• 周四. 4 月 23rd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

လက်ငါးချောင်းကိုမှတ်ပြီးဆုတောင်းနည်း

ဆရာရဲမင်း

10 月 24, 2024

လက်ငါးချောင်းကိုမှတ်ပြီးဆုတောင်းနည်း

သမ္မာကျမ်းစာဖတ်ခြင်းဟာဝိညာဉ်ရေးရာမှာအသက်ရှူ ခြင်းဖြစ်ပြီး၊ဆုဆောင်းခြင်းဟာရှူလိုက်တဲ့လေကိုမုတ်ထုတ်ခြင်းဖြစ်တယ်လို့ကျမ်းပညာရှင်တွေကမှတ်ချက်ပေးကြပါတယ်။ဆုတောင်းခြင်းဆိုတာယုံကြည်သူအသက်တာမှာမရှိမဖြစ်ပါဘဲ။ဒါပေမဲ့ဆုတောင်းချက်တွေမေ့မေ့နေတတ်တာကြုံဖူးကြမှာပါ။ဒါကြောင့်ခုဖော်ပြမဲ့လက်ငါချောင်းဆုတောင်းနည်းဟာယုံကြည်သူတွေဆုတောင်းတဲ့အခါအထောက်အကူပြုလိမ့်မယ်လို့ယုံကြည်ပါတယ်။ဒီနည်းကိုလွန်ခဲ့သော၆နှစ်ခန့်ကသင်ယူခဲ့ရပါတယ်။မှတ်မိသလောက်တင်ပြလိုက်ပါသည်။

၁။လက်မ
လက်မ ဟာကိုယ်နဲ့အနီးဆုံးဖြစ်တဲ့အတွက်ပထမဆုံးမှတ်သားရမှာကလက်မ ဟာကိုယ့်မိသားစု၊ဆွေမျိုး၊သူငယ်ချင်းနဲ့အိမ်နီးခြင်းတွေအတွက်ဆုတောင်းရမယ်ဆိုတာပါဘဲ။

၂။လက်ညိုး
လက်ညိုးဟာကိုယ့်ကိုအပြစ်တင်တတ်တဲ့လူတွေလို့မှတ်သားထားပါ။အလွယ်ပြောရရင်ကိုယ့်ရန်သူအတွက်ဆုတောင်းဖို့မမေ့အောင်မှတ်သားထားဖို့ပါဘဲ။

၃။လက်ခလယ်
လက်ခလယ်ဟာများသောအားဖြင့်လက်ငါးချောင်းထဲကအရှည်ဆုံးဖြစ်တဲ့အတွက်ဒါဟာကိုယ့်အထက်လူကြီးတွေလို့မှတ်သားထားပါ။နိုင်ငံတော်အကြီးကဲမှအစအလုပ်ထဲကအကြီးကဲ၊ဆရာဆရာမများ…အတွက်ဆုတောင်းပေးဖို့ပါဘဲ။

၄။လက်သကြွယ်
လက်သကြွယ်ဟာအမြဲတမ်းဥပေက္ခာပြုခံနေရတဲ့အတွက်၊ဒီလက်ကိုဥပေက္ခာပြုခံရသူများလို့မှတ်သားထားပါ။မိဘမဲ့များ၊သနားစရာမရှိဆင်းရဲသားများ၊အခက်အခဲအမျိုးမျိုးကြုံနေသူများနှင့်ကယ်တင်ခြင်းမရသေးသူများအတွက်ဆုတောင်းပေးဖို့ပါဘဲ။

၅။လက်သန်း
လက်သန်းဟာအငယ်ဆုံးဖြစ်တဲ့အတွက်၊ဒီလက်ဟာမိမိကိုယ်တိုင်လို့မှတ်သားထားပါ။နောက်ဆုံးမှကိုယ့်အတွက်ဆုတောင်းပါ။
ဒီနည်းနဲ့ဆုတောင်းမှဘုရားနားညောင်းမည်ဟုမဆိုလိုပါ။ဆုတောင်းခြင်းကိုအထောက်အကူပြုစေခြင်းသာဖြစ်ပါသည်။ဘုရားရှေ့မှာအမြဲဒူးထောက်ပြီးဆုတောင်းသူတွေဟာ၊လူအများရှေ့မှာရပ်နေနိုင်ပါလိမ့်မယ်။

ကျမ်းချက်
တိမောသေဩဝါဒစာ ပဋ္ဌမစောင် ၂:၂ ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသော သူအပေါင်းတို့နှင့် လူအမျိုးမျိုးတို့အဘို့ ဆုတောင်းပဌာနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွာ ပြုစေခြင်းငှါ ငါတိုက်တွင်း သွေးဆောင်၏။