• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သူများကိုဆုံးမပြီးကိုယ်တိုင်ရှုံးသောသူ

ဆရာရဲမင်း

10 月 25, 2024

သူများကိုဆုံးမပြီးကိုယ်တိုင်ရှုံးသောသူ

မြို့လယ်တနေရာမှ…
မီးရထားလမ်းနှင့်ကားလမ်းဆုံတဲ့နေရာ…
လမ်းကူးကားများကိုရထားကြိတ်ခံရမှုမကြာခဏဖြစ်နေသည်။ဒါကြောင့်၊တာဝန်ခံရဲများနှင့်အများပြည်သူစိတ်ညစ်နေရသည်။တနေ့တွင်ရဲများနှင့်ရပ်မိရပ်ဖများပေါင်းပြီးဆွေးနွေးကြသည်။သတိပေးစကားဆိုင်းဘုတ်ကြီးတခုလမ်းဆုံနားကပ်ရန်သဘောတူကြသည်။ဒါနဲ့ဘယ်လိုစာမျိုးကပ်ပြီးသတိပေးရင်အတိုဆုံးနဲ့အထိရောက်ဆုံးလည်းဆိုတာအားလုံးပါဝင်ရန်ဆိုင်းဘုတ်သတိပေးစာတိုပြိုင်ပွဲကျင်းပကြသည်။
ပြိုင်ပွဲ၌ဒိုင်လူကြီးများနှင့်တကွအားလုံးသဘောတူပြီး
သုံးမည့်သတိပေးစာတိုလေးမှာ”ရပ်၊ကြည့်၊သွား”ပင်ဖြစ်သည်။ဒီစာကိုတင်သွင်းသူလည်းပထမဆုရရှိသွားပြီး၊ဆိုင်းဘုတ်ကြီးလည်းယာဉ်မောင်းတဲ့သူတိုင်းမြင်သာသောနေရာတွင်ထောင်ပြီးကပ်ထားပြီဖြစ်သည်။
တနေ့တွင်…
အမူးသမားယာဉ်မောင်းတယောက်၊
ဘာသတိပေးစကားကိုမှမကြည့်…
ရှေ့မှတာဝန်ကျရဲသတိပေးလည်းမမှု…
ဘာမှဂရုမစိုက်ဘဲမောင်းဖြတ်လာတော့…
ရထားကြိတ်ခြင်းခံလိုက်ရသည်။
ပွဲချင်းပြီးသေဆုံးသွားလေပြီ။
တာဝန်ကျရဲများမှသေသူကိုစစ်ဆေးကြည့်လိုက်ကာမှ…
သေဆုံးသူအမူးသမားက”ရပ်၊ကြည့်၊သွား” ဆိုင်းဘုတ်စာတိုတင်သွင်းသူ၊ပြိုင်ပွဲမှပထမရရှိသူပင်ဖြစ်နေတော့သည်။

ချစ်သောမိတ်ဆွေ
ခုခေတ်မှာဆရာလုပ်လို့လွယ်သည်။ဆရာလုပ်တဲ့သူလည်းများပါပေသည်။
ကျောင်းသားလုပ်ချင်သူမရှိတော့ချေ။
ဒီလိုပါဘဲဘုရားကျောင်းမှာသမ္မာတရားသွန်သင်တာလွယ်မည်။သမ္မာတရားလက်တွေ့ကျင့်သုံးရန်ကော…
Facebookမှာလည်းထို့အတူပင်၊ဆရာလုပ်ရန်ဝန်မလေးပေ၊ကျမ်းစာအုပ်ကိုင်ပြီးလျှင်အမျိုးမျိုးဆုံးမစကားပြောတတ်တင်တတ်ကြသည်။လက်တွေ့ကျင့်သုံးရန်တော့…?
့ကျွန်တော်တို့ကိုယ့်ကိုကိုယ်အသိဆုံးပင်ဖြစ်ပေမည်။ခရစ်ယာန်ညီကိုမောင်နှမများအားလုံးသူများကိုသွန်သင်ဆုံးမပြီးကိုယ်တိုင်ရှုံးတဲ့သူမဖြစ်ပါစေနှင့်။အတူတကွဆင်ခြင်ပြီးအသက်ရှင်ကြပါစို့လေ။

ကျမ်းချက်
၁ကော ၉း၂၇ သူတပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသော သူမဖြစ်ရမည်အကြောင်း……။