• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

နောက်ဆုံးသောကာလမှာပြင်ဆင်ရန်(၇)ချက်

ဆရာရဲမင်း

11 月 11, 2024

နောက်ဆုံးသောကာလမှာပြင်ဆင်ရန်(၇)ချက်

၁။သမ္မာသတိရှိပါ
(၁ ပေ ၄:၇က)ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည် ဖြစ်သောကြောင့်၊ သမ္မာသတိရှိကြလော့။
-နောက်ဆုံးသောကာလမှာအရေးအကြီးဆုံးကသမ္မာဆိုတဲ့ဘုရားနူတ်ကပတ်တော်မှာသတိရှိရှိအသက်ရှင်ဖို့အင်မတန်လိုအပ်ပါတယ်။ကျမ်းစာကိုကိုယ်တိုင်လေ့လာပါ၊ကိုယ်တိုင်ဖတ်ရှုခံယူပါ။ဘယ်သူဘယ်ဝါ‌ ဟောတာ ဘဲဖြစ်ပါ‌ စေမှန်သည်မမှန်သည်ကိုအမြဲစစ်ဆေးပြီးမှခံယူပါ။နောက်ဆုံး သောကာလမှာ‌ေယာင်ခြောက်ဆယ်ဆရာတွေနောက်ပါမသွားမိအောင်နူတ်ကပတ်တော်ကိုအမြဲဆွဲကိုင်လေ့လာပြီးသတိရှိပါ။

၂။အမြဲဆုတောင်းပြီးစောင့်ပါ။
(၁ ပေ ၄:၇ခ)အဆုံးသို့ရောက်လုသည်ဖြစ်သောကြောင့်ဆုတောင်းခြင်းအလိုငှါ စောင့်နေကြလော့။
-ယုံကြည်သူအသက်တာမှာဆုတောင်းခြင်းမရှိဖြစ်သွားရင်စာတန်ကိုဝင်လာဖို့တံခါးကြီးဖွင့်ပေးလိုက်သလိုပါဘဲ။ဒါကြောင့်နောက်ဆုံးသောကာလမှာစုံစမ်းနှောင့်ရှက်ခြင်းကနေကင်းလွတ်ဖို့အမြဲဆုတောင်းလျက်စောင့်နေကြပါစို့။(မဿဲ ၂၆:၄၁)

၃။အချင်းချင်းချစ်ပါ။
(၁ ပေ ၄:၈)အခြားသောအမှုအရာထက်မက၊ အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာသည် များစွာသော အပြစ်တို့ကို ဖုံးအုပ်တတ်၏။
-ဘာသာခြားမှာလဲ‌မေတ္တာရှိနိုင်ပါတယ်၊ဒါ‌ ပေမယ့်သမ္မာတရားက‌ပြောတဲ့‌မေတ္တာက‌တော့ယုံကြည်သူမှာဘဲရှိတာပါ။ဒါ‌‌ကြောင့်သမ္မာတရားဘဲပြောပြီးမေတ္တာပျောက်နေရင်မမှန်လို၊မေတ္တာဘဲပြောပြီးသမ္မာတရားပျောက်နေရင်လဲလွဲပါတယ်။အမှန်‌တော့ဒီနှစ်ခုဟာခွဲမရပါဘူး၊ဘုရားသခင်ဟာမေတ္တာဖြစ်သလိုတချိန်ထဲမှာသမ္မာတရားလဲဖြစ်လို့ပါ။နောက်ဆုံး‌သောကာလမှာယုံကြည်ခြင်း‌‌ကြောင့်အချင်းချင်းမေတ္တာမပျောက်မိဖို့အင်မတန်အရေးကြီးသလို‌မေတ္တာသာ‌ပြောပြီး ယုံကြည်ခြင်းကိုဥ‌ပေက္ခာမပြုမိဖို့အ‌ရေးကြီးလှပါပေတယ်။

၄။မညည်းညူဘဲဧည့်ဝတ်ပြုပါ။
(၁ ပေ ၄:၉)မြည်တမ်းခြင်းမရှိဘဲ အချင်းချင်း ဧည့်သည်ဝတ်ကိုပြုကြလော့။
-မြည်တမ်းတယ်ဆိုတာမူရင်းမှာညည်းညူပြစ်တင်တာပါ၊‌ဣသ‌ရေလလူမျိုး‌တွေဟာဒီညည်းညူပြစ်တင်ခြင်း‌ကြောင့်ရက်ပိုင်း‌တွင်းရောက်နိုင်တဲ့ခါနန်ပြည်ခရီးကိုနှစ်‌ပေါင်း၄၀‌လောက်‌လျှောက်ခဲ့ရပါတယ်။ယ‌နေ့‌နောက်ဆုံး‌သောကာလမှာယုံကြည်သူတွေ‌‌လဲ‌ပေးဆပ်ရမယ့်အမှု‌‌တော်မြတ်အတွက်မညည်းညူမိဖို့သတိထားကြပါစို့။

၅။အချင်းချင်းဝေငှပေးကမ်းပါ။
(၁ပေ ၄:၁၀)သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီးခံရကြသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့။
-ရယူခြင်းထက်‌ပေးကမ်းခြင်းဟာပိုပြီးမင်္ဂလာရှိ‌ကြောင်း‌တမန်၂၀:၃၅မှာယေရှုကိုယ်တိုင် ပြောခဲ့ပါတယ်။‌‌ ပေးကမ်းတယ်ဆိုတာငွေဆိုတာထက်ကိုယ့်မှာရှိတဲ့ဆုကျေးဇူးနဲ့လိုအပ်သူကိုဖြည့်ဆည်းပေးတာပါ။နောက်ဆုံးသောကာလမှာ‌ခေတ္တစည်းစိမ်သာစုဆောင်းနေခြင်းမဟုတ်ဘဲထာဝရဘဏ္ဍာအတွက်အမှု‌ တော်မြတ်မှာမျှ‌ဝေပေးကမ်းတတ်ဖို့လိုပါတယ်။

၆။ကျမ်းစာနဲ့အညီဟောပြောပါ။
(၁ပေ ၄:၁၁က)ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော်ထင်ရှားစေမည်အကြောင်း၊ ဟောပြောသောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်နှင့်အညီ ဟောပြောစေ။
-အလွဲမိစ္ဆာပရောဖက်နဲ့ပြည့်နက်နေတဲ့ယနေ့‌ နောက်ဆုံး‌သောကာလမှာသမ္မာတရားအတိုင်းတိတိကျကျရဲရဲဝံ့ဝံ့ဟောပြောဖို့ကျမ်းစာ‌ ‌တော်မြတ်ကတွန်းအားပေးထားပါတယ်။

၇။အစွမ်းရှိသလောက်ဆက်ကပ်ပါ။
(၁ပေ ၄:၁၁ခ) အခြားသောအမှုကို ဆောင်ရွက်သောသူသည်၊ ဘုရားသခင်ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။
-အခြား သောအမှုဆိုတာယုံကြည်သူတိုင်းရဲ့လှုပ်ရှားမှုကိုဆိုလိုပါတယ်၊မိမိလုပ်လေရာကိုင်လေရာတိုင်းမှာဧဝံ‌ ဂေလိအတွက်(ဘုရားအမှုတော်အတွက်)ဖြစ်စေပါ၊အဲလိုလုပ်ဖို့အားနည်းရှက်ကြောက်နေရင်ဘုရားသခင်ဆီခွန်အားတောင်းပါ၊ဘုရားပေးလာတဲ့ခွန်အားနဲ့ရဲဝံ့စွာဆက်ကပ်ပါ။

ဘုရားသခင်သည်ကမ္ဘာအဆက်ဆက်ဘုန်းအသရေအစွမ်းသတ္တိရှိတော်မူစေသတည်း။အာမင်။ (၁ပေ ၄:၁၁ဂ)