ကယ်တင်ခြင်းရပြီဆိုတဲ့သက်သေ(၅)ချက်
နိဒါန်း
“၁ယော၅:၁၃ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှာ၊ဤအရာများကိုသင်တို့အားငါရေး၍ပေးလိုက်၏။”ဆိုတဲ့ကျမ်းချက်အရ-လူတစ်ယောက်ကယ်တင်ခြင်းရမရဆိုတာသမ္မာကျမ်းစာအားဖြင့်မိမိကိုယ်တိုင်သိနိုင်ကြောင်းဖော်ပြထားပါတယ်။ဒါဆိုရင်ငါကယ်တင်ခြင်းရပြီလို့ငါဘယ်လိုသိနိုင်မလဲ?အခြေခံအချက်(၅)ချက်နဲ့သိနိုင်ပါတယ်။
၁။ပြီးခဲ့တဲ့အပြစ်တွေကြောင့်မငြိမ်မသက်မဖြစ်တော့ဘဲ၊ငြိမ်သက်ခြင်းရနေမည်။
စာတန်ဟာအမြဲတမ်းလိုလိုကျနော်တို့ပြီးခဲ့တဲ့အပြစ်ကိုလာဖော်ပြပြီးကယ်တင်ခြင်းမရသေးကြောင်းသံသယဝင်စေပေမယ့်၊ဘုရားသခင်ဟာယေရှုခရစ်ကြောင့်ငါ့ကိုလက်ခံပြီဆိုတာစာတန်ရှေ့မှာရဲဝံ့စွာကြေငြာရဲလာပါမယ်။အာမင်။
(ရောမဩဝါဒစာ၁၅:၇ခရစ်တော်သည်ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလျက်၊ သင်တို့ကို လက်ခံတော်မူသည်နည်းတူ၊ သင်တို့သည် တစ်ယောက်ကိုတစ်ယောက် လက်ခံကြလော့။)
၂။အသက်တာပြောင်းလဲလာမည်။
ကယ်တင်ခြင်းရသောသူဟာအရင်လူဟောင်းအတိုင်းမဟုတ်တော့ဘဲခရစ်တော်၌အသစ်ပြုပြင်ခြင်းခံရတဲ့အတွက်အသက်တာပြောင်းလဲလာခြင်းဟာလည်းထာဝရအသက်ရရှိနေခြင်းရဲ့သက်သေတခုပါဘဲ။
(၂ကော၅:၁၇လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။)
၃။ဝိညာဉ်တော်ကိုရပြီးအပြစ်ကိုမုန်းတတ်လာမည်။
သန့်ရှင်းသောဝိညာဉ်တော်ကိုစားရန်(စရန်)အဖြစ်ကျနော်တို့ကိုပေးပါတယ်။အပြစ်ကိုမုန်းလာမယ်၊အပြစ်ပြုမိတိုင်းအတွင်းစိတ်ထဲကနေအမြဲတမ်းသတိပေးသွန်သင်ခံရခြင်းဟာဝိညာဉ်တော်ရရှိနေခြင်းရဲ့သက်သေဖြစ်သလို၊ထာဝရကယ်တင်ခြင်းရပြီဆိုတဲ့သက်သေပါဘဲ။
(၂ကော၁:၂၂ထိုဘုရားသခင်သည် ငါတို့ကိုတံဆိပ်ခတ်၍ ငါတို့စိတ်နှလုံးထဲ၌ ဝိညာဉ်တော်တည်းဟူသော စရန်ကို သွင်းပေးတော်မူ၏။)ဟေဗြဲ၁၁:၂၅။
၄။ဘုရားစကားစာငတ်တတ်လာမယ်။
အရင်တုန်းကဆိုကျမ်းစာမဖတ်ချင်ဘူး၊ဆုမတောင်းချင်ဘူး၊ဘုရားကျောင်းဝတ်ပြုမသွားချင်ဘူး။ဒါပေမဲ့အခုတော့ကျမ်းစာမဖတ်-ဆုမတောင်း-မချီးမွမ်းဘဲနေရင်ဘာလိုနေမှန်းမသိဖြစ်လာတတ်တာမျိုး၊ဘုရားကျောင်းမဝတ်ပြုရရင်ဖြင့်တခုခုလိုနေတယ်လို့ခံစားတတ်လာတာမျိုး၊အတွင်းထဲကဘုရားစကားကိုစာငတ်တောင့်တတတ်လာတာမျိုးပါ။ဒါဟာကယ်တင်ခြင်းရပြီဖြစ်ကြောင်းသက်သေတစ်ခုပါဘဲ။
(ဆာလံ၄၂:၁-၂သမင်ဒရယ်သည် ရေစီးသောချောင်းကို တောင့်တသကဲ့သို့၊ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား။ငါ့ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားကိုငတ်လှ၏။)
၅။ယေရှုကိုဘုရင်အဖြစ်လက်ခံနေရာပေးတတ်လာမည်။
ကယ်တင်ခြင်းရရှိပြီးသူတယောက်ဟာကိုယ့်အလိုအတိုင်းအသက်မရှင်တော့ဘဲခရစ်တော်အလိုတိုင်းရှင်လာပါတယ်။ကိုယ့်အလိုကိုဦးစားမပေးတော့ဘဲခရစ်တော်ရဲ့အလိုတော်ကိုဦးစားပေးအသက်ရှင်လာတတ်ပါတယ်။နူတ်ကပတ်တော်ဖြစ်တဲ့ဘုရားစကားစာငတ်တတ်လာမယ်။ဒါဟာကယ်တင်ခြင်းရပြီဆိုတဲ့သက်သေပါဘဲ။
(ရှင်ယောဟန်ခရစ်ဝင်၁:၁၂ထိုသူကိုလက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။)
နိဂုံး
မိမိကိုယ်တိုင်ကယ်တင်ခြင်းရမရဆိုတဲ့သက်သေဟာအထက်ပါ(၅)ချက်နဲ့စစ်ဆေးနိုင်သလိုအခြားသမ္မာကျမ်းထဲကအချက်တွေအများကြီးနဲ့စစ်ဆေးလို့ရပါသေးတယ်။အဓိကဖော်ပြချင်တာကမိမိဟာကယ်တင်ခြင်းရမရဆိုတာသမ္မာကျမ်းစာအားဖြင့်သိနိုင်ကြောင်းဆင်ခြင်ခွန်အားယူစေချင်တာလေးပါ။ဖတ်ရှုသူအယောက်ဆီတိုင်းဘုရားသခင်ထံမှလာသောအလင်းရပါစေ။အာမင်။