• 周四. 4 月 23rd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

တောင်ပေါ်ဒေသနာမင်္ဂလာ၈ပါး(၇)ရန်ကိုငြိမ်းစေတတ်သောသူ

ဆရာရဲမင်း

10 月 24, 2024
ရန်ကိုငြိမ်းစေတတ်သောသူ
အခြေပြုကျမ်း-မဿဲ ၅:၉
 သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။
နိဒါန်း
ညီကိုမောင်နှမတို့ခခရစ်တော်၌မင်္ဂလာပါ။ဒီနေ့မှာတော့တောင်ပေါ်ဒေသနာမင်္ဂလာရှစ်ပါးထဲကနံပတ်၇ကိုဝေငှမှာဖြစ်ပါတယ်။ဒီနေ့ဖတ်သွားတဲ့အခြေပြုကျမ်းအရမင်္ဂလာရှိသောသူနံပတ်ခုနစ်တမျိုးဟာ”သူတပါးချင်းခိုက်ရန်ပြုခြင်းကိုငြိမ်းစေတတ်သောသူ”ဘဲဖြစ်ပါတယ်။ဒီလိုလူဟာဘုရားသခင်ရဲ့သားသမီးလို့ခေါ်ခံရလိမ့်မယ်ဆိုပြီးကျမ်းစာကဖော်ပြပါတယ်။
၁။သူတပါးချင်းခိုက်ရန်ပြုခြင်းကိုငြိမ်းစေတတ်သောသူဆိုတာဘာလဲ?
ဒီစကားလုံးရဲ့မူရင်းအဓိပ္ပာယ်ဟာငြိမ်းချမ်းရေးနဲ့ငြိမ်သက်ခြင်းလို့သက်ရောက်ပါတယ်။ဒီနေရာမှာပြောထားတဲ့ငြိမ်းစေခြင်းဆိုတာသူတပါးခိုက်ရန်ဖြစ်ခြင်းကိုသာငြိမ်းစေခြင်းမျိုးမဟုတ်ဘဲ၊ဘုရားသခင်နဲ့လူကြားသင့်မြတ်အောင်ဧဝံဂေလိစကားကိုဟောပြောခြင်းလဲဖြစ်ပါတယ်။လူတယောက်ဟာဘုရားနဲ့သင့်မြတ်သွားပြီဆိုရင်လူတွေနဲ့လဲအလိုလိုသင့်မြတ်လာပါလိမ့်မယ်။ဥပမာသမ္မာကျမ်းစာထဲကဇက်ခဲလေးလိုပါဘဲ၊သူဟာယေရှုကိုတွေ့ရှိလက်ခံရပြီးတဲ့အချိန်ကစပြီး၊သူလိမ်ညာထားတာမှန်သမျှပြန်လျော်ပေးသာမက၊သူ့ကိုမုန်းနေတဲ့ရန်သူတွေနဲ့သင့်မြတ်ခွင့်ရခဲ့တယ်၊ဒါကြောင့်သူတပါးခိုက်ရန်ကိုငြိမ်းစေချင်တယ်ဆိုရင်လူတွေကိုဧဝိဂေလိအရင်လုပ်ပါ။လူတိုင်းယေရှုခရစ်တော်နဲ့တွေ့တဲ့အခါသူတို့အချင်းချင်းငြိမ်းချမ်းရေးရပါလိမ့်မယ်။ဒီနေ့ယုံကြည်သူတွေဟာသူတပါးခိုက်ရန်ဖြစ်ခြင်းကိုငြိမ်းစေဖို့မိမိအကျင့်အားဖြင့်တော့မရပါဘူး၊ယေရှုခရစ်တော်ကိုယုံကြည်လို့ရလာတဲ့ပုံသက်သေအသက်တာအားဖြင့်သူတပါးကိုအလင်းပြမှရမှာပါ။ဒါကြောင့်ဒီနေ့ကျမ်းစာကပြောပါတယ်၊သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ တဲ့၊ယနေ့သင်နဲ့ကျွန်တော်တို့တတွေဟာ၊ဘုရားသားသမီးဖြစ်ပါတယ်၊ဘုရားသားသမီးလို့အမည်ခံထားပြီးလက်တွေ့အသက်တာမှာသူတပါးခြင်းခိုက်ရန်ကိုဖြစ်စေသောသူလား?ပြသနာရှင်းနေတဲ့သူမဟုတ်ဘဲပြသနာကောင်ဖြစ်နေလား?ယနေ့ယုံကြည်သူတိုင်းဟာသူတပါးခိုက်ရန်ဖြစ်ခြင်းကိုငြိမ်းစေဖို့တာဝန်အပြည့်ရှိပါတယ်။ဒါမှမင်္ဂလာရှိတဲ့ဘုရားသားသမီးတွေဆိုတာသက်သေရမှာပါ။
၂။ဘယ်အရာတွေကခိုက်ရန်ဖြစ်ပွားစေနိုင်သလဲ?
ယနေ့ကျွန်တော်တို့ယုံကြည်သူအတိုင်းဝိ်ုင်းထဲမှာကောအပြင်မှာပါခိုက်ရန်ဖြစ်ပွားစေတဲ့အဓိကအကြောင်းရင်းကဘယ်အရာတွေဖြစ်နိုင်မလဲ?သမ္မာကျမ်းစာကိုလေ့လာလိုက်တဲ့အခါပြဿနာနှစ်မျိုးကိုတွေ့ရှိရပါတယ်။ပထမတမျိုးကတော့အချင်းချင်းခွဲခြားခွဲခြားလုပ်နေခြင်းဘဲဖြစ်ပါတယ်။
က။အချင်းချင်းကွဲပြားခြင်း
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၁:၁၇-၁၈တဖန်တုံ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှါ စည်းဝေးကြသည်မဟုတ်။ အကျိုးကို နည်းစေခြင်းငှါ စည်းဝေးကြသည်ဖြစ်၍၊ ငါသည် ပညတ်ထားစဉ်တွင် သင်တို့ကို မချီးမွမ်းရ။ပဌမ အကြောင်းဟူမူကား၊ သင်တို့သည် အသင်းတော်၌ စည်းဝေးကြသောအခါ၊ အချင်းချင်း ကွဲပြားခြင်းရှိသည်ကို ငါကြားရ၏။ညီကိုမောင်နှမတို့၊ဒီထဲမှာရှင်ပေါလုကကောရိန်တုအသင်းတော်ကိုအထူးသလည်ထောက်ပြသွန်သင်နေတာပါ၊သင်တို့ဟာအကျိုးနည်းစေဖို့ဘုရားဝတ်ပြုစည်းဝေးလုပ်နေကြတာဘဲတဲ့၊အံ့ဩစရာပါဘဲ၊ဘုရားဝတ်ပြုတာဘာလို့အကျိုးနည်းစေတာလဲ၊အမှန်ကဘုရားဝတ်ပြုခြင်းစည်းဝေးခြင်းကအင်မတန်မွန်မြတ်တဲ့အရာမဟုတ်ဘူးလား?ဒါပေမဲ့ရှင်ပေါလုကတော့ဝတ်ပြုစည်းဝေးတမျိုးကအကျိုးမရှိဘူးပြောထားပါတယ်၊အကြောင်းရင်းကတော့အချင်းချင်းကွဲပြားခွဲခြားနေလို့ပါဘဲ။တချို့ကငါဟာပေါလုအဖွဲ့၊တချို့ကအာပေါလုအဖွဲ့၊တချို့ကဗာနဗအဖွဲ့၊တချို့ကပေတရုအဖွဲ့၊တချို့ကယေရှုခရစ်တော်အဖွဲ့ဆိုပြီးအချင်းချင်းခွဲခြားနေခြင်းဟာအကျိုးနည်းစေတာပါဘဲ။ချစ်သောညီကိုမောင်နှမတို့ယနေ့သင်နဲ့ကျွန်တော်တို့တွေကောအချင်းချင်းကွဲပြားနေပြီလား?ငါကတော့ဒီဂိုဏ်းဂဏကပါ၊သူကတော့အေဂျီ၊နှစ်ခြင်း၊အင်္ဂလီကန်၊ဘာညာဆိုပြီးခွဲခြားနေကြပြီလား?ယေရှုခရစ်တော်ကကောအဲလိုကွဲခြားပါသလား?ယနေ့အသင်းတော်မှာတောင်ယုံကြည်သူတွေကဒီဆရာကိုသဘောကျပြီးဟိုဆရာတွေကိုသဘောမကျလို့ဒီလူတွေတရားဟောအလှည့်ရောက်လာရင်ဘုရားကျောင်းမသွားကြတော့ဘူး၊ခွဲခြားပြီးနေကြတာမှန်သလား?ယုံကြည်သူတွေထဲမှာတင်ဘယ်ကမလဲ?ယနေ့အမှုတော်ဆောင်တွေကပါချမ်းသာတဲ့အသင်းသားတွေကိုတမျိုး၊ဆင်းရဲတဲ့အသင်းသားတွေဆိုတမျိုးခွဲခြားဆက်ဆံနေကြပြီ၊ဒါဟာရှင်ယာကုပ်ပြောသလိုချမ်းသာသူဘုရားကျောင်းလာတက်ရင်ဝမ်းသာအားရကြိုဆိုတတ်ကြပြီးဆင်းရဲဆုတ်ပြတ်နေတဲ့သူလာပါဝင်ရင်တော့ဟန်ဆောင်ပြီးပြုံးပြလိုက်ရုံလေးဖြစ်နေကြပြီ။ယနေ့ကျွန်တော်တို့အားလုံးကိုဘုရားသခင်မစအလင်းပြပါစေ၊ကျွန်တော်တို့ကိုယ်တိုင်ကအဲဒီခိုက်ရန်ဖြစ်စေတဲ့ကွဲပြားခွဲခြားသူမဖြစ်စေပါနှင့်၊ဒီလုပ်ရပ်ဟာဘုရားသခင်ရဲ့ကောင်းကြီးတံခါးကိုပိတ်နေတဲ့အရာဖြစ် လို့ပါ။ယနေ့စာတန်ရဲ့အကြီးမားဆုံးသောလက်နက်ဟာယုံကြည်သူအချင်းချင်ကွဲပြားစေတာပါဘဲ၊ဒီလိုကွဲပြားခွဲခြားတဲ့လူတွေကိုအသင်းတော်ထဲထည့်ပေးလိုက်တာနဲ့လူတွေကွဲကုန်ပါတော့တယ်၊ဘုရားကျောင်းတက်သူမရှိတော့ဘူး၊တယောက်ကိုတယောက်ခွဲခြားခွဲခြားလုပ်လို့ခိုက်ရန်ဖြစ်လာကြပါတော့တယ်။ဒါဟာသူတပါးကိုမသင့်မြတ်စေနိုင်တဲ့ပထမအကြောင်းရင်းပါ။ဆက်လက်ပြီးဒုတိယအကြောင်းရင်းကိုကြည့်ရအောင်။
ခ။လျှာကြောင့်ခိုက်ရန်ဖြစ်စေနိုင်ခြင်း
ခွဲခြားခွဲခြားလုပ်နေခြင်းဟာမသင့်မြတ်နိုင်ဘဲခိုက်ရန်ဖြစ်စေတာကလွဲလို့၊ဒုတိယအနေနဲ့ခိုက်ရန်ဖြစ်စေနိုင်တဲ့တရားခံကတော့ကျွန်တော်တို့ရဲ့လျှာဘဲဖြစ်ပါတယ်။သမ္မာကျမ်းစာထဲမှာလျှာဟာသူတပါးကိုတည်ဆောက်စေနိုင်သလိုဖြိုခွဲနိုင်တယ်လို့ဆိုပါတယ်၊သမ္မာကျမ်းစာရှိနေရင်ကျမ်းချက်လေးတွေမှတ်ထားပြီးရှာဖတ်ကြည့်ပါ၊(ရှင်ယာကုပ်ဩဝါဒစာ3:5-6,သုတ္တံကျမ်း12:18,ကောလောသဲ4:6,ဧဖက်4:29)ဒီကျမ်းချက်တွေဟာလျှာရဲ့ကောင်းခြင်းမကောင်းခြင်းကိုဖော်ပြထားပါတယ်။
ယနေ့ယုံကြည်သူတွေကြားမှာမသင့်မြတ်နိုင်ဘဲဖြစ်နေခြင်းဟာမုသာစကား၊ကုန်းချောစကား၊သူတပါးမကောင်းကြောင်းပြောတတ်တဲ့လျှာကြောင့်ဖြစ်ပါတယ်၊ယုံကြည်သူတွေမှာဒီအားနည်းခြင်းသတိထားရပါလိမ့်မယ်၊အမှန်တော့ဘုရားကျောင်းလာပါတယ်၊ဘုရားဝတ်ပြုပြီးယုံကြည်သူတွေစကားပြောရင်းပြောရင်းနဲ့ဒီလျှာကသူများမကောင်းကြောင်းစပြောမိနေတတ်ပါတယ်။ညီကိုမောင်နှမတို့ရှင်မဿဲခရစ်ဝင် ၁၂:၃၆မှာဘယ်လိုသတိပေးထားသလဲဆိုရင်ယေရှုက  ငါဆိုသည်ကား၊ လူတို့သည် အကျိုးမဲ့သောစကားကို ပြောသမျှအတွက်၊ တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကို ခံရကြလတံ့။ လို့ဖော်ပြထားပါတယ်။ဆိုလိုတာကယနေ့သင်ပြောလိုက်သမျှဟာတနေ့ကျရင်စီရင်ခြင်းခံရပါလိမ့်မယ်။ဒါကြောင့်ဒီလျှာကိုထိန်းပါ၊ဒီလျှာအားဖြင့်ဘုရားဘုန်းထင်ရှားစေပါ၊အမင်္ဂလာမဖြစ်ပါစေနဲ့၊ကောင်းကြီးခွက်ထဲကအပေါက်သေးသေးလေးမဖြစ်စေပါနဲ့။ယုံကြည်သူတွေရဲ့အသက်တာဟာခွက်တလုံးနဲ့တူပါတယ်၊ဘုရားသခင်ကကောင်းကြီးမင်္ဂလာကိုဒီခွက်ထဲထည့်ပေးနေပါတယ်၊ဒါပေမဲ့သင်နဲ့ကျွန်ုပ်အသက်တာမှာဒီလျှာဟာကောင်းကြီးခွက်ဖလားရဲ့ယိုပေါက်ဖြစ်နေတယ်ဆိုရင်၊ဘုရားကောင်းကြီးဟာဝင်လာတာနဲ့ယိုထွက်ကုန်ပါလိမ့်မယ်၊ယနေ့သင့်လျှာဟာသင့်အသက်တာရဲ့ယိုပေါက်ဖြစ်နေပြီလား၊သင်ဟာအသင်းတော်တခုလုံးရဲ့ယိုပေါက်ဖြစ်နေပြီလား?ဒီယိုပေါက်ကိုအမြန်ပိတ်လိုက်ကြပါစို့၊ဒီယိုပေါက်ဟာသူတပါးပါးစပ်မဟုတ်၊မိမိကိုယ်ကိုယ်ရဲ့နုတ်လျှာပါးစပ်ကိုအရင်ပိတ်လိုက်ကြပါစို့၊မဟုတ်ရင်ဘုရားဘယ်လောက်ဘဲကောင်းကြီးပေးပေး၊ပြည့်ဝလာမှာမဟုတ်ပါဘူး၊ကောင်းကြီးနဲ့အမြဲပွတ်တိုက်ရုံလေးနဲ့လွဲနေရပါလိမ့်မမယ်။လျှာကိုထိန်းချုပ်ပြီးခိုက်ရန်ဖြစ်ခြင်းကိုကာကွယ်ပါ။ကိုယ်တိုင်သတိထားပြီးသူတပါးကိုလဲသင့်မြတ်စေပါ။ဒါမှဘုရားသခင်ရှေ့မှာမင်္ဂလာရှိသောသူဖြစ်ပါလိမ့်မယ်။
နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ယနေ့မနက်ဝေငှသွားတဲ့နုတ်ကပတ်တော်အားဖြင့်၊အသက်တာမှာသူတပါးချင်းသင့်မြတ်စေသောသူ၊ငြိမ်းချမ်းစေသောသူဖြစ်စေပါ၊မိမိကိုယ်ကိုယ်ကြိုးစားအားထုတ်နေခြင်းမဟုတ်ဘဲ၊ယေရှုခရစ်တော်ကိုသိစေပါ၊လက်ခံစေပါ၊ဒါမှစစ်မှန်သောသင့်မြတ်ခြင်းကိုရပါလိမ့်မယ်။ဒီသင့်မြတ်ခြင်းကိုဖြိုခွဲသူမဟုတ်ဘဲတည်ဆောက်သူဖြစ်စေပါ၊ဂိုဏ်းဂဏခွဲခြားနဲ့မုသာပြောသောလျှာမှလွတ်မြောက်နိုင်ပါစေ၊ဒါဆိုရင်သင်ဟာမင်္ဂလာရှိသောဘုရားသားသမီးဟုခေါ်ထိုက်ပါလိမ့်မည်။