• 周五. 4 月 24th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မဟာစေစားချက်

ဆရာရဲမင်း

10 月 24, 2024

မဟာစေစားချက်

နိဒါန်း
မဟာစေစားချက်ဆိုတာသခင်ယေရှုခရစ်တော်ကောင်းကင်ပေါ်မတတ်ကြွသေးခင်တပည့်တော်တွေကိုပေးခဲ့တဲ့တာဝန်(ရှင်မဿဲခရစ်ဝင်28:19-20)ကနေဆင်းသက်လာတာဖြစ်ပါတယ်။အထူးသဖြင့်ဧဝံဂေလိဟောဖို့အရပ်ရပ်သို့သွားဖို့၊ခမည်းတော်သားတော်သန့်ရှင်းသောဝိညာဉ်တော်နဲ့ဗတ္တိဇံပေးဖို့၊ဗတ္တိဇံပေးပြီးတဲ့ယုံကြည်သူတိုင်းကိုဆုံးမဩဝါဒပေးပြီးလူသားတိုင်းကိုတပည့်တော်ဖြစ်စေဖို့ဘဲဖြစ်ပါတယ်။ဒီပို့စ်မှာမဟာစေစားချက်အကြောင်းများကိုတခုခြင်းဝေငှခွန်အားပေးချင်ပါတယ်။

၁။စေခိုင်းသူနှင့်နာခံသူ
မဟာစေစားချက်ဆိုတာကိုစကားလုံးအရနားလည်ရရင်ကြီးမားသောတာဝန်ကိုပေးအပ်ခြင်းလို့သက်ရောက်ပါတယ်။ဆိုတော့ဒီစကားလုံးမှာအမိန့်ပေးသူနဲ့နာခံသူရှိနေရပါတယ်။ဒါကြောင့်ရှင်မဿဲ၂၈: ၁၈-၂၀ထဲကမဟာစေစားချက်ရဲ့စေခိုင်းသူကရှင်ပြန်ထမြောက်သောသခင်ယေရှု၊စီရင်ပိုင်သသောတန်ခိုးရှိသူ၊ဘုရင်တကာဘုရင်အရှင်တကာအရှင်၊မနေ့ယနေ့နောင်ကာလထာဝရတည်ရှိနေတဲ့ဘုရားဖြစ်ပါတယ်။နာခံသူတွေကတော့ပည့်တော်တွေကအစခရစ်တော်နောက်လိုက်သူယုံကြည်သူအားလုံးဘဲဖြစ်ပါတယ်။

၂။စေစားခြင်းအကြောင်းအရာ
အဓိကရည်ရွယ်ချက်ကလူတိုင်းကိုတပည့်တော်စစ်များဖြစ်စေဖို့ရန်ဖြစ်ပါတယ်။ယုံကြည်သူဖြစ်ပြီးအဲဒီအဆင့်မှာဘဲကျေနပ်ရပ်တန့်နေဖို့ရန်မဟုတ်ဘဲနဲ့ထပ်ဆင့်တည်ဆောက်ပြီးတပည့်တော်စစ်ဖြစ်ဖို့ရန်သခင်အမိန့်ပေးခဲ့တာပါ။လူတိုင်းတပည့်တော်စစ်ဖြစ်ခဲ့ရင်သခင့်အတွက်အရာရာစွန့်လွတ်နိုင်မှာဖြစ်သလို၊သခင့်စကားကိုလဲအမြဲနာခံတတ်သူဖြစ်လာမှာပါ။ယနေ့အသင်းတော်တွေမှာအထူးသဖြင့်အသင်းသားဦးရေကိုသာနှစ်သက်နေကြပါတယ်၊ဒါပေမဲ့ကျွန်ုပ်တို့သိရမှာကသင်းသားဘယ်လောက်များနေပါစေတပည့်တော်စစ်လုပ်မည့်သူသာမရှိခဲ့ဘူးဆိုရင်အရေအတွက်ဟာအရေခွံဘဲရှိပါလိမ့်မယ်။ဒါကြောင့်အသင်းသားများဖို့ထက်အသင်းသူအသင်းသားတိုင်းသခင်တပည့်တော်စစ်ဖြစ်ဖို့အရေးကြီးပါတယ်။

၃။အဓိကလုပ်စေသောအရာ
က။သွားရမယ်
ဒီနေရာမှာ“သွား”ဆိုတဲ့မူရင်းစကားလုံးဟာဂရိလိုporeuomaiဖြစ်တယ်၊အဓိပ္ပာယ်ဟာလှုပ်ရှားရမယ်ဆိုတဲ့ကြိယာစကားလုံးဖြစ်တယ်၊ဧဝံဂေလိလုပ်တဲ့နေရာမှာဦးနှောက်ထဲကဘဲမဟုတ်၊ပညာတတ်ထားခြင်းဘဲမဟုတ်၊အပြောတတ်ခြင်းဘဲမဟုတ်၊တကယ့်လက်တွေ့လုပ်ရှားခြင်းဖြစ်ပါတယ်။ဒါကြောင့်ဝံဂေလိလုပ်ဖို့ရန်ကိုယ့်အသင်းတော်မှာဘဲမဟုတ်၊တရားဟောဖို့ရန်ဘုရားကျောင်းမှာဘဲမဟုတ်၊အပြင်သို့ထွက်သွားပြီးဟောဖို့လဲလုပ်ရပါလိမ့်မည်။သွားရမယ်လို့ပြောလိုက်တဲ့အခါအသင်းတော်ကိုပစ်ခဲ့ပြီးအဝေးကြီးကိုသွားရမည်လို့မဆိုလို၊အသင်းတော်မှာသိုးထိန်းဖို့အရေးကြီးသလိုသိုးပွားများလာဖို့အပြင်ကိုမကြာခနသွားဖို့လဲအရေးကြီးကြောင်းပါ။ဆိုတော့တတ်နိုင်တဲ့ဖက်မှအချိန်ယူပြီးတမန်တော်၁: ၈ထဲကသွန်သင်မှုအတိုင်းကိုယ့်အနီးနားကနေစတင်သွားရပါမယ်၊ပြီးမှနေရာတကာဧဝံဂေလိမကြားရသေးသောနေရာဒေသဆီသို့သွားရမည်ဖြစ်ပါသည်။ဒီနေရာမှာအထူးသဖြင့်အွန်လိုင်းဧဝံဂေလိလုပ်ခြင်းသည်ပိုထိရောက်ပြီးအင်မတန်အရေးပါနေကြောင်းစာရေးသူမြင်မိပါသည်။
ခ။ဗတ္တိဇံပေးရမယ်
ဧဝံဂေလိသာသနာလုပ်ဖို့သွားရတဲ့ဦးတည်ချက်ဟာလူတိုင်းကိုတပည့်တော်စစ်ဖြစ်စေဖို့ပါ၊ထိုကြောင့်သွားပြီးဧဝံဂေလိဝေငှလိုက်လို့ယုံကြည်လက်ခံသူရှိလာတဲ့အခါဒီလူတွေကိုသုံးပါးတစ်ဆူဘုရားနာမနဲ့ဗတ္တိဇံပေးဖို့သခင်သေချာမိန့်မှာခဲ့ပါတယ်။ဗတ္တိဇံခံယူခြင်းဆိုတာလူတစ်ယောက်ကယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံခြင်းကိုအပြင်ပန်းသဏ္ဍာန်အားဖြင့်ဘုရားရှေ့လူရှေ့မှာသက်သေထူခြင်းဖြစ်ပါတယ်။ရေထဲမြုပ်ခြင်းဟာခရစ်တော်နှင့်အတူသေပြီးအတူသင်္ဂြိုဟ်ခြင်းခံကြောင်း နှင့် ရေပေါ်သို့ပြန်ထလာခြင်းဟာခရစ်တော်နဲ့အတူရှင်ပြန်ထမြောက်ကြောင်းကို သက်သေထူခြင်းဖြစ် ပါသည် (ရောမ၊ ၆း၃-၄) ။
ဂ။ဆုံးမဩဝါဒပေးရမယ်
မဟာစေစားချက်ထဲမှာအရေးကြီးတဲ့အပိုင်းနှစ်ပိုင်းရှိပါတယ်၊အဲဒါကတော့ဧဝံဂေလိလုပ်ခြင်းနဲ့ယုံကြည်လာသူကိုဗတ္တိဇံပေးပြီးဆက်လက်ရည်ရှည်ဆုံးမဩဝါဒပေးခြင်းဘဲဖြစ်ပါတယ်။ထိုကြောင့်တခုဘဲလုပ်ပြီးကျန်တခုကိုဥပေက္ခာပြုထားရင်တာဝန်ပြီးပြီလို့မပြောနိုင်ပါ။ဧဝံဂေလိတော့လုပ်ပြီးယုံကြည်လာသူကိုသေချာမသွန်သင်မစောင့်ရှောက်ရင်ကလေးမွေးပြီးပစ်ထားတာနဲ့တူပါတယ်။ဒါကြောင့်သခင့်ရဲ့မိန့်မှာမှုအရသခင်ပေးခဲ့သောနူတ်ကပတ်တော်အားလုံးကိုဆုံးမဩဝါဒပေးဖို့အလွန်အရေးကြီးလှပါပေတယ်။

၄။မဟာစေစားချက်လုပ်ဆောင်သူအတွက်ကတိတော်
သခင်ယေရှုခရစ်တော်မိန့်မှာပေးခဲ့တဲ့အထက်ပါမဟာစေစားချက်ကိုလုပ်ဆောင်သောသူတိုင်းအတွက်၊သခင်ယေရှုကိုယ်တိုင်ဒီလိုလူတွေနဲ့ကပ်ကမ္ဘာကုန်သည့်တိုင်အောင်အစဉ်မပြတ်အတူရှိမယ်လို့ကတိတော်ပေးခဲ့ပါတယ်။ဒီကတိတော်ဟာသမိုင်းမှာသက်သေထူခဲ့ပြီဖြစ်သလိုလက်ရှိတပည့်တော်စစ်အားလုံးပေါ်မှာလဲသက်သေထူနေဆဲဖြစ်ပြီး၊ရှေ့လျှောက်ကပ်ကမ္ဘာကုနာသည့်တိုင်အောင်သက်သေများဖြစ်လာမည်မှာဧကန်မုချဖြစ်ပါသည်။

နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊မဟာစေစားချက်ကိုလုပ်ဆောင်ဖို့တာဝန်ဟာဓမ္မအမှုတော်ဆောင်များသာမဟုတ်ရပါဘူး၊ယုံကြည်သူတိုင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။ယနေ့သင်ဟာယုံကြည်သူခရစ်ယာန်တစ်ယောက်ဆိုရင်တပည့်တော်စစ်ဖြစ်ပြီးမဟာစေစားချက်ကိုယခုကစပြီးပါဝင်ကြပါစို့။

ကျမ်းချက်
ရှင်မဿဲခရစ်ဝင် ၂၈:၁၈ -၂၀ ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ စီရင်ပိုင် သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ၏။