• 周五. 4 月 24th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

တောင်ပေါ်ဒေသနာမင်္ဂလာ၈ပါး(၄)ဖြောင့်မတ်ခြင်းပါရမီကိုဆာငတ်ခင်မွတ်သောသူ

ဆရာရဲမင်း

10 月 24, 2024

ဖြောင့်မတ်ခြင်းပါရမီကိုဆာငတ်ခင်မွတ်သောသူ
(အခြေပြုကျမ်း-ရှင်မဿဲ ၅:၆)

နိဒါန်း
ချစ်သောညီကိုမောင်နှမများအားလုံးခရစ်တော်၌မင်္ဂလာပါ။ခုတလောမှာရှင်မဿဲခရစ်ဝင်အခန်းကြီး၅ထဲကတောင်ပေါ်ဒေသနာမင်္ဂလာရှစ်ပါးကိုဝေငှနေခြင်းဖြစ်ပါတယ်၊ပြီးခဲ့တဲ့အတောတွင်းမင်္ဂလာ၈ပါးထဲကသုံးပါးကိုဝေငှခဲ့ပြီးပါပြီ(မဖတ်ရသေးသူများဒီပို့စ်အောက်ဆုံးမှာလင့်ချထားပေးပါတယ်)။ဒီနေ့မနက်မှာတော့မင်္ဂလာ၈ပါးထဲကနံပတ်လေးဖြစ်တဲ့ဖြောင့်မတ်ခြင်းကိုဆာငတ်သောသူအကြောင်းပြောသွားမှာဖြစ်ပါတယ်။

၁။ဖြောင့်မတ်ခြင်းကိုဆာငတ်သူဆိုတာဘာလဲ?
သမ္မာကျမ်းစာရှင်မဿဲခရစ်ဝင်၅:၆မှာဖြောင့်မတ်ခြင်းပါရမီကိုဆာငတ်ခင်မွတ်သောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကား၊ထိုသူတို့သည်ဝပြောခြင်းသို့ရောက်ကြလတံ့…လို့ဖော်ပြပါတယ်။ဒီကျမ်းချက်ကိုမူရင်းကျမ်းတို့အခြာသာသာပြန်ဖြစ်တဲ့မြန်မာ့စံမှီကျမ်းတို့ကိုလေ့လာလိုက်တဲ့အခါမှာလဲဖြောင့်မတ်ခြင်းကိုဆာငတ်သောသူလို့သာဖော်ပြပါတယ်။ဟုတ်ပြီ၊ဒါဆိုရင်ဖြောင့်မတ်ခြင်းကိုဆာငတ်တဲ့သူဆိုတာဘာလဲ၊ဒီလိုလူကဘာလို့မင်္ဂလာရှိတယ်လို့သမ္မာကျမ်းစာကဖော်ပြရပါသလဲ?ဆာငတ်တယ်ဆိုတာကတော့ရှင်းရှင်းလေးနားလည်လွယ်ပါတယ်၊ဖြောင့်မတ်ခြင်းဆိုတာကဘာလဲ?သမ္မာကျမ်းစာကိုလေ့လာကြည့်လိုက်တဲ့အခါဖြောင့်မတ်ခြင်းဆိုတာဘုရားသခင်ကိုရည်ညွန်းတာတွေ့ရပါတယ်၊ဘုရားသခင်ကသာဖြောင့်မတ်ခြင်းအရင်းအမြစ်ဖြစ်တာမို့ပါ။တနည်းအားဖြင့်ဒီနေ့မနက်ဖတ်သွားတဲ့ရှင်မသဲ၅:၆ထဲကဖြောင်မတ်ခြင်းကိုဆာငတ်သူဆိုတာဘုရားသခင်ကိုဆာငတ်သောသူလို့နားလည်လို့ရပါတယ်။

ဟုတ်ပြီ၊ဖြောင့်မတ်ခြင်းကိုဆာငတ်သူဆိုတာဘုရားသခင်ကိုဆာငတ်သောသူဖြစ်ကြောင်းကျွန်တော်တို့သိခဲ့ရပြီ၊ဒါဆိုရင်ဒီနေ့သင်နဲ့ကျွန်ုပ်ရဲ့အခြေအနေကိုပြန်လည်စမ်းစစ်ကြည့်ရအောင်၊ကျွန်တော်တို့ဟာဘုရားသခင်ကိုဆာငတ်သောသူလား?ဘုရားသခင်ကိုဆာငတ်ခြင်းဆိုတာကျမ်းစာဖတ်ဆုတောင်းဖို့ပျော်တယ်၊ဘုရားဝတ်ပြုဖို့ဆိုရင်အမြဲနှစ်သက်တတ်တဲ့လူပါ။ဒါပေမဲ့ဒီနေ့များစွာသောယုံကြည်သူတွေဟာဘုရားကိုမစာငတ်ကြပါဘူး၊ကျမ်းစာဖတ်ရမှာပျင်းတယ်၊ဆုတောင်းရမှာပျင်းတယ်၊ဆုတောင်းရှည်တာနဲ့အိပ်ငိုက်ကြတယ်၊တရားဟောရှည်တဲ့ဆရာအလှည့်ကျပြီဆိုရင်ဘုရားကျောင်းမသွားချင်ကြတော့ဘူး၊တချို့ဆိုဘုရားကျောင်းသွားဖို့ကိုမနှစ်သက်ကြဘူး၊ဆာလံဆရာကဆာလံ၄၂:၁မှာဘယ်လိုပြောသလဲဆိုရင်”သမင်ဒရယ်သည်ရေစီးသောချောင်းကိုတောင့်တသကဲ့သို့၊အကျွန်ုပ်ဝိညာဉ်သည်ကိုယ်တော်ကိုတောင့်တပါသည်ဘုရား။”တဲ့၊ချစ်သောညီကိုမောင်နှမတို့သင်သိပါသလား?သမင်ဒရယ်ဆိုတာရေစီးတဲ့ချောင်းမရှိရင်သေနိုင်တယ်ဆိုတာ၊ယနေ့ကျွန်တော်တို့ရဲ့ဝိညာဉ်အသက်တာမှာလဲဘုရားသခင်ကိုဆာငတ်ခြင်းမရှိခဲ့ရင်ဝိညာဉ်အသက်သေသွားနိုင်ပါတယ်ညီကိုမောင်နှမတို့၊တကယ်တော့ကျွန်တော်ကသင်းအုပ်ဆရာတဦးဖြစ်ပါတယ်၊ကျွန်တော်အမြဲတမ်းစဉ်းစားတာတခုရှိတယ်၊အဲတာကတော့ယနေ့ယုံကြည်သူတွေဘာလို့ဘုရားသခင်ကိုမဆာငတ်တော့တာလဲ?ဒီလောက်အရေးကြီးတဲ့အရာကိုဘာလို့မေ့ထားကြတာလဲ?ဒီအရာကိုဒီနေ့မနက်မှာအချက်သုံးချက်နဲ့အနည်းငယ်တင်ပြချင်ပါတယ်။ယနေ့များစွာသောလူတွေဟာဘာလို့ဘုရားသခင်ကိုမဆာငတ်ကြတာလဲဆိုရင်ပထမဆုံးတရားခံကတော့အပြစ်ဘဲဖြစ်ပါတယ်။

၂။ဘုရားသခင်ကိုမဆာငတ်တဲ့အကြောင်းသုံးမျိုး
A။အပြစ်ကြောင့်
မှန်ပါတယ်၊အပြစ်ဆိုတဲ့အရာကြောင့်ကျမ်းစာမဖတ်ရဲတော့ဘူး၊လူမသိသူမသိအပြစ်လုပ်မိထားလို့ဆုမတောင်းရဲတော့ဘူး၊အားနည်းပြီးအပြစ်နွံနှစ်သွားလို့ဘုရားဝတ်ပြုမသွားရဲတော့ဘူး၊ဘုရားနဲ့ရင်မဆိုင်ရဲတော့ဘူး၊ဒီအပြစ်တွေကြောင့်ဘုရားနဲ့ကျွန်တော်တို့ကြားမှာဆီးတားမှုနံရံကြီးဖြစ်လာပါတော့တယ်။ဒါဟာခုလူတွေမှဖြစ်တာမဟုတ်ပါဘူး၊ဘိုးဘေးခေတ်ကအာဒံဧဝကတည်းကအပြစ်လုပ်ပြီးဘုရားကိုမတွေ့ရဲဘဲပုန်းနေခဲ့တာပါ။ညီကိုမောင်နှမတို့၊ယနေ့သင့်အသက်တာထဲမှာကောဒီလိုဘုရားနဲ့ဝေးစေတဲ့အပြစ်မျိုးရှိနေလား?နဂိုကပျော်ပျော်ရွှင်ရွှင်နဲ့ဘုရားဝတ်မှာမွေ့လျော်နေပြီးအပြစ်လုပ်မိလို့ဘုရားကိုမဆာငတ်တော့ဘူးလား?သမ္မာကျမ်းစာမှာလဲဒီအပြစ်ကြောင့်ဘုရားသခင်ဟာကျွန်တော်တို့ဆုတောင်းသံကိုနားမထောင်ဘူးလို့ဆိုထားပါတယ်။ဒါဆိုရင်အပြစ်လုပ်မိရင်ဒီအတိုင်းဆက်မှားနေရမှာလား?လုံးဝမဟုတ်ပါမိတ်ဆွေ၊အပြစ်လုပ်မိပြီဆိုရင်ဘုရားသခင်ရှေ့မှာနောင်တတရားနဲ့ပြန်လာခဲ့ပါ၊ဘုရားသခင်ကသင်ဝန်ချလာမှာကိုအမြဲစောင့်ကြိုနေပါတယ်။တခါတလေမှာယုံကြည်သူတွေဟာသိသိကြီးနဲ့ဆက်မှားနေတာပါ၊နောက်လှည့်ဖို့ခွန်အားမရှိတာလား၊တမင်တကာနောက်မလှည့်ချင်တာလားဆိုတာကျွန်တော်တို့ကာယကံရှင်သာအသိဆုံးဖြစ်မှာပါ။ဘုရားသခင်ကျွန်ုပ်တို့အားလုံးကိုနောက်လှည့်နိုင်ဖို့မစခွန်အားပေးပါစေ၊ဘုရားနဲ့ကျွန်တော်တို့ကြားကဒီအပြစ်နံရံကြီးကိုချိုးဖဲ့ပစ်ပြီးဘုရားသခင်ကိုဆာငတ်လာနိုင်ဖို့ဝိညာဉ်တော်လမ်းပြပေးပါစေ။ဘာကြောင့်လဲဆိုတော့ယနေ့ကျွန်တော်တို့တွေဘုရားသခင်ကိုမဆာငတ်တဲ့အဓိကတရားခံဟာဒီအပြစ်ကြောင့်ဘဲဖြစ်ပါတယ်။ဆက်လက်ပြီးဒုတိယအကြောင်းရင်းကိုကြည့်ရအောင်…

B။အခြားအရာကိုအချိန်ပေးမှုကြောင့်
ဘုရားသခင်ကိုမဆာငတ်ရခြင်းအကြောင်းရင်းနောက်တခုကတော့ဘဝမှာအခြားအရာတွေကိုသာအချိန်ပေးနေတာကြောင့်ဘဲဖြစ်ပါတယ်၊ဒီအခြားအရာဆိုတဲ့အခါမှာဒီအရာတွေကမကောင်းတာမဟုတ်ပါဘူး၊ဒါပေမဲ့ဒီအရာတွေဟာဘုရားသခင်ကိုဆာငတ်ရမဲ့အချိန်ကိုလုယူနေတတ်လို့ဖြစ်ပါတယ်၊ဥပမာVideoကြည့်ခြင်း၊တချို့ဆိုအဆက်ကားကြည့်လိုက်တာမှဖြင့်မရပ်မနားဘဲကြည့်နေနိုင်ပါတယ်၊နောက်ပြီးဖုန်းပွတ်ခြင်း၊ဘာတွေပွတ်နေလဲတော့မသိပါဘူး၊ဒါပေမဲ့အဲဒီမှာဘဲအချိန်ကကုန်နေပါတယ်၊နောက်ပြီးမရပ်မနားအလုပ်လုပ်ခြင်း၊ဘုရားဝတ်ပြုဖို့တောင်မအားနိုင်ဘဲအလုပ်ထဲအချိန်ကုန်နေခြင်းပါ။နောက်ပြီးအခြားကိုယ့်ရဲ့စိတ်ပါဝင်စားတဲ့အရာတခုခုပေါ့။ဒီအရာတွေဟာမကောင်းဘူးလို့ပြောတာတော့မဟုတ်ပါဘူး၊Videoကြည့်တာကောင်းတဲ့အရာရှိသလိုဖုန်းဆော့တာလဲကောင်းကွက်တွေအများကြီးပါ၊အလုပ်လုပ်ခြင်းကတော့ပိုတောင်အရေးကြီးပါသေးတယ်၊ဒါပေမဲ့ဒီအရာတွေဟာလွန်သွားပြီးဘုရားသခင်နဲ့မိသဟာယဖွဲ့ဖို့အချိန်ကိုဝါးမျိုသွားခဲ့ရင်၊ဘုရားကိုဆာငတ်မှုဟာပျောက်ကွယ်သွားပါလိမ့်မယ်ညီကိုမောင်နှမတို့။ယနေ့ဒီစာကိုဖတ်နေတဲ့သင့်လက်ရှိအခြေအနေကောဘယ်လိုလဲ?ဘယ်အရာတွေကသင်နဲ့ဘုရားကြားရှိရမဲ့အချိန်ကိုဝါးမျိုသွားနေပြီလဲ၊ပြန်လည်ဆင်ခြင်သုံးသပ်ကြည့်ပါစို့၊ဒီအရာတွေကိုသင်တွေ့မြင်သိရှိခဲ့ပြီဆိုရင်ချက်ချင်းပြင်ဆင်လိုက်ပါ၊ဒါမှဘုရားသခင်ကိုပြန်လည်ဆာငတ်လာမှာဖြစ်ပါတယ်။နောက်ဆုံးတချက်ကိုကြည့်ကြရအောင်…

C။တရားနားထောင်ပြီးလက်တွေ့မလုပ်သောကြောင့်
ဒီအချက်ကိုကျနော်ပြင်ဆင်ရေးသားတဲ့အခါမှာကျွန်တော်ကိုယ်တိုင်ကိုကအင်မတန်ခွန်အားရခဲ့ပါတယ်၊ဘာလို့လဲဆိုတော့ကျွန်တော်ဟာမနက်တိုင်းတရားဒေသနာကိုဝေငှလာတာခုဆို၈လကျော်ပါပြီ၊ဝေငှချက်ပေါင်း၂၀ဝကျော်ရှိပါပြီ၊ကျွန်တော်ပြောတဲ့အတိုင်းကျွန်တော်လိုက်မလျှောက်ဘူးဆိုရင်ကျွန်တော်ဟာပြောသာပြောတတ်ပြီးမလုပ်နိုင်တဲ့လူလိမ်တစ်ယောက်သာဖြစ်ပါလိမ့်မယ်။ဒါကြောင့်ဘုရားသခင်ကျွန်တော့ကိုမစပါစေ၊ယနေ့ဒီစာကိုဖတ်နေတဲ့သင့်ကိုလဲမစပါစေ၊သမ္မာတရားကိုနားဘဲထောင်နေခြင်းမဟုတ်ဘဲလက်တွေ့အသက်တာမှာလိုက်လျှောက်သောသူများဖြစ်ပါစေ၊သမ္မာတရားကိုဖတ်ရှုနားထောင်ခြင်းဟာလေကိုရှုဝင်လိုက်တာနဲ့တူပါတယ်၊လေကိုရှုပြီးပြန်မမုတ်ထုတ်ခဲ့ရင်သေနိုင်ပါတယ်၊ဒီအတိုင်းပါဘဲယနေ့ကျွန်တော်တို့ရဲ့ဝိညာဉ်အသက်တာမှာခံယူလိုက်တဲ့တရားတွေကိုပြန်ပြီးလက်တွေ့မှာအသက်မရှင်ထွက်ခဲ့ရင်ဝိညာဉ်အသက်တာဟာသေနေပါလိမ့်မယ်။ဝိညာဉ်အသက်သေနေမှတော့ဘုရားသခင်ကိုဘယ်လိုလုပ်ပြီးဆာငတ်နိုင်တော့မှာလဲ?ယနေ့များစွာသောယုံကြည်သူတွေဟာတရားစကားကိုသာခံယူပြီးခေါင်းကြီးခရစ်ယာန်ဖြစ်နေကြပါပြီ၊ဓမ္မပညာဘဲတစ်ခေါင်းလုံးတတ်နေပြီးအသက်တာမှာတော့ဖရိုဖလဲဖြစ်နေကြပါပြီ၊ဒီလိုလူဟာဘုရားကိုဆာငတ်ယောင်ဆောင်တတ်ပြီးတကယ့်တစ်ယောက်ထဲအချိန်မှာတော့နေချင်သလိုနေနေတတ်ပါတယ်။ဒါဟာယနေ့ကျွန်တော်တို့အတွက်အရေးကြီးဆင်ခြင်ရမဲ့အရာပါ။ယနေ့သင်နဲ့ကျွန်ုပ်ရဲ့အခြေနေကဘယ်လိုဖြစ်နေပြီလဲ?ကျွန်တော်တို့ယနေ့အရေးကြီးလုပ်ရမှာကကိုယ်နားထောင်ပြီးတဲ့တရားတွေကို၊ကိုယ်ဖတ်ထားတဲ့သမ္မာကျမ်းချက်တွေကိုလက်တွေ့အသက်တာမှာလိုက်လျှောက်အသက်ရှင်ဖို့ဘဲဖြစ်ပါတယ်။ဒါမှဘုရားဘုန်းတော်ထင်ရှားပြီးသင်လဲဘုရားသခင်ကိုဆာငတ်သောမင်္ဂလာရှိသူဖြစ်လာပါလိမ့်မယ်။

နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ယနေ့ဝေငှသွားတဲ့နုတ်ကပတ်တော်အားဖြင့်အသက်တာမှာတကယ်ဘဲဘုရားသခင်ကိုဆာငတ်သောသူများဖြစ်ကြပါစေ၊အကယ်၍သင်ရဲ့လက်ရှိအခြေအနေဟာဘုရားသခင်ကိုမဆာငတ်ခဲ့ဘူးဆိုရင်၊ယနေ့ဝေငှသွားတဲ့အချက်၃ချက်အားဖြင့်စစ်ဆေးပြီးခွန်အားယူနိုင်ပါစေ။ပထမတချက်ကလက်ရှိအသက်တာမှာဘယ်အပြစ်ကဘုရားနဲ့ဝေးစေတာလဲ?ဘယ်အပြစ်ကဘုရားကိုမဆာငတ်ဘဲဖြစ်စေတာလဲဆင်ခြင်ပြီးနောက်တရပြောင်းလဲပါ။အပြစ်ကနေထွက်လာပါ။ဒုတိယတချက်ကဘယ်လုပ်ရပ်မျိုးကဘုရားကိုချဉ်းကပ်ရမဲ့အချိန်ကိုဝါးမျိုနေတာလဲဆင်ခြင်ပါ၊ချက်ခြင်းပြောင်းပစ်ပါ။နောက်ဆုံးတချက်ကကိုယ်ခံယူလိုက်တဲ့တရားအတိုင်းအသက်ရှင်နေပြီလားဆိုတာသုံးသပ်ပါ၊ဖတ်ရှုနားထောင်ထားတဲ့တရားတိုင်းနုတ်ကပတ်တော်သာမှန်နေရင်လက်တွေ့လိုက်လျှောက်ပါ။ဒီလိုဆိုရင်ဘုရားသခင်ကသင့်ကိုမင်္ဂလာရှိစေပြီးသင့်အသက်တာမှာကောင်းကြီးအားဖြင့်ဝပြောစေလိမ့်မည်။ဒါဟာတောင်ပေါ်ဒေသနာမင်္ဂလာရှစ်ပါးထဲကနံပတ်လေးမင်္ဂလာရှိသောသူဖြစ်ကြောင်းပြောကြားရင်းဒီနေ့မနက်နုတ်ကပတ်တော်ကိုဤမျှလောက်နဲ့ဘဲနိဂုံးချုပ်ပါရစေ။အယောက်ဆီတိုင်းပေါ်မှာဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။