာပါ။ယေရှုကိုယုံကြည်ရင်ပညတ်ဟောင်းကို(ပညတ်သစ်ကိုမဆိုလို)အသေပြန်ကျင့်စရာမလိုတော့ပါ၊သင့်ထဲမှာလဲယေရှုကြောင့်ပြည့်စုံပြီမို့ပါ။ဥပမာ-ဆယ်တန်းအောင်ပြီးရင်ဆယ်တန်းစာထပ်ကျက်စရာမလိုတာနှင့်တူသည်။ဆယ်တန်းစာထဲကပါသောအရာများသည်လုံးဝထပ်ပြီးအသုံးမလိုတော့ဟုတော့မသက်ရောက်ပါ။
(ရှင်မဿဲ 5:17-18 ပညတ်ပယ်ဖျက်ဖို့ယေရှုလာတာမဟုတ်-ပြည့်စုံဖို့ယေရှုလာ-ပညတ်မပြည့်စုံမီမပျက်စီးရ။)
(ဟေဗြဲ 7:12 ယဇ်ပုရောဟိတ်အမျိုးသည် ပြောင်းလဲလျှင်၊ ပညတ်တရားသည် မပြောင်းလဲဘဲ မနေနိုင်ရာ။)
(ဟေဗြဲ 7:18-19ပညတ်တရားသည် အဘယ်သူကိုမျှ စုံလင်ခြင်းသို့ မပို့နိုင်သည်ဖြစ်၍၊ရှေးပညတ်တရားဟောင်းသည်၊ အားမရှိ၊ အကျိုးကို မပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ ရောက်ရ၏။ သို့သော်လည်း၊ သာ၍မြတ်သော မျှော်လင့်ခြင်းအခွင့်သည် နေရာကျ၏။ ထိုမျှော်လင့်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်းကပ်ရကြ၏။)ဆက်ဖတ်ကြည့်ရင်ထိုမျှော်လင့်ခြင်းဆိုတာခရစ်တော်ကိုပြောတာတွေ့ရပါမယ်။
ဒီထဲသေချာဖတ်ပါ-“ပြောင်းလဲခြင်းသို့၊ပယ်ရှင်းခြင်းသို့”။
၂။ပညတ်တော်ဆယ်ပါးလည်းချစ်ခြင်းမေတ္တာမှာပြည့်စုံသွားပြီမို့ပညတ်သစ်ကိုသာစောင့်ထိန်းရန်လိုအပ်ပါသည်။
(၂ကော 3:8-11 ကျောက်ပြားပေါ်၌ အက္ခရာတင်၍ ရေးထားသော သေခြင်း၏တရားသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသည်မှန်လျှင်၊ထိုမျှမက ဝိညာဉ်တော်တရားသည် ဘုန်းအာနုဘော်နှင့် အလွန်ပြည့်စုံရလိမ့်မည် မဟုတ်လော။…… ပယ်ရှင်းရသောအရာသည် ဘုန်းရှိလျှင်၊ တည်နေသောအရာသည်သာ၍ ဘုန်းရှိလိမ့်မည်။)
(ရောမ 13:8-9 သူတစ်ပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။အကြောင်းမူကား၊ သူ့မယားကို မပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ မမှန်သော သက်သေကို မခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တစ်ခု၌ အပါအဝင် ဖြစ်ကြ၏။)
သတိပြုဖတ်ရန်-ကျောက်ပြားပေါ်-ပယ်ရှင်းရသော-ပြည့်စုံပြီ။
၃။ကျမ်းဟောင်းဥပုသ်နေ့သည်အရိပ်ဖြစ်ပြီးခရစ်တော်သည်ကိုယ်ထည်ဖြစ်တာမို့၊ခရစ်တော်ရပြီးသူသည်အရိပ်ကိုထပ်ရှာရန်မလိုတော့ပြီ။
(ကောလောသဲ 2:16-17 ထိုကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြောမစီရင်စေနှင့်။ထိုအရာတို့သည်နောက်ဖြစ်လတ္တံ့သောအရာတို့၏အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ကိုယ်ဖြစ်၏။)
၄။နေ့ရက်ကိုစောင့်ခြင်းဆိုတဲ့တရားနုဘက်ပြန်မလှည့်ဖို့ကျမ်းစာကအထူးသတိပေးထားပါသည်။ဥပုသ်နေ့ကိုစောင့်ခြင်းဟာချမ်းသာမပေးနိုင်လို့ယေရှုလာလုပ်ပေးတာပါ၊ယေရှုကိုရပြီးဥပုသ်ထပ်စောင့်နေရင်ဒီကျမ်းစာကားသေချာဖတ်ပါ။
(ဂလာတိ 4:9-11 ယခုမူကားသင်တို့သည် ဘုရားသခင်ကို သိပြီးမှဟူ၍မဆို၊ ဘုရားသင်သည် သင်တို့ကို သိတော်မူပြီးမှ၊ အားမရှိ၊ ချမ်းသာမပေးနိုင်သော တရားနုဘက်သို့ အဘယ်ကြောင့် တစ်ဖန် ပြောင်းလဲကြသနည်း။ ထိုလောကီ တရား၌ တစ်ဖန် ကျွန်ခံခြင်းငှာ အလိုရှိကြပြီတကား။နှစ်၊လ၊နေ့ရက်၊အချိန်ကာလများကို စောင့်ကြပြီတကား။ငါသည်သင်တို့ဆီမှာ အချည်းနှီး ကြိုးစားအားထုတ်သည်ဟု သင်တို့၏အကြောင်းကြောင့် စိုးရိမ် လျက်ရှိ၏။)
၅။ပညတ်စောင့်နိုင်လို့(ဥပုသ်စောင့်နိုင်လို့)ဖြောင့်မတ်ခြင်း ရောက်တာမဟုတ်ပါ၊ဒါကြောင့်ဥပုသ်စောင့်ရအုံးမယ်ကျင့်နိုင်မှစောင့်နိုင်မှကယ်တင်ခြင်းရမယ်လို့ဟောနေခံယူနေသူတွေအတွက်ခရစ်တော်အသေခံတာအချည်းနှီးဖြစ်နေပေအုံးမည်။
(ဂလာတိ 2:21 ဘုရားသခင်၏ ကျေးဇူးတော်ကို ငါမပယ်။ ပညတ်တရားကို အမှီပြု၍ ဖြောင့်မတ်ရာသို့ ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းနှီး အသေခံတော်မူပြီ။)
(ရောမ 3:28ထိုကြောင့် လူမည်သည်ကား၊ ပညတ်တရား၏ အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တတ်သည်ဟုယူရ၏။)
၆။ဓမ္မသစ်ယုံကြည်သူများသည်ယေရှုခရစ်အားဖြင့်ပညတ်တရားလက်အောက်၌မရှိ၊ကျေးဇူးတရားလက်အောက်၌သာရှိသည်။ထိုကြောင့်ပညတ်တရားထက်ကျေးဇူးတရားရဲ့သွန်သင်ချက်ကိုသာလိုက်နာရပါမည်။
(ဂလာတိ 4:5 ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနုတ်စေခြင်းငှာ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဖွားမြင်ရသော သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။)
(ရောမ 6:14 ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက် ဖြစ်စေ၍၊ ဘုရားသခင်အား ဆက်ကြလော့။ သင်တို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။ )
၇။ယေရှုအားဖြင့်လွတ်မြောက်ပြီးမှကျမ်းဟောင်းပညတ်ဖြစ်တဲ့ဟိုဟာမစားရ၊ဒီဟာမမြည်းရဆိုတာတွေကိုဘာလို့ပြန်ခံယူနေကြတာလဲဆိုပြီးကျမ်းစာကသတိပေးထားပါတယ်။ဒါကြောင့်ကျမ်းဟောင်းထဲကမစားရပညတ်တွေနဲ့လူကိုထပ်မကိုင်ပေါက်ကြပါနဲ့တော့။
(ကောလောသဲ 2:20-22 သင်တို့သည် ခရစ်တော်နှင့်အတူသေ၍၊ လောကီတရားနုမှ စုတေကြသည်မှန်လျှင်၊မတို့နှင့်၊ မမြည်းနှင့်၊ မကိုင်နှင့်ဟူသော ပညတ်စကားကို လောကီအသက်ရှင်သေးသကဲ့သို့၊ အဘယ်ကြောင့် နားထောင်ကြသနည်း။လူတို့၏ ပညတ်ဩဝါဒအတိုင်း စောင့်ရှောက်သော ထိုပညတ်ရှိသမျှတို့သည် ပုပ်ပျက်စေခြင်းအကြောင်း ဖြစ်ကြ၏။)
၈။ဥပုသ်နေ့ရဲ့ရည်ရွယ်ချက်ကလူတွေကိုငြိမ်ဝပ်ချမ်းသာပေးဖို့ပါ။ဒါကြောင့်ဥပုသ်အနက်လည်းဘုရားသခင်ရဲ့ငြိမ်ဝပ်ချမ်းသာခြင်းပါဘဲ၊ဒါပေမဲ့ဓမ္မဟောင်းလူတွေကဥပုသ်နေ့ပညတ်ကိုအပြည့်မစောင့်ထိန်းနိုင်လို့ချမ်းသာမရနိုင်ခဲ့ကြတာမို့ယေရှုကိုယ်တိုင်အသေခံပြီးလာပေးခဲ့ရတာပါ။ဒါကြောင့်ယနေ့ယုံကြည်သူတွေလဲဥပုသ်နေ့ရဲ့ငြိမ်ဝပ်ချမ်းသာခြင်းကိုရဖို့ဆိုရင်ဥပုသ်ပညတ်စောင့်ဖို့မဟုတ်ဘဲယေရှုဘုရားကိုယုံကြည်လက်ခံမှရပါမယ်။ရပြီးသားသူများထပ်ရဖို့ဥပုသ်စောင့်ရန်မလိုတော့ပါ။
(ရှင်မဿဲ 11:28 ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။)
(ဟေဗြဲ 4:9-10ထိုကြောင့်၊ ဘုရားသခင်၏လူတို့အဖို့ အလိုငှာ ငြိမ်ဝပ်ခြင်း ချမ်းသာတစ်မျိုးသည် ကျန်ရစ်သေး၏။ဘုရားသခင်သည် မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေတော်မူသည်နည်းတူ၊ ထိုချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏။)
၉။ကျမ်းဟောင်းပညတ်ကိုအမှီပြုပြီးဟုတ်လှပြီထင်နေသူများအားလုံးကျိန်ခြင်းနဲ့စပ်ဆိုင်တယ်လို့သမ္မာကျမ်းစာကသတိပေးထားပါတယ်။ဒါကြောင့်ခရစ်တော်လုပ်ပေးခဲ့သောအရာကိုငါလုပ်နိုင်တယ်ထင်ပြီးမမိုက်ကြပါနဲ့တော့။
(ဂလာတိ 3:10 ပညတ်တရား၏အကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် အကျိန်နှင့် စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညတ္တိကျမ်းစာ၌ပါသမျှသော စကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာလာ၏။)
၁၀။ခရစ်တော်ပြည့်စုံစေခဲ့တာပညတ်တချို့ဘဲမဟုတ်ပါ၊ကျမ်းဟောင်းပညတ်ရှိသမျှကိုပြည့်စုံစေခဲ့တာပါ၊ဒါကြောင့်ကျမ်းဟောင်းပညတ်တခုတခုကျင့်ဖို့ကျန်နေသေးတယ်ဆိုပြီးလူကိုလိုက်မချည်နှောင်ပါနဲ့တော့။
(ရောမ 10:4 ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။ )
(ဧဖက် 2:15 ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကို ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်းတော်မူသဖြင့်၊ ပိုင်းခြားလျက်ရှိသော စပ်ကြား အုတ်တံတိုင်းနံရံကို ဖြိုဖျက်၍ လူမျိုးနှစ်စုတို့ကို တစ်စုတည်းဖြစ်စေတော်မူ၏။
၁၁။ဒါဆိုစနေနေ့မှာစည်းဝေးပြုတာအပြစ်ရှိလား?အဖြေကတော့ပညတ်လို့ခံယူပြီးကျင့်စောင့်နေတာမဟုတ်ဘဲသာမန်စည်းဝေးဝတ်ပြုရင်အပြစ်မရှိပါ။ယနေ့တိုင်ယုံကြည်သူတွေစနေနေ့မှာလဲအစာရှောင်ခြင်းဆုတောင်းစည်းဝေးစသဖြင့်ပြုလုပ်နေကြပါတယ်။ဘယ်နေ့မှာဝတ်ပြုပြုအပြစ်မရှိပါ။ဝတ်ပြုနေဖို့သာလိုပါသည်။သတိထားရမှာကစနေနေ့မှာဝတ်ပြုနေသူများကတခြားနေ့မှာဝတ်ပြုနေသူကိုလိုက်မတိုက်ခိုက်သင့်တာပါ။
(ရောမ 14:5-6 နေ့ရက်တစ်ရက်ထက်တစ်ရက် သာ၍မြတ်သည်ဟု လူအချို့ထင်တတ်၏။ လူအချို့မထင်။ လူတိုင်း မိမိစိတ်သဘောကျပါစေ။နေ့ရက်ကိုစောင့်သောသူသည် သခင်ဘုရားကို ထောက်၍ စောင့်၏။ နေ့ရက်ကို မစောင့်သောသူသည်လည်း၊ သခင်ဘုရားကို ထောက်၍ မစောင့်ဘဲနေ၏။ စားသောသူသည် သခင်ဘုရားကို ထောက်သောစိတ်နှင့် စား၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။ မစားသောသူသည်လည်း၊ သခင်ဘုရားကို ထောက်သောစိတ်နှင့် မစားဘဲနေ၍၊ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။)
၁၂။ဒါဆိုရင်ကျေးဇူးတော်ထဲမှာအပြစ်အားရပါးရလုပ်လို့ရပြီလား?မဟုတ်ရပါ၊သာ၍သခင့်ရဲ့ပညတ်သစ်မှာတည်နေရပါမယ်၊ကျမ်းသစ်မှာယေရှုခရစ်တော်ဘုရားဖော်ပြခဲ့တဲ့သခင့်ရဲ့ပညတ်တွေအပြည့်အဝလိုက်နာရပါမယ်။ကျမ်းသစ်မှာပြောတဲ့ပညတ်တွေဟာကျမ်းဟောင်းကပညတ်(၆၁၃)အပေါ်ပြန်လည်Updateလုပ်ထားတာသတိပြုပါမဟုတ်ရင်ပြည့်စုံပြီးသားဖြစ်တဲ့ယဇ်ပူဇော်ခြင်းနဲ့အရေဖျားပါလှီးနေရပါမည်။
(ရှင်ယောဟန် 14:21 ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော်မူ၏။)
နိဂုံး
စနေဥပုသ်နေ့သည်ပြည့်စုံသွားပြီမို့ထပ်စောင့်စရာမလိုသလိုမစောင့်လို့လဲအပြစ်မရှိပါ။ဥပုသ်နေ့ကိုစောင့်နိုင်မှ ဖြောင့်မတ်မယ်လို့ထင်နေသူများလည်းအလင်းမရ သေးပါ(အာရုဏ်မတက်သေး-ဟေရှာ၈:၂၀)။ဝက်သားစားလို့လည်းအပြစ်မရှိသလိုမစားလို့လည်းအပြစ်မရှိပါ။ဝက်သားစားခြင်းမစားခြင်းသည်သင့်ကျန်းမာရေးချင့်ချိန်ပြီးလွတ်လပ်စွာဆုံးဖြတ်နိုင်ပါသည်(ရောမ၁၄:၁-၃)။အကယ်၍ယနေ့ယုံကြည်သူတွေလည်းကျမ်းဟောင်းဥပုသ်ကိုစောင့်ရမယ်လို့ခံယူရင်-တခြားကျမ်းဟောင်းပညတ်ဖြစ်တဲ့ယဇ်ပူဇော်ခြင်းကအစအရေဖျားလှီးခြင်းအဆုံး(ပညတ်ပေါင်း၆၁၃ချက်အကုန်)ခံယူနေရပေမည်။ဒါကိုတချို့ကအရေဖျားလှီးခြင်းနဲ့ယဇ်ပူဇော်ခြင်းကခရစ်တော်၌ပြောင်းသွားပြီလေဟုကျမ်းစာအရခံယူတတ်ကြပါသည်။မှန်ပေသည်-သို့ပေမဲ့ဥပုသ်နေ့နဲ့အစားအစာဆိုင်ရာကိုတော့ဘာလို့ခရစ်တော်၌မပြည့်စုံနိုင်သေးကြတာလဲအံ့ဩမိပါသည်။အထက်ပါကျမ်းချက်တွေကိုသေချာလေ့လာလျှင်အလင်းရမည်ဟုမျော်လင့်မိပါသည်။