ကျမ်းစာမှအကြွေးဆိုင်ရာသွန်သင်ချက်
၁။ယုံကြည်သူများအတိုးစားလို့ရပေမယ့်၊ယုံကြည်သူချင်းနဲ့ဆင်းရဲသားများအပေါ်အတိုးမစားရပါ။
(တရား၂၃:၁၉-၂၀သင်၏အမျိုးသားချင်း၌ အတိုးယူ၍၊ ငွေ၊ စားစရာ၊ အသုံးအဆောင်ကို မချေးမငှားရ။ တစ်ပါးအမျိုးသား၌ အတိုးယူ၍ ချေးငှားရ၏။
ထွက်မြောက်ရာ၂၃:၂၅ငါ့လူဖြစ်သော ဆင်းရဲသားအိမ်နီးချင်းအား သင်သည်ငွေကိုချေးလျှင်၊ အတိုးစားသောသူကဲ့သို့ သူ၌မပြု၊ အတိုးကိုမတောင်းရ။)
၂။တတ်နိုင်တဲ့ဖက်ကနေ၊တကယ်လိုအပ်နေသူကိုပြန်ဆပ်လာဖို့မမျှော်လင့်ဘဲချေးဌားပါ၊ကူညီပါ။ဒါကကောင်းကြီးဖြစ်စေတယ်လို့ကျမ်းစာကဆိုပါတယ်။
(ဆာလံကျမ်း37:21ဖြောင့်မတ်သောသူမူကား၊ သနားသောစိတ်ရှိ၍ပေးတတ်၏။
မဿဲ၅:၄၂တောင်းသောသူအား ပေးလော့။ ချေးငှားလိုသောသူကိုလည်း မငြင်းမပယ်နှင့်။
လုကာ၆:၃၅တစ်စုံတစ်ခုကိုရမည်ဟု မျှော်လင့်ခြင်းမရှိဘဲ ချေးငှားကြလော့။ ထိုသို့ပြုလျှင် သင်တို့အကျိုးကြီးလိမ့်မည်။)
၃။အကြွေးယူသူများအနေနဲ့လည်းမေတ္တာကလွဲလို့ဘာအကြွေးမှမတင်စေနှင့်(ငွေကြွေးအပါအဝင်)လို့ကျမ်းစာထဲသွန်သင်ထားတာမို့အကြွေးကြာကြာမတင်စေပါနဲ့။
(ရောမ၁၃:၈အချင်းချင်းချစ်ခြင်းမေတ္တာမှတစ်ပါးအဘယ်ကြွေးမျှမတင်စေနှင့်။)
၄။အကြွေးယူသူအနေနဲ့၊အကြွေးယူတာအကျင့်ပါသွားရင်တသက်လုံးသူ့ကျွန်ကနေမလွတ်မြောက်ဘဲဖြစ်နေနိုင်တာမို့အကြွေးယူဝာာအကျင့်မပါစေဘဲဘုရားသခင်ကိုကိုးစားတာပိုကောင်းပါမယ်။
(သုတ္တံ၂၂:၇ ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်၏။)
၅။ခရစ်ယာန်မှန်ရင်ရှိတဲ့အကြွေးကိုကျေအောင်ဆပ်ရမယ်လို့ကျမ်းစာကဖော်ပြပါတယ်၊အကြွေးယူပြီးဆပ်နိုင်ရက်သားနဲ့မဆပ်သူဟာဘုရားဆီမလာထိုက်ကြောင်းကျမ်းစာကဖော်ပြပါတယ်။
(ရှင်မဿဲ ၅:၂၆လျော်ပြစ်ငွေရှိသမျှကိုမလျော်မီတိုင်အောင် ထောင်ထဲကမထွက်ရဟု ငါအမှန်ဆို၏။)
၆။အကြွေးယူပြီးမဆပ်ချင်တဲ့သူကိုကျမ်းစာကမတရားသောသူလို့ဆိုထားပါတယ်။
(ဆာလံကျမ်း37:21မတရားသောသူသည်ချေးငှား၍မဆပ်ဘဲနေတတ်၏။)
၇။အကြွေးယူသူနဲ့အကြွေးပေးသူကြားမှာကိုယ်ကအာမခံပေးတာမလုပ်မိဖို့ကျမ်းစာကသတိပေးထားပါတယ်။အကြွေးယူသူကမဆပ်နိုင်ရင်အာမခံထားတဲ့ကိုယ်ကဆပ်နေရမှာမို့ပါ။
(သုတ္တံ၂၂:၂၆-၂၇လက်ဝါးချင်းရိုက်သောလူစုနှင့် သူ့ကြွေးကို အာမခံသော လူစုထဲသို့ မဝင်နှင့်။ သင်၌ပေးရန်မရှိလျှင်၊ သင့်အိပ်ရာကို အဘယ်ကြောင့် ယူသွားစေချင်သနည်း။)
အကြွေးပေးသူအနေနဲ့
ဆင်းရဲသားနဲ့လိုအပ်နေတဲ့ယုံကြည်သူချင်းဆိုရင်၊ပြန်ရဖို့မမျှော်ဘဲပေးနိုင်မှသာပေးသင့်ပါတယ်။မိမိတတ်နိုင်တဲ့အတိုင်းအတာထဲကကူညီရင်ရပါပြီ။အတိုးစားဖို့အနေနဲ့လုပ်ရင်တော့စာရွက်စာတမ်းတွေသေချာလုပ်ပြီးချေးဌားပါ။ပြဿနာရှိလာရင်ရုံးထိတက်လို့ရသေးလို့ပါ။
အကြွေးယူသူအနေနဲ့
ကျမ်းစာမှာအကြွေးယူတာကိုအပြစ်လို့မပြောထားပေမယ့်၊အားမပေးထားပါ၊ဘုရားကိုသာအားကိုးပါ။အကယ်၍အကြွေးယူထားမိရင်တောင်ကျေအောင်ဆပ်ပါ။မဆပ်ချင်ဘဲနေသူဟာမတရားသောသူဖြစ်သွားနိုင်တာမို့အထူးသတိပြုပါ။အကြွေးဆပ်နိုင်ရက်သားနဲ့မဆပ်ဘဲနေသူဟာဘုရားကိုတောင်မကိုးကွယ်ထိုက်သူလို့ကျမ်းစာကဆိုထားပါတယ်။