ဘုရားဝတ်ပြုဖို့ဘယ်အရာကသင့်ကိုတားဆီးနေသနည်း?
နိဒါန်း
ဟေဗြဲ ၁၀:၂၅ မှာ”လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့။”လို့သတိပေးထားပါတယ်။ဒီနေရာမှာပြောထားတဲ့အချင်းချင်းစည်းဝေးခြင်းဆိုတာယုံကြည်သူတွေဘုရားဝတ်ပြုဖို့စည်းဝေးခြင်းကိုပြောတာပါ။လူတချို့ကဒီလိုစည်းဝေးခြင်းကိုအလေးမထားဘဲရှောင်လွဲတတ်ကြလို့ကျမ်းစာတော်မြတ်က”မရှောင်မလွဲကြနှင့်”လို့အထူးသတိပေးထားပါတယ်။ယနေ့နောက်ဆုံးသောကာလမှာဝတ်ပြုစည်းဝေးမပါဝင်ချင်တဲ့သူတွေများလာတဲ့အတွက်သာ၍ကြိုးစားဖို့သွန်သင်ထားပါတယ်။ဘာကြောင့်ဝတ်ပြုစည်းဝေးမပါချင်ကြတာလဲလို့မေးခွန်းထုတ်ပြီးအဖြေရှာကြည့်တဲ့အခါမှာမတူညီတဲ့အကြောင်းရင်းအမျိုးမျိုးတွေ့ရှိပေမယ့်၊သမ္မာကျမ်းစာတော်မြတ်ထဲမှာတော့တူညီတဲ့”အတားအဆီး၄မျိုး”ကိုတွေ့ရပါတယ်။
၁။မိသားစုဝင်များ(မဿဲ၈:၂၁-၂၂)
သခင်ယေရှုနောက်လိုက်အများကြီးထဲကလူတချို့ဟာအကြောင်းအမျိုးမျိုးကြောင့် ယေရှုနောက်မလိုက်တော့တဲ့သူတွေရှိကြပါတယ်။မဿဲ၈:၂၁-၂၂ထဲကတပည့်တော်တယောက်ကတော့ “သခင်ဘုရား၊ အကျွန်ုပ်၏ဖခင်ကို ဦးစွာသွား၍ သင်္ဂြိုဟ်ခွင့်ပြုတော်မူပါ”ဆိုပါတယ်။နား ထောင်လိုက်ရင်အကြောင်းပြချက်အင်မတန်ခိုင်လုံပြီးလိုက်လျောပေးသင့်တဲ့အနေထားပါ။ဒါပေမယ့်ဂျူးဓလေ့ကိုလေ့လာကြည့်ရင်ဒီနေ့သေရင်ဒီနေ့ဘဲသင်္ဂြိုဟ်ရပါတယ်၊အကယ်၍ဒီတပည့်တော်ရဲ့ဖခင်ဟာအဲဒီ နေ့မှာသေခဲ့ရင်ယေရှုနားမှာသူဆက်လိုက်နေစရာအကြောင်းမရှိပါဘူး။လုကာ၉:၅၉-၆၀ကိုဖတ်ရှုဖတ်ပြီးအချုပ်ပြောရရင်ဒီတပည့်တော်ဟာသူ့အဖေသေသွားတာမဟုတ်ဘဲသူ့အဖေသေတဲ့ထိပြုစုပြီးမှနောက်လိုက်မယ်ဆိုတဲ့အကြောင်းပြချက်သာဖြစ်ပါတယ်။ယေရှုကတော့”သေသူကိုသေသူတွေကဘဲသင်္ဂြိုဟ်ကြပါစေ”လို့ပြောခဲ့ပါတယ်။ဒီနေရာမှာသေသူဆိုတာခန္ဓာပိုင်းမဟုတ်ဘဲဝိညာဉ်ပိုင်းသေနေသူ(မယုံကြည်သေးသူ)ကိုပြောခြင်းဖြစ်ပါတယ်။
ချစ်သောမိတ်ဆွေ၊မိဘကိုရိုသေဖို့အင်မတန်အရေးကြီးပါတယ်၊ဒါပေမယ့်မိဘကိုရိုသေဖို့ကိုအကြောင်းပြပီးဘုရားဝတ်ပြုဖို့ပျက်ကွက်နေတယ်ဆိုရင်ဆင်ခြင်စရာပါ။ယေရှုကိုယုံကြည်လိုက်လို့မိသားစုဝင်တွေကိုပစ်ပယ်ရမယ်လို့မဆိုလိုပါ၊ဒါပေမယ့်ဝတ်ပြုစည်းဝေးသွားဖို့မိသားစုဝင်တွေဟာသင့်အတွက်အတားဆီးမဖြစ်စေဘဲ၊သင်ကသာမိသားစုကိုဝတ်ပြုစည်းဝေးရာဆွဲခေါ်နိုင်တဲ့သူဖြစ်ရပါမယ်(ချွင်းချက်တချို့တော့ရှိပါမယ်)။
၂။အလုပ်အကိုင်(လုကာ၁၄:၁၆-၁၉)
လုကာ၁၄:၁၆-၁၉မှာယေရှုခရစ်တော်ကဒီလိုဥပမာတခုပေးခဲ့ပါတယ်။လူတစ်ယောက်ဟာပွဲကြီးကိုပြင်ဆင်ပြီးလူကိုဖိတ်ပါတယ်(ဘုရားကကောင်းကင်နိုင်ငံကိုပြင်ဆင်ပြီးလူတွေဝင်လာဖို့ခေါ်ဖိတ်တဲ့သဘော)ဒါပေမယ့်ဖိတ်ခံရတဲ့လူတွေဟာအလုပ်နဲ့ရှုပ်နေကြပြီးမလာနိုင်တော့ကြောင်းအကြောင်းပြချက်အမျိုးမျိုးပေးကြပါတယ်၊တချို့ကမြေကွက်ဝယ်ထားတာသွားကြည့်ရမယ်တဲ့၊တချို့ကနွားဝယ်ထားလို့သွားစမ်းကြည့်ရမယ်တဲ့၊တချို့ကမင်္ဂလာဆောင်မှာမို့မလာနိုင်တော့ဘူးတဲ့။
ချစ်သောညီကိုမောင်နှမတို့၊ယနေ့အသင်းတော်တွေမှာလဲအလားတူဝတ်ပြုစည်းဝေးကိုလာဖို့အလုပ်မအားနိုင်တဲ့သူအများကြီးဖြစ်နေပါပြီ၊အထူးသဖြင့်ဝတ်ပြုချိန်မှအလုပ်အကိုင်ကြီးတွေထွက်လာတတ်တော့ပိုဆိုးပါပြီ။ဒီစာကိုဖတ်နေတဲ့ချိန်သင်ဆင်ခြင်ရမှာက”ငါ့အလုပ်အကိုင်တွေကငါ့ကိုဘုရားနဲ့ဝေး နေစေပြီလား”ဆိုတာပါဘဲ။အလုပ်အကိုင်မလုပ်ပါနဲ့လို့သွန်သင် နေတာမဟုတ်ပါဘူး၊ဘုရားဝတ်ပြုဖို့ဟာသင့်အလုပ်အကိုင်ထက်ပိုအ ရေးကြီးကြောင်းသင်သိဖို့ပါ။ယနေ့သင့်အလုပ်အကိုင်ဟာသင့်ကိုအသက်ပေးပြီးချစ်ခဲ့တဲ့သခင်ထက်အရေးကြီးနေပြီလားဆိုတာဆင်ခြင်တတ်ဖို့ပါ။
၃။စည်းစိမ်ဥစ္စာ(မဿဲ၁၉-၂၁-၂၄)
မဿဲ၁၉:၁၆-၂၄ထဲမှာသူ ဌေးလူငယ်တယောက်ကယေရှုဆီလာပြီးထာဝရအသက်ကိုရဖို့ဘာ ကောင်းမှုလုပ်ရမလဲမေးပါတယ်(အမှန်ကသူ ကောင်းမှုတွေဘယ်လောက်လုပ်ခဲ့ကြောင်းလာကြွားခြင်းပါ)၊မေးခွန်းကိုကမှားနေကြောင်း(ကောင်းမှုကြောင့်ကယ်တင်ခြင်းရတာမဟုတ်)ယေရှုသိပေမယ့်သူ့လိုအပ်ချက်ကိုယေရှုသိနေတဲ့အခါ၊သူ့ကို”ရှိသမျှဥစ္စာကိုရောင်းပြီးဆင်းရဲသားကိုပေးပါ၊ငါ့နောက်လိုက်ပါ”လို့ပြောလိုက်တော့၊ဒီလူငယ်ကစည်းစိမ်ဥစ္စာအင်မတန်ချမ်းသာတဲ့သူဖြစ်လို့စိတ်မသာဘဲထွက်သွားခဲ့ပါတယ်။
ချစ်သောမိတ်ဆွေ၊ယနေ့ယုံကြည်သူတွေထဲမှာငွေရေးကြေးရေးနဲ့ဘုရားဝတ်ပြု ရေးပတ်သက်လာရင်များစွာသောလူတွေကငွေကြေးပိုင်းဘဲဦးစားပေးသွားတာများနေကြပါတယ်။အမှန်တော့ရှိသမျှရောင်းပြီးဆင်းရဲသားကိုပေးပါဆိုတာထက်ဘုရားအမှုကိုစည်းစိမ်ထက်အ လေးထားတတ်ဖို့သင်ပေးနေတာပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်/ကျွန်မ တို့ဝတ်ပြုစည်းဝေးမလာတာကငွေကြေးနဲ့အများဆုံးပတ်သတ်နေလို့ပါ။ယနေ့သင့်ငွေကြေး၊သင့်စည်းစိမ်ဥစ္စာဟာဘုရားဝတ်ပြုဖို့အတားဆီးဖြစ်နေစေပြီလား?ဆင်ခြင်စရာပါမိတ်ဆွေ။
၄။အပျော်အပါးလိုက်ခြင်း(လုကာ၁၇:၂၆-၃၀)
လုကာ၁၇:၂၆-၃၀မှာ”လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက်နေသကဲ့သို့၎င်း…”နောက်ဆုံးသောကာလမှာဖြစ်ပျက်မဲ့လူတွေရဲ့အပျော်အပါးတပ်မက်ပြီးဘုရားကိုဥ ပေက္ခာပြုမေ့လျော့နေတဲ့အရာကိုဖော်ပြထားပါတယ်။
ချစ်သောညီကိုမောင်နှမတို့၊ယနေ့ခေတ်ဟာကျမ်းစာထဲပြောတဲ့တိုင်းဖြစ်နေပါပြီ၊ဘုရားဝတ်ပြုသွားမယ်ဟေ့ဆိုရင်ခေါင်းကိုက်ဗိုက်နာအကြောင်းပြချက်သောင်း ခြောက်ထောင်လောက်ရှိနေနိုင်ပါတယ်၊အလည်သွားမယ်၊ရှော့ပင်းသွားမယ်ဆိုရင်မြန်ချက်ကလန်ထွက်နေတာပါဘဲ။သူငယ်ချင်းနဲ့အရက်ဆိုင်သွားဖို့မိုင်ပေါင်းဘယ်လောက်ဘဲဝေးနေပါစေအရောက်သွားကြပေမယ့်၊အိမ်ဘေးမှာသာရှိနေတဲ့ဝတ်ပြုစည်းဝေးကိုတော့ရောက်ဖို့အင်မတန်ခက်ခဲနေတတ်ပါတယ်။ယနေ့သင့်အပျော်အပါးလိုက်ခြင်းဟာသင့်ဘုရားဝတ်ပြုဖို့အတားဆီးကြီးဖြစ်နေပြီလားဆိုတာဆင်ခြင်ကြည့်ကြပါစို့။
နိဂုံး
ချစ်သောမိတ်ဆွေ၊တကယ်တော့မိသားစုဝင်တွေကိုချစ်ရပါမယ်၊အလေးလဲပေးရပါမယ်၊တန်ဖိုးထားရပါမယ်။ဒါပေမယ့်ဒီအရာတွေဟာသင်ဝတ်ပြုစည်းဝေးသွားဖို့အတားဆီးမဖြစ်ပါစေနဲ့။လူတိုင်းမှာအလုပ်ကိုယ်စီရှိကြပါတယ်၊အလုပ်ကိုကြိုးစားလုပ်ကိုင်ပြီးဘဝမြင့်တင်ဖို့အင်မတန်အရေးကြီးလှပါပေတယ်၊ဒါပေမယ့်အလုပ်အကိုင်ဟာသင်ဘုရားဝတ်ပြုဖို့အတားဆီးမဖြစ်စေပါနဲ့။စည်းစိမ်ဥစ္စာချမ်းသာတာအပြစ်တခုမဟုတ်ပါဘူး၊ဒါပေမယ့်စည်းစိမ်ဥစ္စာ ပေးတဲ့ဘုရားရှင်ထက်စည်းစိမ်ဥစ္စာကိုသာ၍မြတ်နိုးနေတယ်ဆိုရင်အမြန်ပြင်ဆင်လိုက်ပါ။နောက်ဆုံးအနေနဲ့ရိုးရိုးသားသားပျော်ပါးခြင်းဟာမင်္ဂလာတပါးပါ၊ဒါပေမယ့်အပျော်မက်ပြီးဘုရားမေ့သွားခဲ့ရင်အမင်္ဂလာဖြစ်သွားနိုင်တယ်ဆိုတာအမြဲဆင်ခြင်ရင်းအသက်ရှင်ကြပါစို့။
ဖတ်ရှုခွန်အားယူသူတိုင်းဝိညာဉ်တော်အလင်းရပါစေ။အာမင်။