ဗတ္တိဇံမခံဘဲပွဲတော်စားလို့ရပါသလား?
အဖြေ…
ယနေ့အသင်းတော်မှာဗတ္တိဇံနဲ့ပတ်သက်ပြီးအစွန်းနဲနဲရောက်သူနှစ်မျိုးရှိပါတယ်…
A။ဗတ္တိဇံကိုအထူးအရေးပေးလွန်းလို့ဗတ္တိဇံခံမှကယ်တင်ခြင်းရမယ်ဆိုသူတွေ။
B။ဗတ္တိဇံကိုတန်ဖိုးမထားဘဲမခံလဲရတယ်ဆိုပြီးဥပေက္ခာပြုထားသူတွေ။
၁။သမ္မာကျမ်းစာအနေနဲ့ပြောရမယ်ဆိုရင်ဗတ္တိဇံခံခြင်းမခံခြင်းကကယ်တင်ခြင်းရနိုင်မရနိုင်နဲ့လုံးဝမဆိုင်ပါဘူး၊ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရတာပါ(ဧဖက်၂:၈-၉)။အကယ်၍ပတ္တိဇံကြောင့်ရမယ်ဆိုရင်အကျင့်ပါသွားပါပြီ။သခင်ယေရှုနဲ့အတူကားတိုင်ပေါ်ကလူဆိုးဟာဗတ္တိဇံမခံခဲ့ဘူး၊ဒါပေမဲ့သမ္မာကျမ်းစာ(လုကာ၂၃:၄၃)အရသူကယ်တင်ခြင်းရသွားကြောင်းတွေ့ရပါတယ်။ဒါကြောင့်ဗတ္တိဇံသည်ကယ်တင်ခြင်းနှင့်မဆိုင်၊ခရစ်ယာန်အသက်တာအစပြုဖို့ဝန်ခံခြင်းသာဖြစ်သည်။
၂။ဗတ္တိဇံသည်ကယ်တင်ခြင်းနှင့်မဆိုင်ဘူးဆိုပေမဲ့ကယ်တင်ခြင်းရသောသူတိုင်းလုပ်မဲ့အရာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဗတ္တိဇံသည်ကိုယ်ရထားတဲ့ကယ်တင်ခြင်းကိုမြင်နိုင်သောသက်သေတခုအဖြင့်သက်သေတည်စေတာဖြစ်ပါတယ်။ခရစ်တော်ကလည်း(မဿဲ၂၈:၁၉)မှာမဟာစေစားချက်ပေးတဲ့အခါဧဝံဂေလိဟောဖို့နဲ့ယုံကြည်လာသူတိုင်းကိုဗတ္တိဇံပေးဖို့နဲ့ဩဝါဒပေးဖို့သေချာမိန့်မှာခဲ့ပါတယ်၊တပည့်တော်တွေလဲထိုအတိုင်းလုပ်ဆောင်ခဲ့ပါတယ်(တမန် ၂:၄၁၊၈:၁၁၊၈:၃၆)။နောက်ဆုံးကုန်ကုန်ပြောရရင်ယေရှုကိုယ်တိုင်ပုံသက်သေအဖြစ်ဗတ္တိဇံခံပြခဲ့ပါပြီလေ၊ဘာလို့ကျွန်တော်တို့ကဗတ္တိဇံမခံဘဲနေကြပါသလဲ?ဆိုတော့ဗတ္တိဇံသည်ကယ်တင်ခြင်းနဲ့တိုက်ရိုက်မဆိုင်ပေမဲ့နာခံခြင်းနဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်၊ခရစ်တော်နဲ့အတူသေပြီး၊သဂြိုလ်ပြီး၊ရှင်ပြန်ထမြောက်ပြီး၊အသစ်သောအသက်တာရရှိခြင်းကိုပုံဆောင်တာဖြစ်တယ်။ဒါကြောင့်ကယ်တင်ခြင်းရသူတစ်ယောက်ဟာခရစ်တော်ရဲ့စကားကိုမနာခံဘဲမနေနိုင်ရာ။ဥပမာတခုပေးချင်ပါတယ်၊အိမ်ထောင်တခုဖြစ်တည်လာဖို့အရေးကြီးဆုံးဟာချစ်ခြင်းမေတ္တာပါ၊ဒါပေမဲ့သင်ဟာအိမ်ထောင်ပြုတော့မယ်ဆိုပြီး”ချစ်မေတ္တာရှိရင်ရပြီမင်္ဂလာဆောင်စရာမလိုဘူး”လို့လုပ်နေရင်တော့အမှားကြီးမှားနိုင်ပါပေတယ်။ထို့အတူဗတ္တိဇံတော့မခံချင်ဘူးပွဲတော်တော့စားချင်တယ်ဆိုတာဟာလဲတနည်းအားဖြင့်အတူတော့နေချင်တယ်အများရှေ့မှာတော့မင်္ဂလာမဆောင်ချင်ဘူးရလားဆိုတာနဲ့ဆင်တူနေပါတယ်။တကယ်တော့ဗတ္တိဇံမင်္ဂလာဆိုတာအပြင်ပန်းလုပ်ရပ်တခုသာဖြစ်ပေမဲ့ပုံဆောင်ခြင်းကနက်နဲပါတယ်၊ဘုရားရှေ့လူရှေ့စာတန်ရှေ့မှာကိုယ့်ရဲ့ယုံကြည်ချက်ကိုကြောငြာသက်သေထူပြလိုက်တာဖြစ်ပါတယ်။အတွင်းပိုင်းမှာစပြီးဖြစ်တည်တဲ့အရာကိုအပြင်ပိုင်းမှာလာကြေငြာတဲ့သဘောပါ။ဒါကြောင့်ယုံကြည်ပြီးကယ်တင်ခြင်းရသောသူများဟာဗတ္တိဇံကိုဘယ်တော့မှမေ့ထားမည်မဟုတ်ပါ၊အများရှေ့မှာခရစ်တော်ကိုဝန်ခံဖို့အချိန်စွဲနေမည်မဟုတ်ပါ(မသဲ၁၀:၃၂-၃၃)။
၃။ဗတ္တိဇံမခံဘဲပွဲတော်ဝင်စားလို့ရသလားမေးရင်၊သမ္မာကျမ်းစာအရယုံကြည်သူများအားလုံးစားလို့ရပါတယ်၊ဒါပေမဲ့ဒီပွဲတော်စားသုံးတဲ့ယုံကြည်သူတိုင်းသည်ဗတ္တိဇံခံပြီးသူများဖြစ်ရပါမယ်။ဒါကြောင့်ဗတ္တိဇံနှစ်ခြင်းမခံဘဲပွဲတော်စားနေသူဟာအထူးအရေးကြောင့်မဟုတ်ရင်မစားသင့်ပါ။ဘာကြောင့်လဲဆိုတော့စစ်မှန်သောယုံကြည်သူတိုင်းဟာဗတ္တိဇံခံသောသူများဖြစ်ကြောင်းသတိပြုစေချင်ပါတယ်။ခရစ်တော်ကိုတကယ်ယုံကြည်ရင်ဗတ္တိဇံကိုလဲဧကန်ခံကြမှာပါ။ယုံကြည်ခြင်းကိုအများရှေ့မချပြရဲသောသူများဟာတကယ်ကောယုံကြည်လားဆိုတာသံသယဝင်စရာဖြစ်ပေသည်။တမန်၂:၃၇-၄၇မှာပထမဦးဆုံးပွဲတော်ဝင်စားသူများဟာဗတ္တိဇံခံပြီးသောသူများဖြစ်ကြကြောင်းသိရပါသည်။တမန်တော်တွေ ကတော့အထူးရွေးကောက်ထားသူမို့ခရစ်တော်ကိုယ်တိုင်ဝိညာဥ်တော်နဲ့မီးနဲ့ဗတ္တိဇံပေးပြီးသားပါ(တမန်၁း၅)။နောက်တစ်ယောက်အနေနဲ့ အကယ်၍ကားတိုင်ပေါ်ကကယ်တင်ခြင်းရသွားတဲ့လူဆိုးဟာသူ့မှာနောက်ဆုံးအချိန်(အခွင့်ရေး)သာရခဲ့လျှင်ပထမဦးဆုံးလုပ်မှာကဗတ္တိဇံခံမှာဧကန်မုချပါဘဲ။ဆိုတော့သေခြင်းမှတပါးကျွန်တော်တို့ကိုဗတ္တိဇံမခံဘဲတားဆီးနိုင်တာမရှိပါ။ထိုကြောင့်ယနေ့ဗတ္တိဇံမခံသေးသောယုံကြည်သူများဆင်ခြင်ရမည်မှာဘယ်အရာသည်ကျွန်ုပ်ဗတ္တိဇံခံဖို့တားဆီးနေသနည်းဟူ၍ပင်။
(၁ကော ၁၁:၂၇ ထိုကြောင့် သခင်ဘုရား၏ မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။)
Ye Ming(ပတ္တမြားမြေ)