• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဘုရားအိမ်တော်သားတိုင်းရဲ့တာဝန်(၄)ရပ်

ဆရာရဲမင်း

10 月 24, 2024

ဘုရားအိမ်တော်သားတိုင်းရဲ့တာဝန်(၄)ရပ်
(အခြေပြုကျမ်း-၁တိ ၃:၁၄-၁၅)

နိဒါန်း
လူတိုင်းလူတိုင်းမှာမတူညီတဲ့အိမ်၄မျိုးရှိကြမှာပါ၊မိမိနေတဲ့အိမ်၊မိမိနေတဲ့နိင်ငံ၊နောက်ပြီးလောကအိမ်နဲ့ထာဝရဖြစ်တဲ့ငရဲသို့မဟုတ်ကောင်းကင်ရွှေပြည်တို့ဘဲဖြစ်ပါတယ်။အကယ်၍ဒီဘဝမှာခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံယုံကြည်ခဲ့ပြီဆိုရင်ကျွန်ုပ်တို့အတွက်နောက်ထပ်အိမ်တခုတိုးလာပါလိမ့်မယ်၊အဲဒါကတော့အသင်းတော်မိသားစုဘဲဖြစ်ပါတယ်။ဒါကြောင့်လဲယနေ့ယုံကြည်သူအချင်းချင်းညီကိုမောင်နှမလို့ခေါ်ဆိုကြတာပေါ့။ဆိုတော့အသင်းတော်ဆိုတာနောင်တချိန်ထာဝရကောင်းကင်မှာအသက်ရှင်ဖို့ခုကတည်းကယုံကြည်သူတွေနဲ့အသက်ရှင်ကြည့်နေတာလဲဖြစ်ပါတယ်။ဒါဆိုရင်ဘုရားသခင်ရဲ့အိမ်တော်ထဲမှာမိသားစုဝင်တစ်ယောက်အနေနဲ့ဘာတာဝန်တွေရှိနေသလဲဆိုတာဒီနေ့မနက်အချက်(၄)ချက်နဲ့ဝေငှချင်ပါတယ်။

၁။ဘုရားအိမ်တော်ကိုအမြဲသတိရပါ။(၁ကော16:19-20)
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၆:၂၀မှာ ညီအစ်ကိုအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။လို့ဖော်ပြထားပါတယ်၊ဓမ္မသစ်စာစောင်တွေမှာညီကိုမောင်နှမချင်းအမြဲသတိယနုတ်ဆက်ကြတာအများကြီးမှတ်သားထားပါတယ်၊ဒါဟာအသင်းတော်မိသားစုဝင်တစ်ယောက်အနေနဲ့ဒီအိမ်ကိုအမြဲသတိယနေဖို့ဖော်ပြနေတာပါ။အသင်းတော်ဆိုတဲ့ဘုရားအိမ်နဲ့သင်ဘယ်လောက်ဝေးနေပါစေ၊နီးနေပါစေ၊ဘယ်လောက်ကြာကြာဘုရားအိမ်တော်မရောက်ခဲ့တာဘဲဖြစ်ပါစေ၊အမြဲတမ်းရောက်နေကျဖြစ်ပါစေ၊ဒီအိမ်တော်ကိုစိတ်ထဲသတိရနေဖို့ဂရုစိုက်ဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ခရီးရှည်ထွက်နေတဲ့သူတွေမိမိနေအိမ်ကိုလွမ်းတတ်သလို၊အသင်းတော်ဆိုတဲ့မိသားစုကြီးကိုလဲမမေ့ပါနဲ့။ဒီနေရာမှာပိုမိုရှင်းလင်းအောင်ပြောချင်တဲ့အရာကအသင်းတော်ဆိုတာအဆောက်အအုံတခုမဟုတ်ပါဘူး၊အသင်းတော်ဆိုတာမြင်နေရတဲ့ဘုရားကျောင်းကိုပြောခြင်းလဲမဟုတ်ပါဘူး၊အသင်းတော်ဆိုတာယုံကြည်သူလူတွေကိုပြောနေခြင်းဖြစ်ပါတယ်၊ယုံကြည်သူများရဲ့ပတ်သက်မှုစုဝေးမှုတလုံးတဝဖြစ်မှုဟာအသင်းတော်ဘဲဖြစ်ပါတယ်။ဒီမိသားစုကြီးရဲ့အုပ်ထိန်းသူကအမှုတော်ဆောင်မဟုတ်ပါ၊သခင်ယေရှုခရစ်တော်ဖြစ်ပါတယ်၊အမှုတော်ဆောင်ဆိုတာလဲယေရှုရဲ့သိုးဖြစ်သလိုမိသားစုဝင်သာဖြစ်ပါတယ်။အုပ်ထိန်းသူကသူတို့ကိုပြန်လည်ရွှေးကောက်ပြီးတာဝန်ပေးထားတာဘဲဖြစ်ပါတယ်။ဆိုတော့အချင်းချင်းအမြဲသတိရပါမမေ့ပါနဲ့ဆိုတာတပတ်တခါတွေ့မှမိသဟာယဖွဲ့တာမဟုတ်ဘဲအမြဲတမ်းဂရုစိုက်ပေးဖို့နဲ့ရိုင်းပင်းကူညီခြင်းတွေရှိဖို့ကိုဆိုလိုတာဖြစ်ပါတယ်။ဒါဟာဘုရားမိသားစုဝင်တဦးရဲ့ပထမရှိရမဲ့တာဝန်ပါ။

၂။အချိန်မှန်မှန်အိမ်ပြန်ပါ။(ဟေဗြဲ10:25)
ဟေဗြဲဩဝါဒစာ၁၀:၂၅ထဲမှာအချင်းချင်းစည်းဝေးခြင်းအမှုကိုမရှောင်မလွှဲကြနှင့်။အချင်းချင်းတို့ကိုတိုက်တွန်းနှိုးဆော်ကြလော့၊ကာလအချိန်ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့။လို့ဆိုပါတယ်။ကျမ်းချက်ဖော်ပြချက်ကအင်မတန်ရှင်းလှပါတယ်၊ဘုရားဝတ်ပြုတဲ့စည်းဝေးကိုမရှောင်မလွဲပါနဲ့တဲ့၊သဘောကတော့အသင်းတော်မှာပြုလုပ်တဲ့ဝတ်ပြု ခြင်းတခုဆီတိုင်းကိုမှန်မှန်ပါဝင်ဖို့ပါဘဲ။အပြင်လောကမှာစုံစမ်းခြင်းတွေနဲ့၊စားဝတ်နေရေးနဲ့မောပမ်းနွမ်းနယ်လာတဲ့အခါ၊ဝန်လေးပြီးပင်ပန်းလာတဲ့အခါယေရှုခရစ်တော်အုပ်ထိန်းတဲ့အိမ်တော်ဆီအမြန်လှမ်းခဲ့ပါညီကိုမောင်နှမတို့။တခါတလေအသင်းတော်မိသားစုဝင်အချင်းချင်းကြောင့်အိမ်မပြန်ချင်ဘဲဖြစ်နေတတ်ပေမဲ့ဘုရားသခင်ကတော့သင့်ကိုအိမ်ပြန်လာဖို့အမြဲစောင့်ကြိုနေပါတယ်။အိမ်ကိုအချိန်မှန်မှန်ပြန်နိုင်သောသူများဖြစ်ကြပါစေ၊ဒါဟာမိသားစုဝင်တဦးရဲ့တာဝန်ဝတ္တရားလဲဖြစ်ပါတယ်။

၃။ဘုရားအိမ်တော်အပေါ်သစ္စာရှိပါ(ဟေဗြဲ3:1-6)
ဟေဗြဲဩဝါဒစာ ၃:၂ထဲမှာ မောရှေသည် ဘုရားသခင်၏ အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်သကဲ့သို့၊ ယေရှုသည် မိမိကို ခန့်ထားတော်မူသောသူ၏ အမှုတော်၌ သစ္စာစောင့်တော်မူ၏။လို့ဖော်ပြထားပါတယ်၊ရှေးဘိုးဘေးတွေကအစယေရှုခရစ်အဆုံးဘုရားသခင်ရဲ့အိမ်တော်အပေါ်သစ္စာစောင့်သိခဲ့ကြပါတယ်။ဒါကြောင့်ယနေ့အသင်းတော်မိသားစုဝင်တွေအားလုံးရဲ့တာဝန်ဟာဒီအိမ်ကိုချစ်ဖို့၊သစ္စာရှိဖို့ဖြစ်ပါတယ်။ယေရှုခရစ်တော်ပေးခဲ့တဲ့စံနမူနာကိုအတုယူပြီးအသင်းတော်မှာမောရှေလိုသစ္စာစောင့်သိကြပါစို့။၁ပေ၄:၁၀ထဲကဖော်ပြထားတဲ့အတိုင်းကျွန်တော်တို့ခံရစားရတဲ့ဆုကျေးဇူးအသီးသီးနှင့်အညီ၊ဘုရားသခင်၏သစ္စာရှိသောဘဏ္ဍာစိုးကောင်းဖြစ်ကြပါစို့။

၄။ဘုရားအိမ်တော်ကိုလှုဒါန်းထောက်ပံ့ပါ။(မာလခိ3:10)
အသင်းတော်ကိုထောက်ပံ့လှူဒါန်းဖို့မိသားစုဝင်ဖြစ်တဲ့ယုံကြည်သူတိုင်းမှာတာဝန်ရှိပါတယ်။မာလခိအနာဂတ္တိကျမ်း၃:၁၀ထဲမှာတော့ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း ၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါ ပြုကြလော့။ ငါ သည် မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။လို့အတိအလင်းကြေငြာထားပါတယ်။
ယနေ့ယုံကြည်သူတွေအသင်းတော်ကိုပေးလှူခြင်းဟာဘုရားငွေလိုနေလို့မဟုတ်ပါ၊ဘုရားကသင့်ကိုကောင်းကြီးပေးချင်လွန်းလို့သူ့ကိုစမ်းသပ်ခိုင်းတဲ့မဟာအခွင့်အရေးဖြစ်ပါတယ်။လှူဒါန်းတယ်လို့ပြောတဲ့အခါမှာကိုယ့်ဝင်ငွေထဲကနေ၁၀ဘို့ထဲကတဘို့ထက်မနည်းစေရပါဘူး။ဘာကြောင့်လဲဆိုတော့ဓမ္မဟောင်းမှာ၁၀/၁သာတောင်းပေမဲ့လဲဓမ္မသစ်ရောက်လာတဲ့အခါ၁၀/၁မဟုတ်တော့ဘဲအကုန်ပေးလှူခိုင်းပါတော့တယ်။ဒါကြောင့်မပေးမရဆိုပြီးအတင်းလှူဒါန်းတာမျိုးမဟုတ်ဘဲ၊ဘုရားသခင်ကိုကျေးဇူးတင်သောစိတ်နဲ့၊မိသားစုဝင်တစ်ယောက်အနေနဲ့အိမ်အပေါ်ပြုရမဲ့တာဝန်ကိုသိတတ်တဲ့စိတ်နဲ့လှူဒါန်းပါ၊ဘာကြောင့်လဲဆိုတော့ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၉:၇မှာလူတိုင်း ကိုယ်အလိုအလျှောက်လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသော သူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။လို့သွန်သင်ထားပါတယ်။ယနေ့ကျွန်တော်တို့ရဲ့အသင်းတော်မိသားစုကြီးဆင်းရဲနေသလား၊ဘာလိုအပ်နေသလဲ၊အမှုတောင်ဆောင်တွေဝလင်စွာစားနေရသလားဆိုတာသေချာကြည့်ရှုပြီးမတူညီတဲ့အခန်းဂဏမှာပေးလှုထောက်ပံ့ကြဖို့နိုးဆော်လိုက်ပါရစေ။

နိဂုံး
ယနေ့အသင်းတော်ဆိုတာဘုရားရဲ့အိမ်တော်ဆိုရင်၊ကျွန်တော်တို့ဟာအိမ်မိသားစုဝင်တွေဖြစ်တယ်ဆိုရင်၊ယနေ့ကျွန်တော်တို့ရဲ့တာဝန်ကအိမ်ကိုအမြဲသတိယဂရုစိုက်ဖို့ဖြစ်ပါတယ်၊အချိန်မှန်မှန်အိမ်ပြန်လာဖို့လဲမမေ့ပါနဲ့၊အိမ်အပေါ်သစ္စာစောင့်သိပြီးပေးလှူထောက်ပံ့သွားဖို့ကျွန်တော်တို့တတွေရဲ့တာဝန်ဘဲဖြစ်ကြောင်း၊ဒီလိုမှသာလျှင်ဒီအိမ်တော်ကြီးဟာနိုးထတိုးတက်လာမှာဖြစ်ကြောင်းဝေငှတိုက်တွန်းခွန်အားပေးလိုက်ရပါတယ်။နားဆင်သူအယောက်ဆီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။