မခြားမလပ်ဆုတောင်းခြင်း
(၁သက်၅:၁၇)
ဘုရားသခင်ရဲ့အလိုတော်အတိုင်းအသက်ရှင်ဖို့အချက်၃ချက်ထဲမှာပထမအချက်ဖြစ်တဲ့အစဉ်မပြတ်ဝမ်းမြောက်ခြင်းကိုတနေ့ကတင်ပြပြီးဖြစ်ပါတယ်။ဒီနေ့မှာတော့ဒုတိယအချက်ဖြစ်တဲ့မခြားမလပ်ဆုတောင်းပဌာနပြု ခြင်းကိုဖော်ပြခွန်အားပေးသွားချင်ပါတယ်။
ဆုတောင်းခြင်းဆိုတာဘုရားသခင်နဲ့ဆက်သွယ်စကားပြောဖို့လမ်းကြောင်းဖြစ်ပါတယ်၊လက်တွေ့အသက်တာရဲ့သက်သေဖြစ်သလို၊ယုံကြည်သူတိုင်းရဲ့ဝိညာဉ်အသက်တာမှာမရှိမဖြစ်တဲ့အရာပါ။ဆိုတော့သမ္မာကျမ်းစာကမခြားမလပ်ဆုတောင်းပဌာနာပြုကြလော့ဆိုခြင်းကိုယုံကြည်သူအသက်တာမှာအခြေနေနှစ်မျိုးအားဖြင့်လိုက်လျှောက်ကျင့်သုံးနိုင်ပါတယ်။ဒါကတော့အချိန်သတ်မှတ်ပြီးပုံမှန်ဆုတောင်းခြင်းနဲ့အချိန်မသတ်မှတ်ဘဲဆုတောင်းခြင်းဖြစ်ပါတယ်။
၁။အချိန်သတ်မှတ်ပြီးဆုတောင်းခြင်း
ဒါဟာတရက်ထဲမှာကိုယ်အဆင်ပြေတဲ့အချိန်တစ်ချိန်ချိန်ကိုသေချာသတ်မှတ်ပြီးအဲဒီအချိန်ရောက်တာနဲ့ဆုတောင်းပဌာနာပြုခြင်းဘဲဖြစ်ပါတယ်။စာရေးသူအနေနဲ့တော့မနက်ပိုင်းမှာကိုယ့်ဆုတောင်းချိန်အဖြစ်သတ်မှတ်ထားပါတယ်။ဒီလိုအပြုမူကိုသမ္မာကျမ်းစာဒံယေလအနာဂတ္တိကျမ်း6:10မှာတွေ့နိုင်ပါတယ်၊ဒံယေလဟာတရက်သုံးခါအချိန်သတ်မှတ်ပြီးဆုတောင်းကြောင်းဖော်ပြထားပါတယ်။ယနေ့ကျွန်တော်တို့ယုံကြည်သူတွေကောတစ်ရက်ဘယ်နှစ်ကြိမ်ဆုတောင်းကြပါသလဲ?ပုံမှန်ငါးကြိမ်ထက်ကိုယ်ပိုင်အချိန်တစ်ချိန်ချိန်သတ်မှတ်ပြီးဆုတောင်းကြပါသလား?(ပုံမှန်ငါးကြိမ်ဆိုတာမနက်အိပ်ယာထဆုတောင်း၊မနက်စာစားဆုတောင်း၊နေ့လည်စာစားဆုတောင်း၊ညစာစားဆုတောင်း၊ညအိပ်ယာဝင်ဆုတောင်း။)ဝမ်းနည်းစရာကောင်းတာကတချို့ယုံကြည်သူတွေဟာနေ့တိုင်းမခြားမလပ်ဆုတောင်းဖို့နေနေသာသာပုံမှန်ငါးကြိမ်ဆုတောင်းခြင်းတောင်ပျက်ကွက်တတ်ကြပါတယ်။ဒါကြောင့်ယနေ့ယုံကြည်သူများအချိန်သီးသန့်တချိန်ချိန်ပုံမှန်သတ်မှတ်ပြီးကျမ်းစာဖတ်ဆုတောင်းသင့်ပါပေတယ်။ဒါဟာဘုရားသခင်အလိုတော်ရှိသောအသက်တာမို့ပါ။
၂။အချိန်မသတ်မှတ်ဘဲဆုတောင်းခြင်း
အချိန်တိုင်းနေရာတိုင်းမှာအမြဲတမ်းစိတ်ထဲကနေဆုတောင်းနေတတ်သောသူဖြစ်ပါတယ်။ဒီလိုဆုတောင်းခြင်းမျိုးဟာအပြင်ပန်းကြည့်ရင်မသိသာပါဘူး၊ဒါကိုသမ္မာကျမ်းစာနေဟမိမှတ်စာ ၂:၅မှာတွေ့နိုင်ပါတယ်၊နေဟမိဟာရှင်ဘုရင်ရဲ့စကားကိုဖြေကြားရင်စိတ်ထဲကနေဘုရားသခင်ဆီဆုတောင်းနေကြောင်းဖော်ပြထားပါတယ်။ယနေ့ကျနော်တို့ယုံကြည်သူတွေဟာဘုရားကျောင်းလာမှအသင်းတော်ရောက်မှဆုတောင်းလို့ရတယ်လို့ထင်ကြနေတတ်ကြပါတယ်။အလုပ်ကအလုပ်၊ဘုရားတရားကဘုရားတရားဆိုပြီးခွဲခြားထားတတ်ကြပါတယ်။ဒါပေမဲ့ဘုရားသခင်အလိုရှိတဲ့အသက်တာဟာသင့်အလုပ်ထဲမှာအချိန်မရွှေးဘုရားသခင်နဲ့အမြဲဆက်သွယ်စကားပြောသူဖြစ်ဖို့ပါဘဲ။မခြားမလပ်လို့ပြောလိုက်တဲ့စကားဟာအလုပ်မလုပ်ဘဲ၂၄နာရီမနားတမ်းဆုတောင်းနေခြင်းကိုပြောနေတာတော့မဟုတ်ပါ၊အလုပ်လုပ်ရင်းစိတ်ထဲအမြဲဆုတောင်းလို့ရသလိုကားမောင်းရင်းလဲစိတ်ထဲဆုတောင်းနေလို့ရသလိုပါ။အဆင်မပြေတဲ့အချိန်ဆုတောင်းရမှာဖြစ်သလိုအဆင်ပြေချောမွေ့နေရင်လဲအမြဲတမ်းဆုတောင်းနေတတ်ရပါမယ်။ဒါဟာအချိန်နေရာမရွှေးအမြဲဆုတောင်းတဲ့အသက်တာဘုရားသခင်အလိုတော်ရှိသောအသက်တာဘဲဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် အချိန်သတ်မှတ်ပြီးဆုတောင်းခြင်းဟာအရေးကြီးသလိုအချိန်သတ်မှတ်ခြင်းမရှိဘဲအမြဲတမ်းစိတ်ထဲမှာဆုတောင်းခြင်းမျိုးလဲအသက်တာထဲမှာရှိနေသင့်ပါတယ်၊ဒါဟာမခြားမလပ်ဆုတောင်းခြင်းဖြစ်ပါတယ်၊ဒီမခြားမလပ်ဆုတောင်းနေခြင်းသည်ဘုရားသခင်အလိုတော်တိုင်းအသက်ရှင်ခြင်းပင်ဖြစ်ပါသည်။
(ဖိလိပ္ပိဩဝါဒစာ ၄:၆-၇အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။) ဟာလေလုယာ။
ဖတ်ရှုသူအားလုံးအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။