ဘုရားရဲ့လောင်သောမီး(၇)မျိုး
၁။လောင်ကျွမ်းစေသောဘုရား
(ငါတို့ဘုရားသခင်သည် လောင်သောမီး ဖြစ်တော်မူ၏။ဟေဗြဲဩဝါဒစာ 12:29 )မူရင်းစကားလုံးအဓိပ္ပာယ်ကဖျက်ဆီးပစ်ခြင်းပါ။ဘုရားသခင်ဟာသန့်ရှင်းတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်၊မသန့်ရှင်းသောအရာများကိုဖျက်ဆီးလောင်ကျွမ်းစေခြင်းဖြစ်ပါတယ်။
၂။ဖြောင့်မတ်စွာစီရင်တဲ့ဘုရား
(ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍၊ အသက်ကြီးသော သူတစ်ဦးသည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုးပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသော သိုးမွေးနှင့်တူ၏။ ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီး ရှိ၏။ မျက်နှာတော်မှာ မီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိ များစွာသောသူတို့သည် အမှုတော်ကို ဆောင်ရွက်၍၊ ကုဋေသင်္ချေမက ရှေ့တော်၌ ခစား၍နေကြ၏။ တရားစီရင်ခြင်းငှာပြင်ဆင်၍ စာစောင်များကို ဖွင့်ထားကြ၏။
ဒံယေလအနာဂတ္တိကျမ်း7:9-10 )ဒီကျမ်းချက်ထဲကမီးလျှံနဲ့မီးစက်လှည်းဘီးရဲ့ဆိုလိုရင်းကဖြောင့်မတ်မှန်ကန်ပြီး၊တရားမျှတစွာစီရင်တဲ့ဘုရားသခင်ကိုရည်ညွန်းပုံဆောင်တာဖြစ်ပါတယ်။
၃။ကယ်တင်သောဘုရား
(ထိုအခါ ဘုရားသခင်၏ကောင်းကင်တမန်သည် ချုံထဲကထွက်သော မီးလျှံ၌ထင်ရှား၏။ မောရှေသည်ကြည့်သောအခါ၊ မီးလောင်၍ ချုံမကျွမ်းဘဲရှိသည်ကို မြင်လျှင်၊ အဘယ်ကြောင့် ချုံမကျွမ်းဘဲရှိသနည်း။ ဤထူးဆန်းသောရူပါရုံကို ငါသွား၍ ကြည့်ရှုမည်ဟုဆို၏။ထွက်မြောက်ရာကျမ်း3:2-3 )ဒီကျမ်းချက်ထဲကမီလျှံဟာဘုရားသခင်ကိုပုံဆောင်ပြီးချုံ(ဆူးပင်)ကိုလောင်နေပေမယ့်ချုံမကျွမ်းသွားခြင်းဟာဘုရားသခင်ကိုယ်တိုင်လူတွေဆီလာပြီးကယ်တင်ခြင်းအမှုကိုပြုမှာဖြစ်ကြောင်းပုံဆောင်ပါတယ်။
၄။စကားဖြင့်ပြုပြင်ပေးသောဘုရား
(ငါ၏ နှုတ်ကပတ်တော်သည် မီးကဲ့သို့လည်းကောင်း၊ ကျောက်ကိုထုချေသော သံတူကဲ့သို့လည်းကောင်း ဖြစ်သည်မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။ယေရမိအနာဂတ္တိကျမ်း23:29 )
ဘုရားနူတ်တော်ထွက်စကား(သမ္မာကျမ်းစာ)ဟာယနေ့တိုင်ဖတ်ရှုသူတိုင်းကိုစကားပြောနေခြင်းဖြစ်ပြီး၊ဒီစကားနဲ့ဖတ်ရှုသူတွေကိုခုထိတိုင်ပြုပြင်ပေးနေတုန်းပါ။
၅။တဆူတည်းသောဘုရား
(အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် လောင်သောမီး၊ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား ဖြစ်တော်မူ၏။တရားဟောရာကျမ်း4:24 )ဒီကျမ်းချက်ထဲက“အပြစ်ရှိသည်ဟုယုံလွယ်သော”ဆိုတာနားလည်မှုမမှားဖို့လိုပါတယ်။ဘုရားသခင်ကအပြစ်ရှိမရှိမသိသေးဘဲအပြစ်ရှိတယ်လို့ခန့်မှန်းယုံလွယ်ခြင်းမျိုးမဟုတ်ပါ။သူ့ကိုဘဲကိုးကွယ်စေချင်တဲ့ဘုရား၊သူသာလျှင်တဆူတည်းသောဘုရားဖြစ်ကြောင်းလူသားတွေကိုသတိပေးနေခြင်းပါ။တနည်းအားဖြင့်ဒီနေရာမှာပြောတဲ့လောင်သောမီးဟာအခြားဘုရားတွေအားလုံးသူ့ရှေ့မှာရပ်တည်လို့မရနိုင်ခြင်း၊သူသာလျှင်ဘုရားသခင်ဖြစ်ခြင်းကိုဆိုလိုပါတယ်။
၆။ချက်ချင်းအပြစ်စီရင်သောဘုရား
(ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ မိုးချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အသံဗလံမြည်ခြင်းနှင့်တကွ မိုးသက်မုန်တိုင်း၊ လောင်တတ်သော မီးလျှံအားဖြင့် အပြစ်ပေးတော်မူမည်။
ဟေရှာယအနာဂတ္တိကျမ်း29:6 )ဒီကျမ်းချက်ထဲမှာပြောတဲ့မီးလျှံဆိုတာ၊မျက်မှောက်ခေတ်အသက်ရှင်နေတုန်းကာလမှာလူသားတွေအပေါ်ဘုရားသခင်ပြုတဲ့အပြစ်စီရင်ခြင်းဖြစ်ပါတယ်။(ဟေရှာ၃၀:၂၇-၃၀)
၇။လမ်းပြကွယ်ကာသောဘုရား
(သို့ဖြစ်၍ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ရှေ့မှာကြွသဖြင့်၊ လောင်သောမီးကဲ့သို့ဖြစ်လျက် သူတို့ကိုဖျက်ဆီး၍၊ သင့်မျက်မှောက်၌ နှိမ့်ချတော်မူမည်အကြောင်းကို ယခုသဘောကျလော့။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သင်သည် သူတို့ကိုနှင်ထုတ်၍ အလျင်အမြန် ဖျက်ဆီးရလိမ့်မည်။တရားဟောရာကျမ်း9:3 )ဒီကျမ်းချက်ထဲကလောင်သောမီးဆိုတာယနေ့ယုံကြည်သူကိုအဓိကကွယ်ကာစောင့်မခြင်း၊လမ်းပြထွန်းလင်းပေးခြင်းဖြစ်ပါတယ်။
သတိ
ဘုရားသခင်ဟာချစ်ခြင်းမေတ္တာဖြစ်တယ်၊တောင်းပန်ရင်ခွင့်လွတ်မှာပါဆိုပြီးအခွင့်ကောင်းယူအပြစ်လုပ်နေရင်သတိထားပါ။ဘုရားရဲ့မေတ္တာနဲ့ဖြောင့်မတ်ခြင်းကအတူတူဖြစ်တည်နေတာမမေ့ပါနဲ့။သင်လုပ်နေတဲ့အရာအားလုံးမီးနဲ့စစ်ကြောခံရမှာပါ(၁
ကော 3:12-15)၊အခွင့် ရေးပေးတုန်း နောင်တမရ၊လက်မခံဘဲငြင်းပယ်ခဲ့သူအားလုံးမီးနဲ့ဒဏ်ခတ်ခံရပါမယ်(၂သက်1:6-8)၊စာတန်မာနတ်နဲ့သူ့အပေါင်းအပါအားလုံးကန့်မီးအိုင်ထဲပစ်ချခံရမယ်(ဗျာ20:10)။