ဘုရားသခင်နောင်တရတယ်ဆိုတာ
နိဒါန်း
လူတွေနားလည်ထားတဲ့နောင်တရခြင်းဆိုတာပြုသင့်တာကိုမပြု၊မပြုသင့်တာကိုပြုမိခဲ့ခြင်းကိုဆင်ခြင်မိခြင်းပါ။တနည်းအားဖြင့်ဖြစ်လာမှာကိုကြိုမသိခဲ့လို့မှားမိခဲ့တာကိုမိမိကိုယ်၌ကလက်မခံနိုင်ကြောင်းသဘောပေါက်လာခြင်းပါ။
ဒါဆိုရင်အရာခပ်သိမ်းကိုကြိုသိတဲ့ဘုရားသခင်ကဘာလို့နောင်တရတယ်လို့ကျမ်းစာမှာအကြိမ်အကြိမ်ဖော်ပြထားပါသလဲ? ယနေ့လူတွေနားလည်ထားတဲ့အတိုင်းဆိုရင်ဘုရားသခင်ကသူလုပ်မှားခဲ့တာကိုသတိပြုမိလာတာမျိုးလား?လုံးဝ(လုံးဝ)မဟုတ်ရပါဘူး၊ဘုရားသခင်ကအရာခပ်သိမ်းကိုကြိုသိနေတဲ့ဘုရားမို့လုပ်မှားစရာအကြောင်းလုံးဝ(လုံးဝ)မရှိလို့ပါ။ဒါဆိုရင်“ဘုရားသခင်နောင်တရတယ်”ဆိုတာကဘယ်လိုမျိုးလဲ?ဘယ်လိုခံယူရမလဲ?….ဆက်ဖတ်ကြည့်ပါ။
၁။အမျက်ပြယ်ခြင်းကိုဆိုလိုခြင်း
ထွက်မြောက်ရာ၃၂:၁၂-၁၄မှာ“ဘုရားသခင်နောင်တရတယ်”ဆိုတဲ့အနေအထားကကျနော်တို့ထင်ထားသလိုဘုရားသခင်လုပ်မှားမိသွားလို့နောင်တရခြင်းမျိုးမဟုတ်ဘဲအပြစ်ပြုသူတွေအပေါ်စီရင်တဲ့အခါ၊လူ တွေ(မောရှေ)ရဲ့တောင်းပန်ခြင်းကြောင့်ဘုရားသခင်အမျက်ပြယ်ခြင်းဖြစ်ပါတယ်။(အခြားကျမ်းချက်များ…ဆာလံ၉၀:၁၃)
၂။ဘုရားရဲ့ဂရုဏာများပြားခြင်းကိုဆိုလိုခြင်း
ဆာလံ၁၀၆:၄၅မှာ“ဝန်ခံခြင်းကတိတော်ကို သူတို့အဖို့အောက်မေ့၍၊ ကရုဏာတော် များပြားသည်အတိုင်း နောင်တရတော်မူ၏။ ”ဖော်ပြထားတာကိုကြည့်ရင်၊ဘုရားသခင်နောင်တရတယ်ဆိုတာဘုရားလုပ်မှားမိလို့ နောင်တရတာမျိုးမဟုတ်ဘဲ၊လူတွေကိုဂရုဏာသက်ရောက်ပြီးပြန်လည်အခွင့်အရေးပေးခြင်းသာဖြစ်ကြောင်းပါ။
၃။အပြစ်သားပြောင်းလဲခြင်းပေါ်မူတည်ပြီးအပြစ်မပေးတော့ခြင်းကိုဆိုလိုခြင်း
လူတွေနားလည်ထားတဲ့ နောင်တရခြင်းဟာကိစ္စပြီးမှမှားမိကြောင်းသဘောပေါက်ပြီးမိမိအမှားကိုနောင်တရခြင်းပါ။ဒါပေမယ့်
ယေရမိ ၁၈:၇-၁၀။ယေရမိ ၂၆:၃၊၁၃၊၁၉။ယောလ၂:၁၃-၁၄။အာမုတ် ၇:၂-၆။ယောန၃:၉-၁၀ဒီကျမ်းချက်တွေအရ၊ဘုရားသခင်နောင်တရတယ်ဆိုတာ“လူတွေအပြစ်ကနေမပြောင်းလဲရင်ငါစီရင်မယ်၊ပြောင်းလဲလာရင်တော့ငါနောင်တရပေးမှာပါ”ဆိုတဲ့အဓိပ္ပာယ်ပါ။တနည်းအားဖြင့်ကိစ္စရပ်မပြီးခင်နောင်တရပေးမယ်ဆိုတာကြိုတင်သတိပေးခြင်းမျိုးဖြစ်နေတာသတိထားစေချင်ပါတယ်။ဒါကြောင့်ဘုရားသခင်နောင်တရတယ်ဆိုတာကျနော်တို့လူတွေခံယူထားတဲ့အမှားလုပ်ပြီးမှ(ပြီးမှ)နောင်တရခြင်းနဲ့လုံးဝမတူဘူးဆိုတာပါဘဲ။
၄။လူတွေရဲ့လုပ်ရပ်ပေါ်မူတည်ပြီးဘုရားရဲ့လုပ်ဆောင်မှုပြောင်းခြင်းကိုဆိုလိုခြင်း
ဥပမာ ကမ္ဘာ၆:၆အရဘုရားသခင်ကလူကိုဖန်ဆင်းလိုက်ပြီးမှနောင်တရတယ်ဆိုတာ၊သူဖန်ဆင်းတာမှားပြီ၊မဖန်ဆင်းသင့်ဘဲဖန်ဆင်းခဲ့တယ်လို့မသက်ရောက်ပါဘူး။လူတွေအပြစ်လုပ်ကြလို့သူစီရင်တော့မယ်(ကမ္ဘာ၆:၁၃)ဆိုတဲ့ဘုရားသခင်ရဲ့လုပ်ဆောင်မှုပြောင်းခြင်းတခုသာဖြစ်ပါတယ်။
နောက်ထပ်ဥပမာတခုပေးရရင်
(၁ရာ၁၅:၁၁)အရဘုရားသခင်ကရှောလုကိုဘုရင်ပေးလုပ်ပြီးနောင်တရတယ်ဆိုတာ၊ဘုရားကသူလုပ်မှားသွားပြီလို့ဆိုလိုတာမဟုတ်ဘဲ၊ရှောလုကိုထားခဲ့ပြီးဒါဝိဒ်ကိုရွေးချယ်မယ်ဆိုတာမျိုးပြောင်းလဲလုပ်ဆောင်ခြင်းတခုသာဖြစ်ပါတယ်။
ဒါတွေကိုဘုရားသခင်ကကြိုမသိဘူးလားဆိုတော့သိပါတယ်၊ဒါပေမယ့်ဘုရားသခင်ကလူတွေကိုလွတ်လပ်စွာရွေးချယ်ခွင့်ပေးထားလို့လူတွေရဲ့လုပ်ရပ်ပေါ်မူတည်ပြီးဘုရားရဲ့လုပ်ဆောင်မှုပြောင်းခြင်းသာဖြစ်ပါတယ်၊ဒါကိုကျမ်းစာက“ဘုရားသခင်နောင်တရတယ်”လို့သုံးပါတယ်။နားလည်မှုမလွဲစေချင်ပါ။
နိဂုံး
ဘုရားသခင်ရဲ့ချစ်ခြင်း၊ဖြောင့်မတ်ခြင်း၊သန့်ရှင်းခြင်းနဲ့သူရဲ့အရာခပ်သိမ်းကိုသိနိုင်ခြင်းတန်ခိုးတွေဟာထာဝရမပြောင်းလဲတာမှန်ပေမယ့်၊လူသားတွေပေါ်သူ့ရဲ့စီရင်ခြင်းပုံစံတွေကတော့ပြောင်းလဲနေတာပါ။ဥပမာအပြစ်ပေးခြင်းနဲ့ကောင်းကြီးပေးခြင်း၊ပညတ်တရားနဲ့ကျေးဇူးတရာ၊ပရောဖက်မှတဆင့်သို့သားတော်မှတဆင့်…စသဖြင့်။
အဓိကဆိုလိုချင်တာက“ဘုရားသခင်နောင်တရတယ်”ဆိုတာလူတွေခံယူထားသလိုအမှားလုပ်မိပြီးနောင်တရခြင်းမျိုးမဟုတ်ဘူးဆိုတာပါဘဲ။ဖတ်ရှုသွားသူတိုင်းကိုသန့်ရှင်းသောဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။