ခရစ်ယာန်စစ်ကြောင်းသက်သေ(၇)ချက်
၁။ယုံကြည်ခြင်း
ကောင်းကင်နိုင်ငံဝင်ဖို့အာမခံချက်ပါ၊ယုံကြည်ခြင်းမပါရင်ကောင်းကင်နိုင်ငံဝင်ရလိမ့်မည်မဟုတ်ပါ။ဒီယုံကြည်ခြင်းမှာယုံကြည်နေတာယေရှုခရစ်ဖြစ်ကြောင်းသက်သေကအရေးကြီးပါတယ်။
(ရှင်ယောဟန်ခရစ်ဝင် ၃:၁၆ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။)
၂။ချစ်ခြင်းမေတ္တာ
လူတစ်ယောက်လောကမှာအသက်ရှင်စဉ်ခရစ်ယာန်ဟုတ်မဟုတ်ဆိုတာစစ်ဆေးသိနိုင်ဖို့အရေးကြီးတဲ့အချက်ပါဘဲ။ဒီချစ်ခြင်းမေတ္တာရှိမှသာလျှင်ခရစ်ယာန်(ယေရှု၏နောက်လိုက်များ)လို့အတည်ပြုလို့ရမှာပါ။
(ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၄:၈ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။)
၃။ကတိသစ္စာ
ဒါဟာခရစ်ယာန်တစ်ယောက်ဘဝမှာအသက်ရှင်နေထိုင်တဲ့အချိန်အရေးကြီးတဲ့လူမှုဆက်ဆံရေးပါ။ကတိသစ္စာမတည်တဲ့သူဟာစစ်မှန်သောယုံကြည်သူမဖြစ်နိုင်သေးဘူးလို့ပြောရပါလိမ့်မယ်။
(သုတ္တံကျမ်း ၁၄:၅သစ္စာရှိသော သက်သေသည် မုသာမသုံးတတ်။ သစ္စာပျက်သော သက်သေမူကား၊ မုသာကိုသုံးတတ်၏။)
၄။ကောင်းမှုပြုခြင်း
ကောင်းမှုလုပ်လို့ကယ်တင်ခြင်းရတာမဟုတ်ပေမဲ့၊ကယ်တင်ခြင်းရပြီးသောယုံကြည်သူခရစ်ယာန်စစ်တစ်ဦးဟာ သူ့ဘဝသစ်အသက်တာမှာကောင်းသောအကျင့်ကိုပြုလုပ်မှာဧကန်ပါဘဲ။ဒါဟာခရစ်တော်၌အသစ်ပြုပြင်သောဘဝသစ်မှာဖြစ်တည်မဲ့အရာထဲကတခုမို့ပါ။
(ရှင်ပေတရုဩဝါဒစာ ပဋ္ဌမစောင် ၃:၁၃သင်တို့သည်ကောင်းသောတရားကို ကျင့်သောသူဖြစ်လျှင်၊ အဘယ်သူညှဉ်းဆဲမည်နည်း။ )
၅။စစ်မှန်သောစိတ်ထား
ခရစ်ယာန်ယုံကြည်သူတယောက်မှာကိုးကွယ်မှုကအရေးကြီးပါတယ်၊ဒီကိုးကွယ်မှုမှာဟန်ဆောင်ခြင်းကင်းပြီးစစ်မှန်သောစိတ်ထားရှိမှမှန်ကန်သောကိုးကွယ်မှုဖြစ်ပါလိမ့်မယ်။ဒါမှလည်းဘုရားသခင်နှစ်သက်သောကိုးကွယ်မှုဖြစ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဘုရားသခင်ဟာလူလိုအပြင်ပန်းဟန်ပန်ဘဲကြည့်သူမဟုတ်၊နှလုံးသားကိုထိုးဖောက်သိမြင်တဲ့ဘုရားမို့ပါ။
(ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၆:၇ထာဝရဘုရားက၊ သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေအားမိန့်တော်မူ၏။)
၆။နှိမ့်ချတတ်သောစိတ်
ခရစ်ယာန်အသက်တာမှာနှိမ့်ချတတ်ဖို့အရေးကြီးပါတယ်၊နှိမ့်ချတာနဲ့နှိမ့်ကျတာတော့မတူပါဘူး၊နှိမ့်ချခြင်းဆိုတာကိုယ့်ကိုကိုယ်မထောင်လွှားတတ်၊တကယ်ပညာရှိနေရင်တောင်မဝါကြွားတတ်သူဖြစ်တယ်။
(သုတ္တံကျမ်း ၁၈:၁၂ပျက်စီးခြင်းအရင်၌ လူသည် စိတ်မြင့်ခြင်း၏နေရာ၊ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာ ရှိ၏။
ရှင်မဿဲခရစ်ဝင် ၂၃:၁၂အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ရောက်လတံ့။ အကြင်သူသည် မိမိကို နှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတံ့။)
၇။တလုံးတဝစည်းလုံးခြင်း
စည်းလုံးခြင်းသည်အင်အားဆိုတာထက်သမ္မာတရားအရအိမ်ထောင်နဲ့အသင်းတော်မှာမရှိမဖြစ်တဲ့အရာဖြစ်ပါတယ်၊အိမ်ထောင်မှာစည်းလုံးရင်အရာရာအဆင်ပြေနေတတ်ပြီး၊အသင်းတော်မှာတလုံးတဝစည်းလုံးနေရင်တိုးတက်အောင်မြင်ပါလိမ့်မည်၊ဒီစည်းလုံးခြင်းရဖို့ယနေ့”သင်နှင့်ကျွန်ုပ်”ကနေအစပြုသင့်ပါတယ်။
(ဆာလံကျမ်း ၁၃၃:၁ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော် ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့်တယ် လျောက်ပတ်ပေ၏။
ရောမဩဝါဒစာ ၁၂:၁၆အချင်းချင်းစိတ်သဘော တညီတညွတ်တည်း ရှိကြလော့။ ဂုဏ်စည်းစိမ်ကိုငဲ့ကွက်ခြင်းမရှိကြနှင့်။ နှိမ့်ချသောသူတို့ကို အပေါင်းအဘော်လုပ်ကြလော့။ ငါသည် ပညာရှိ၏ဟု ကိုယ်ကိုမထင်ကြနှင့်။ )
အထက်ပါအရာ၇ချက်နဲ့ပြည့်စုံသောသူဟာသူ့ပုံသက်သေအားဖြင့်ဧဝံဂေလိလုပ်နေပြီးဖြစ်သည်။