နှစ်သစ်မှာလူသစ်အတွက်စကား(၇)ခွန်း
၁။စေ့စေ့မြေ့မြေ့ကျင့်ဆောင်ပါ။
(ဧဖက်ဩဝါဒစာ ၅:၁၅ ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြ လော့။)
စေ့စေ့မြေ့မြေ့ကျင့်ဆောင်တယ်ဆိုတာဘုရားပေးတဲ့ညာဏ်ပညာနဲ့လုပ်သင့်၊မလုပ်သင့်တာကိုခွဲခြားသိတတ်ခြင်းဘဲဖြစ်ပါတယ်။ကိုယ်ပိုင်ညာဏ်ပညာဟာအကန့်သတ်ရှိပါတယ်၊ဒါပေမဲ့ဘုရားကိုသိပြီးရလာတဲ့ညာဏ်ပညာကတော့ မြွေ ကဲ့သို့ လိမ္မာပြီး ချိုးငှက်လိုအဆိပ်ကင်းပါလိမ့်မယ်။နှစ်သစ်မှာစေ့စေ့မြေ့မြေ့ကျင့်ဆောင်ကြဖို့ကျမ်းစာအားဖြင့်ခွန်အားယူကြပါစို့။
၂။ကာလအချိန်ကိုရွှေးနုတ်တတ်ပါ။
(ဧဖက်ဩဝါဒစာ ၅:၁၆ ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြလော့။)
ကာလအချိန်ကိုရွေးနုတ်ကြလောဆိုတာမူရင်းအဓိပ္ပာယ်ပိုရှင်းအောင်ပြောရရင်အချိန်ကိုအလေးထားအသုံးပြုပါလို့ဖြစ်ပါတယ်။ဘာကြောင့်အချိန်ကိုအလေးထားအသုံးပြုရမှာလဲဆိုတော့နေ့ရက်ကာလဟာဆိုးယုတ်လာလို့ပါ။နေ့ရက်ကာလဆိုးယုတ်လာတာနဲ့အမျှဘုရားသခင်ဟာဒီလောကကိုတရားစီရင်ဖို့ပိုမြန်လာပါလိမ့်မယ်။ထို့ကြောင့်ယုံကြည်သူခရစ်ယာန်များနှစ်သစ်မှာအချိန်ကိုတန်ဖိုးထားပြီးတန်ဖိုးရှိစွာဘုရားအတွက်အကျိုးရှိရှိအသုံးပြုသွားကြရအောင်။
၃။ဘုရားအလိုတော်ကိုသိသောသူဖြစ်စေပါ။
(ဧဖက်ဩဝါဒစာ ၅:၁၇ ထိုကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြင်း၍ သိသောသူ ဖြစ်ကြ လော့။)
ယုံကြည်သူခရစ်ယာန်တွေဘယ်လိုနည်းနဲ့ဘုရားအလိုတော်ကိုသိနိုင်ပါ့မလဲ?အဖြေကတော့ကျမ်းစာဖတ်ခြင်းနဲ့ဝိညာဉ်တော်ဖွင့်ပြဖို့တောင်းခံခြင်းကနေဘဲဖြစ်ပါတယ်။ကျမ်းစာဘဲဖတ်ပြီးဝိညာဉ်တော်မဖွင့်ပြရင်ကျမ်းစာသာတတ်တဲ့ခေါင်းကြီးခရစ်ယာန်သာဖြစ်နေတတ်ပြီးဘုရားအလိုတော်မသိလို့အသက်သာမပြောင်းလဲမကြီးထွားနိုင်ပါဘူး။ထို့အတူပါဘဲကျမ်းစာမဖတ်ဘဲဝိညာဉ်တော်ဖွင့်ပြတယ်လို့ပြောနေသူဟာလဲစိတ်ထင်ရာလျှောက်ပြောနေသူဘဲဖြစ်ပါတယ်။နှစ်သစ်မှာကျမ်းစာကိုသေချာဖတ်ရှုပြီးဝိညာဉ်တော်ကိုအလင်းပြဖို့ဖိတ်ခေါ်တတ်တဲ့သူများဖြစ်ကြပါစို့၊ဒါမှဘုရားအလိုတော်သိသောသူဖြစ်လာပါလိမ့်မည်။
၄။ဝိညာဉ်တော်ပြည့်စုံလျက်ရှိစေပါ။
(ဧဖက်ဩဝါဒစာ ၅:၁၈ လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလော့။)
ဘာကြောင့်စပျစ်ရည်ကိုမလွန်ကျူးစေနဲ့ပြောပါသလဲ?အဲလ်ကိုဟောပါဝင်နေတဲ့စပျစ်ရည်သို့မဟုတ်အရက်ဆိုတာယစ်မူးစေတတ်လို့ပါ။ယစ်မူးခြင်းဟာအရှက်ရစေတယ်၊အန္တရာယ်ဖြစ်စေတယ်၊ပြဿနာဖြစ်စေတယ်၊အမှားလုပ်မိစေတယ်၊ကုန်ကုန်ပြောရရင်အပြစ်ဖြစ်စေမယ်။ကားမောင်းရင်တောင်မူးရင်မမောင်းနဲ့မောင်းရင်မမူးနဲ့လို့လောကတရားတောင်သွန်သင်ထားတတ်ကြပြီ။ဒါကြောင့်မယစ်မူးနဲ့ဝိညာဉ်တော်နဲ့သာပြည့်စုံစေပါလို့ပြောထားတာပါ။ဆိုတော့ဝိညာဉ်တော်ပြည့်စုံတယ်ဆိုတာယစ်မူးတာနဲ့ဆန့်ကျင်ဖက်ပါဘဲ။ရှင်းရှင်းလင်းလင်းသိပြီးဝိညာဉ်ပကတိနဲ့ပြည့်ဝတဲ့သူဖြစ်ပါတယ်။တနည်းအားဖြင့်ဝိညာဉ်တော်ပြည့်စုံခြင်းဆိုတာ (ဂလာတိဩဝါဒစာ ၅:၂၂-၂၃ အရ)ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းတွေဘဲဖြစ်ပါတယ်။
၅။နူးညံ့သောစိတ်ဖြင့်ချီးမွမ်းတတ်စေပါ။
(ဧဖက်ဩဝါဒစာ ၅:၁၉ ဆာလံသီချင်းမှစသော ဓမ္မသီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆိုဘတ်ရွတ်၍၊ နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌ ကျူးဧ၍သီချင်း ဆိုကြလော့။)
ယုံကြည်သူခရစ်ယာန်တွေများသောအားဖြင့်ကာရာအိုကေနဲ့ကေတီဗွီမှာငွေပေးပြီးအသံကုန်အော်ဟစ်သီဆိုတတ်ကြပေမဲ့ဘုရာဝတ်မှာတော့စာအုပ်ဖွင့်ပြီးပါးစပ်ကတုန်ရုံလေးဖြစ်နေတတ်ကြပါတယ်။ဒါကြောင့်နှစ်သစ်ကစပြီးချီးမွမ်းကိုးကွယ်ခြင်းမှာအားရပါးရ(နူးညံ့သောစိတ်ဖြင့်)သီဆိုချီးမွမ်းဖို့ဆုံးဖြတ်ကြပါစို့။အကယ်၍ကျနော်တို့ကမချီးမွမ်းဘဲနေရင်ကျောက်ခဲတွေကထခုန်ချီးမွမ်းနေကုန်ပါအုံးမည်။
၆။ယေရှုနာမဖြင့်ဘုရားကိုကျေးဇူးတင်တတ်ပါ။
(ဧဖက်ဩဝါဒစာ ၅:၂၀ ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကို ထောက်၍၊ ခမည်းတော်ဘုရားသခင်ရှေ့၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့။)
ကျေးဇူးတော်ချီးမွမ်းတတ်သောသူဟာဘယ်လိုအခြေနေမျိုးမှာဘဲဖြစ်ဖြစ်အမြဲငြိမ်သက်ဝမ်းမြောက်သောသူဖြစ်ပါတယ်။နှစ်သစ်မှာယေရှုခရစ်တော်အားဖြင့်အမြဲကျေးဇူးတော်ကိုရေတွက်ချီးမွမ်းတတ်သောသူများဖြစ်ကြပါစို့။
၇။အချင်းချင်းစိတ်နှိမ့်ချတတ်စေပါ။
(ဧဖက်ဩဝါဒစာ ၅:၂၁ ခရစ်တော်ကို ခန့်ညားသောအားဖြင့်၊ အချင်းချင်း တယောက်အောက်တယောက်ကိုယ်ကို နှိမ့်ချလျက် နေကြလော့။)
အချင်းချင်းလို့ပြောတဲ့အခါအသင်းတော်ဖြစ်တဲ့ညီကိုမောင်နှမကိုပြောခြင်းဖြစ်ပါတယ်။အသင်းတော်ထဲမှာအကြီးကဲဟာခရစ်တော်ကလွဲလို့ကျန်တာအားလုံးခရစ်တော်၌တစ်တန်းထဲဖြစ်ပါတယ်။ဘယ်သူကဘာဖြစ်လို့အကြီး၊ဟိုကအငယ်ဘာညာမရှိပါဘူး၊အားလုံးဘုရားသားသမီးတွေပါဘဲ၊ဒါကြောင့်နှစ်သစ်ကစပြီးဘုရားကျောင်းသွားရင်မည်သူမဆိုကိုယ့်ရာထူး၊ကိုယ့်ချမ်းသာမှု၊ကိုယ့်အဆင့်တွေဂုဏ်တွေအားလုံးကိုအိမ်မှာဘဲထားခဲ့ပြီးနှိမ့်ချသောစိတ်နဲ့အသင်းတော်သို့ပါဝင်ကြပါစို့ဗျာ။
ခရစ်တော်၌ကြီးထွားရင်ကျက်သောသူများဖြစ်ပါစေ။
အာမင်။