• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သမ္မာကျမ်းစာထဲမှသော့(၇)ချောင်း

ဆရာရဲမင်း

11 月 11, 2024

သမ္မာကျမ်းစာထဲမှသော့(၇)ချောင်း

သော့ဆိုတာအင်မတန်အရေးကြီးပြီးအဓိကကျတဲ့အရာဖြစ်ပါတယ်။ကား၊ဆိုင်ကယ်၊စက်ဘီးနဲ့စက်တခုလုံးနိုးပြီလှုပ်ရှားသွားလာနိုင်ဖို့သော့လိုအပ်သလို၊အိမ်ကြီးထဲဝင်ဖို့၊မီးခံသေတ္တာဖွင့်ဖို့နဲ့ဂိုဒေါင်ဖွင့်ဖို့သော့တွေကအရေးပါနေပါတယ်။အထူးသဖြင့်နည်းပညာသမားတွေအတွက်keyဟာအင်မတန်အရေးကြီးတဲ့အရာဆိုတာနည်းပညာသမားတိုင်းနားလည်မှာပါ။ဒီသော့သာမရှိခဲ့ရင်လိုချင်၊ဝင်ချင်၊လုပ်ချင်၊ရောက်ချင်တဲ့အရာတခုမှမဖြစ်နိုင်တော့ဘဲဖြစ်နေတတ်ပါတယ်။သမ္မာကျမ်းစာတစ်အုပ်လုံးမှာလဲအလားတူသော့၇မျိုးကိုဖော်ပြထားတာတင်ပြလိုက်ရပါတယ်။

၁။ဒါဝိဒ်မင်းမျိုး၏တံခါးသော့
ဟေရှာယအနာဂတ္တိကျမ်း ၂၂:၂၂မှာ” ဒါ​ဝိဒ်​မင်း​မျိုး၏​တံ​ခါး​သော့​ကို သူ၏​ပ​ခုံး​ပေါ်​မှာ ငါ​တင်​ထား​သ​ဖြင့်၊ သူ​သည် အ​ဘယ်​သူ​မျှ​မ​ပိတ်​နိုင်​အောင်​ဖွင့်​လိမ့်​မည်။ အ​ဘယ်​သူ​မျှ မ​ဖွင့်​နိုင်​အောင် ပိတ်​လိမ့်​မည်”။ဆိုထားသလို၊ဗျာဒိတ်ကျမ်း ၃:၇မှာလဲ”ဖိလဒေလဖိမြို့၊ရှိသော အသင်းတော်၏ တမန်ကိုဤသို့ရေး။ မှာလိုက်လော့၊ သန့်ရှင်းသောသူ၊ဟုတ်မှန်သောသူ၊ ဒါဝိဒ်မင်း၏ တံခါးသော့ကို ကိုင်သောသူ၊အဘယ်သူမျှ မပိတ်နိုင်အောင် ဖွင့်၊အဘယ်သူမျှမဖွင့်နိုင်အောင်ပိတ်သောသူ၏ အမိန့်တော်ကား “ဆိုပြီးတွေ့ရပါတယ်။သမ္မာကျမ်းစာထဲမှာဖော်ပြထားတဲ့ပထမဦးဆုံးသော့ဟာဒါဝိဒ်မင်းမျိုးရဲ့တံခါးသော့လို့ဆိုထားပါတယ်။အထူးသဖြင့်ဒါဝိဒ်ဟာ
ရှင်ဘုရင်ဖြစ်တဲ့အတွက်ဒီသော့ဟာအာဏာနဲ့အုပ်စိုးခြင်းကိုပုံဆောင်ထားပါတယ်၊ဒီအာဏာလုပ်ပိုင်ခွင့်ဟာအပြစ်သားတွေကိုအပြစ်ရဲ့ကျေးကျွန်ကနေလွတ်မြောက်စေတဲ့ဧဝံဂေလိတရားပါဘဲ၊ဧဝံဂေလိပြန့်ပွားမူကိုဘယ်သူမှတားမြစ်လို့မရသလိုဧဝံဂေလိဆိုတဲ့ဒီတံခါး(အချိန်)ပိတ်သွားခဲ့ရင်လဲဘယ်သူမှပြန်မဖွင့်နိုင်တော့တဲ့သဘောပါ။

၂။ကောင်းကင်နိုင်ငံတော်၏သော့
ရှင်မဿဲခရစ်ဝင်၁၆:၁၉”ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အားငါပေးမည်၊ သင်သည်မြေကြီးပေါ်မှာ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၊ချည်နှောင်လျက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ဖြည်လွှတ်လျက်ရှိလိမ့်မည်ဟုမိန့်တော်မူပြီးလျှင်…”။
ဒုတိယသော့က‌တော့ပထမသော့ဖြစ်တဲ့ဧဝံဂေလိအာဏာသော့နဲ့နီးစပ်ပါတယ်။သူကကောင်းကင်နိုင်ငံဝင်ဖို့အဓိကသော့ချက်ပါ။ဒါဟာဧဝံဂေလိအားဖြင့်ကယ်တင်ခြင်းရောက်သူကိုဆိုလိုပါတယ်။ဒီသော့ကိုသခင်ယေရှုကပထမဦးဆုံးပေတရုကို‌ ပေးအပ်ပြီး၊တမန်‌ တော်တွေကိုလက်ဆင့်ကမ်း‌စေခဲ့ပါတယ်။‌ ပေတရုနဲ့တမန်တော်တွေဟာကနဦးအစမှာဒီသော့နဲ့လူပေါင်းရှစ်ထောင်လောက်ကိုကောင်းကင်နိုင်ငံဝင်ဖို့လုပ်ပေးနိုင်ခဲ့ကြောင်းတမန်တော်ဝတ္ထုအခန်းကြီး၂နဲ့အခန်းကြီး၄တွေမှာဖော်ပြထားပါတယ်။ဒါ ကြောင့်ဒီသော့ဟာကယ်တင်ခြင်းတရားသော့ဖြစ်ပါတယ်။

၃။ပညာဖွင့်သောသော့
ရှင်လုကာခရစ်ဝင် ၁၁:၅၂မှာ”ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏၊အကြောင်းမူကားပညာဖွင့်သောသော့ကိုသိမ်းထားကြပြီး မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြသည်ဟုမိန့်တော်မူ၏”။
တတိယသော့ဖြစ်တဲ့ပညာဖွင့်သောသော့ဆိုတာအသက်ရှင်သောဘုရားသခင်ကိုသိနိုင်တဲ့နည်းလမ်းပါ။အပေါ်ကကျမ်းချက်ထဲမှာသခင်ယေရှုကဖာရိရှဲတွေကိုသင်တို့ဟာဘုရားကိုသိနိုင်တဲ့နည်းသိထားကြပေမယ့်၊ကိုယ်တိုင်ဒီနည်းတိုင်းမခံယူသလို၊ဒီနည်းခံယူလိုသူလူတွေကိုလဲသေချာမချပြဘဲဆီးတာကြနေတယ်လို့ပြစ်တင်ဝေဖန်ခဲ့တာပါ။ယနေ့ခေတ်ကာလမှာလဲများစွာသောခရစ်ယာန်တွေနဲ့တရားဟောဆရာတွေဟာသမ္မာတရားကိုမသိတာမဟုတ်သိသိကြီးနဲ့ကိုယ်တိုင်မလိုက်လျှောက်သလိုသူတပါးကိုလဲဘုရားသခင်ဆီရောက်ဖို့အရေးထက်သူ့ဆီရောက်ဖို့လုပ်နေကြတာအင်မတန်ဝမ်းနည်းစရာပါ။လူတိုင်းသမ္မာတရားကိုသိဖို့ဒီပညာဖွင့်တဲ့သော့ကိုသေချာအသုံးပြုကြပါစို့။

၄။သေခြင်း၏သော့
ဗျာဒိတ်ကျမ်း ၁:၁၈မှာ”အသက်ရှင်သောသူလည်းဖြစ်၏၊ငါသည်သေခဲ့၏၊သို့သော်ကြည့်ရှုလော့ ငါသည်ကမ္ဘာအဆက်ဆက်အသက်ရှင်လျက်ရှိ၏။ သေခြင်းနှင့်မရဏာနိုင်ငံတို့၏သော့များကိုလည်း ငါကိုင်ထား၏”။
အထက်ပါကျမ်းချက်ကဆရာယုဒသန်ဘာသာပြန်တဲ့ကျမ်းမှာသော့ဆိုတဲ့စကားလုံးမပါပေမယ့်မူရင်းမှာပါနေတဲ့အတွက်မူရင်းနဲ့နီးစပ်တဲ့မြန်မာ့စံမီဘာသာပြန်ကျမ်းကိုကူးယူဖော်ပြထားတာပါ။သေခြင်းသော့ဆိုတာတော့ထွေထွေထူးထူးရှင်းပြစရာမရှိပါဘူး၊သခင်ယေရှုခရစ်တော်ဟာလူသားတစုလုံးရဲ့သေခြင်းရှင်ခြင်းကိုအစိုးရကြောင်းသိဖို့သာဖြစ်ပါတယ်။

၅။မရဏာနိုင်ငံ၏သော့
ဗျာဒိတ်ကျမ်း ၁:၁၈”အသက်ရှင်သောသူလည်းဖြစ်၏၊ငါသည်သေခဲ့၏၊သို့သော်ကြည့်ရှုလော့၊ ငါသည်ကမ္ဘာအဆက်ဆက်အသက်ရှင်လျက်ရှိ၏။ သေခြင်းနှင့်မရဏာနိုင်ငံတို့၏သော့များကိုလည်း ငါကိုင်ထား၏”။
ဒီကျမ်းချက်ထဲမှာသေခြင်းနဲ့မရဏာဆိုပြီးနှစ်ခုဖော်ပြထားတဲ့အတွက်ကျမ်းချက်တခုထဲကိုဘဲသော့နှစ်ချောင်းခွဲပြောရပါမယ်။ဒီကျမ်းချက်ဟာသခင်ယေရှုခရစ်တော်ကနေမိမိကိုယ်ကိုမိတ်ဆက်ပေးနေခြင်းဖြစ်ပါတယ်၊လူသားတွေရဲ့အပြစ်အတွက်သေဖူးသူ၊ရှင်ပြန်ထမြောက်ဖူးသူ၊ထာဝရကာလပတ်လုံးအသက်ရှင်နေသူ၊အရေးကြီးဆုံးကသေခြင်းနဲ့မရဏာကိုတောင်အောင်မြင်ပြီးအစိုးရနေသူပါ။ဒါကြောင့်ယေရှုကိုယုံကြည်လက်ခံသောသူတိုင်းသေခြင်းနဲ့မရဏာကိုအောင်မြင်မှာဖြစ်ပါတယ်၊ဟာ‌လေလုယာ။

၆။အနက်ဆုံးသောတွင်း၏သော့
ဗျာဒိတ်ကျမ်း၂၀:၁ မှာ”တဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့နှင့် သံကြိုးကြီးကိုကိုင်လျက်ကောင်းကင်က ဆင်းသက်သည်ကိုငါမြင်၏”။
ရှင်လုကာခရစ်ဝင်၈:၃၁”အနက်ဆုံးသော အရပ်သို့သွားစေခြင်းငှါ မနှင်ပါမည်အကြောင်း တောင်းပန်လေ၏”။
ဒီသော့ကိုဗျာဒိတ်ကျမ်းမှာကောင်းကင်တမန်ကကိုင်ထားတယ်လို့ဆိုထားပေမယ့်ကောင်းကင်တမန်ကပိုင်ဆိုင်ထားတာမဟုတ်ဘဲဘုရားသခင်ခိုင်းတဲ့တာဝန်ကိုဆောင်ရွက်နေခြင်းသာဖြစ်တယ်ဆိုတာသိသာပါတယ်။ဒီသော့ပိုင်ရှင်ဟာသခင်ယေရှုခရစ်တော်ဖြစ်ကြောင်းလုကာ၈:၃၁အရသိရပြန်ပါတယ်။ဆိုတော့အနက်ဆုံးသောတွင်းဆိုတာနတ်ဆိုးဝိညာဉ်ဆိုးတွေချုပ်နှောင်တဲ့နေရာဖြစ်ပါတယ်၊ဒီသော့ဟာနတ်ဆိုးတွေကိုနင်ထုတ်ပြီးပိတ်လှောင်ထားနိုင်တဲ့အာဏာတန်ခိုးပါ၊ဒါကြောင့်ယနေ့သင့်အသက်တာမှာနတ်ဆိုးဝိညာဉ်ဆိုးနှောင့်ယှက်ခံနေရပြီဆိုရင်ယေရှုနာမအားဖြင့်ယုံကြည်ခြင်းနဲ့အနက်ဆုံးတွင်းထိပို့‌ လှောင်လိုက်ပါ။

၇။ကောင်းကြီးမင်္ဂလာ၏သော့
မာလခိအနာဂတ္တိကျမ်း ၃:၁၀”ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း၍၊ငါ့အိမ်တော်၌စားစရာရှိစေခြင်းငှါပြုကြလော့၊ ငါ သည်မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည်မသွန်းလောင်းမည်ကိုထိုသို့စုံစမ်းကြလော့ဟုကောင်း ကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏”။
ဒီကျမ်းချက်ထဲမှာသော့ဆိုတဲ့စကားလုံးရှာမတွေ့ပေမယ့်၊ကောင်းကင်ပြတင်းပေါက်ဖွင့်စေဖို့တခုတည်းသောနည်းလမ်းဟာဆယ်ဘို့တဘို့ကိုဘုရားကျောင်းမှာသစ္စာရှိရှိပါဝင်ခြင်းဖြစ်ကြောင်းထင်ရှားနေပါတယ်။တနည်းအားဖြင့်ဒါဟာဘုရားသခင်ကိုယ်တိုင်ကတိပေးထားတဲ့ကောင်းကြီးခံစားရစေမည့်သော့ဘဲဖြစ်ပါတယ်။ယနေ့သင်ကောင်းကြီးခံစားချင်ရင်ဒီသော့(ဆယ်ဖို့တဖို့ထည့်ဖြင်း)ဖြင့်ရယူတတ်ဖို့လိုပါတယ်။