• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဒုက္ခထဲမှဆုတောင်းသံ

ဆရာရဲမင်း

11 月 11, 2024

ဒုက္ခထဲမှဆုတောင်းသံ

နိဒါန်း
ဖြောင့်မတ်မှန်ကန်စွာလုပ်ဆောင်နေတဲ့သူတွေမှာလဲမတရားအနိုင်ကျင့်ခံရတဲ့အချိန်နဲ့ကြုံရလာတတ်ပါတယ်။ဓမ္မ‌ဟောင်းကျမ်းထဲကဆာလံ၁၃ဟာဒီလိုအခြေနေမျိုးမှာဒါဝိဒ်ရေးထားတဲ့ဆု‌တောင်းခြင်းပါဘဲ။တိုတိုလေးနဲ့ထိရောက်တဲ့အော်ဟစ်ဆုတောင်းသံလေးဖြစ်ပါတယ်။အတူတကွခွန်အားယူတည်ဆောက်ရအောင်။

၁။နားမလည်နိုင်တဲ့မေးခွန်း၄ခု
ဆာလံ၁၃ရဲ့အပိုင့်ငယ်၁နဲ့၂မှာ“မည်နည်း?”ဆိုတဲ့မေးခွန်း၄ခုနဲ့အစပြုဆု‌တောင်းထားပါတယ်။ပထမဦးဆုံးနားမလည်နိုင်တာကကျွန်ုပ်ခံနေရတာကိုဘုရားမမြင်ဘူးလားပေါ့၊ဘယ်လောက်ကြာကြာခံနေရအုံးမှာလဲ။ဘုရားသခင်ကအရာရာကိုကြိုးကိုင်နေရင်ဘုရားမမြင်စရာလား?တမင်ဥပေက္ခာပြုထားတာလား?တမင်သိလျက်နဲ့အဖတ်မလုပ်ဘူးဆိုရင်လဲဘယ်လောက်အထိကြာမလဲဆိုပြီးဒုတိယ‌‌မေးခွန်းဆက်‌ မေးထားပါတာပါ။တတိယမေးခွန်းကဒီလိုခံနေရခြင်းကိုစဥ်းစားအ‌ ဖြေရှာမရဘဲဘယ်လောက်ကြာကြာစိတ်ထဲပူပန်ဝမ်းနည်းနေရအုံးမှာလဲ?မတရားတဲ့ရန်သူ တွေအုပ်စိုးဖိနှိပ်မှုအောက်မှာဘယ်လောက်ကြာကြာငုံ့ခံနေရအုံးမှာလဲဆိုပြီးနောက်ဆုံးမေခွန်းထုတ်ထားပါတယ်။
ဒီအရာတွေဟာဘုရားစိတ်တော်နဲ့‌ တွေ့သောရှင်ဘုရင်၊ဆာလံဆရာဒါဝိဒ်ရဲ့အသက်တာမှာကြုံခဲ့တာကိုရေးစပ်ထားတဲ့ဆုတောင်းသံပါ။တခါတလေအသက်တာမှာကိုယ်ကမှန်မှန်ကန်ကန်လုပ် ဆောင်နေပေမယ့်မတရားအနိုင်ကျင့်ခံရလာတဲ့အချိန်တွေရှိပါတယ်။ဒီချိန်မှာမေးခွန်းအများကြီးထွက်လာကောင်းထွက်လာနိုင်ပါမယ်၊ဒါ ပေမယ့်ဒီမေးခွန်း တွေကိုရင်ထဲမျိုမသိပ်ထားပါနဲ့၊ဘုရားဆီပွင့်ပွင့်လင်းလင်းမေးနိုင်ပါတယ်၊ဒါအရေးကြီးတဲ့နည်းလမ်းပါ။

၂။ဆုတောင်းချက်၃ချက်
ဆာလံ၁၃အငယ်၃-၄မှာတော့ယုံကြည်ခြင်းနဲ့ဆုတောင်းသံကိုဖော်ပြထားပါတယ်။ဘာကြောင့်ဒီလိုဖြစ်ရတာလည်း၊ကြုံရတာလဲဆိုတာနားမလည်ပေမယ့်ယုံကြည်ခြင်းနဲ့ဆုတောင်းတာပါ။ပထမဦးဆုံးအနေနဲ့ဆုတောင်းသံကိုဘုရားသခင်နားညောင်းပေးဖို့သနားခံပါတယ်၊ဒုတိယအ‌နေနဲ့ယုံကြည်ခြင်းကိုသံသယတွေနဲ့မယိုင်လဲသွားအောင်ဘုရားပြုတဲ့သက်‌သေကိုမြင်တွေ့ရဖို့(မျက်စိအလင်းရဖို့)ဆုတောင်းပါတယ်။မဟုတ်ရင်မတရားသူ တွေအောင်ပွဲခံ‌ နေတာကိုကြည့်နေမယ့်အစားသေပါရစေဆိုပြီးတတိယအနေနဲ့ဆု‌တောင်းပါတယ်။ဒါဟာဆာလံဆရာရဲ့နားမလည်နိုင်တဲ့အခြေအနေမှာယုံကြည်ခြင်းနဲ့ဆုတောင်းတဲ့အချက်သုံးချက်ပါ။
ချစ်သောညီကိုမောင်နှမတို့၊ကျွန်တော်တို့အသက်တာမှာလည်းဆာလံဆရာလိုနားမလည်နိုင်တဲ့အရာတွေကြုံလာရင်အဦးဆုံးဘုရားကိုတင်ပြပြီးဆုတောင်းတတ်ဖို့အင်မတန်အရေးကြီးလှပါတယ်။

၃။ယုံကြည်ကြောင်းအတည်ပြုခြင်း၃ချက်
ဆာလံ၁၃ရဲ့နောက်ဆုံးအပိုင့်ငယ်၅-၆မှာတော့ဘုရားသခင်ကိုအကြွင်းမဲ့ယုံကြည်ကြောင်းအတည်ပြုချက်၃ချက်ကိုတွေ့ရပါတယ်။ပထမအနေနဲ့ရန်သူတွေနိုင်ပြီလို့ကြွေးကြော်နေပေမယ့်လည်းဘုရားသခင်ကိုအကြွင်းမဲ့ယုံကြည်ကိုးစားမည်ဖြစ်ကြောင်းဖော်ပြပါတယ်။ဒုတိယအ‌နေနဲ့ဘုရားသခင်ကယ်တင်မယ်ဆိုတာယုံကြည်လို့မဖြစ်‌သေးတဲ့အရာကိုအတည်ပြုရွှင်လန်းကြောင်းဖော်ပြပါတယ်။တတိယအချက်ကဒီလိုလိုယုံကြည်ကိုးစားတဲ့အခါဘုရားသခင်ရဲ့ကယ်တင်ခြင်းဧကန်သက်ရောက်လာလို့ဆာလံဆရာကဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းခဲ့ ကြောင်းဖော်ပြပါတယ်။
ဒါဝိဒ်မင်းရဲ့ဒီယုံကြည်ခြင်းကိုအတည်ပြုတဲ့အချက်၃ချက်ကနေကျွန်တော်တို့ခွန်အားယူနိုင်ပါတယ်။ဘုရားသခင်ဟာသင့်ကိုဘယ်တော့မှမျော်လင့်ချက်ကင်းမဲ့စေမှာမဟုတ်ပါဘူး။အာမင်။

နိဂုံး
ဆာလံ၁၃ဟာဒါဝိဒ်မင်းရဲ့လက်တွေ့ကြုံခဲ့ရတဲ့အရာကိုသက်သေခံရေးသားထားတာပါ။တနည်းအားဖြင့်အသက်တာမှာဖိနှိပ်မှု၊မတရားမှုတွေနဲ့ကြုံလာတဲ့အခါဘုရားကိုအားကိုးတတ်ဖို့နဲ့ယုံကြည်ကိုးစားတတ်ဖို့ပါဘဲ။သင့်အသက်တာမှာဒီလိုမတရားဖိနှိပ်မှု‌တွေကြုံလာခဲ့ရင်ဒီတရားဒေသနာကသင့်အတွက်ခွန်အားအလင်းဖြစ်စေမယ်လို့ယုံကြည်ပါတယ်။ခံယူသူအယောက်ချင်းဆီတိုင်းရဲ့ဆုတောင်းသံကိုဘုရားနားညောင်းပါစေ၊အာမင်။