ကာဣနပူဖော်သကာကိုဘုရားဘာလို့လက်မခံတာလဲ?
ကမ္ဘာဦးကျမ်း၄:၁-၇ထဲကကာဣနနဲ့အာဗေလယဇ်ပူဇော်တဲ့အရာနဲ့ပတ်သက်ပြီး၊အာဗေလကအသွေးပါတဲ့သိုးနဲ့ယဇ်ပူဇော်လို့ဘုရားလက်ခံတယ်၊ကာဣနကတော့အသွေးမပါတဲ့ မြေအသီးတွေကိုသာပူဖော်လို့ဘုရားလက်မခံတာဆိုပြီး၊(ဟေဗြဲ၉:၂၂အရအသွေးမသွန်းရင်အပြစ်မလွတ်ဘူးဆိုပြီး)၊မြောက်များစွာသောအမှုတော်ဆောင်တွေဟာမှားယွင်းစွာအနက်ပြန်နေကြတာလို့ကျနော်ခံယူမိတာမို့၊အနည်းငယ်ဖြေရှင်းပါရစေ။
ပထမဦးဆုံးသတိပြုရမှာက
ကာဣနနဲ့အာဗေလပူဇော်တဲ့ယဇ်ဟာအပြစ်ဖြေရာယဇ်လို့ကျမ်းစာကမဖော်ပြပါဘူး၊အပြစ်လုပ်ထားမိလို့ပူဇော်နေကြတာလည်းမဟုတ်ပါ။ကိုယ်စီလုပ်ကိုင်ထားတဲ့ရလဒ်ကို ကျေးဇူးချီးမွမ်းပူဇော်ခြင်းသာဖြစ်ပါတယ်။ဒီထဲကပူဇော်သကာကိုမူရင်းဟေဘရူးစကားလုံးမှာ“လက်ဆောင်”လို့သက်ရောက်ပါတယ်။ကာဣနကသူ့ရဲ့ပူ ဇော်သကာကိုဘုရားမနှစ်သက်လို့အမျက်ထွက်ပြီးနောက်မှ၊ဘုရားကအပြစ်ဖြေရာယဇ်ကောင်ပူဇော်ဖို့အခွင့်ပေးခဲ့တာတော့ရှိပါတယ်(သတိထားရမှာကမူရင်းကျမ်းစာမှာယဇ်ကောင်ယူလာခိုင်းတဲ့စကားမပါဘဲ၊ဒုစရိုက်အပြစ်လို့သာပါတာပါ)။ရှေ့နောက်သတိထားရပါမယ်။မဟုတ်ရင်ဘုရားကသိုးသွေးကိုဘဲကြိုက်ပြီးသစ်သီးမကြိုက်တဲ့ဘုရားလိုဖြစ်သွားပါလိမ့်မယ်။သို့မဟုတ်သိုးမွေးသူနဲ့အသီးစိုက်သူကိုခွဲခြားသလိုဖြစ်နေပါလိမ့်မယ်။
မောရှေခေတ်မှာသတ်မှတ်ခဲ့တဲ့ယဇ်၅မျိုးထဲကဘောဇဉ်ယဇ်ကိုမမေ့သင့်ပါ။ဘောဇဉ်ပူဇော်ခြင်းဆိုတာအသားမပါဘဲသတ်သတ်လွတ်ပူဇော်ခြင်းမျိုးကိုဆိုလိုပါတယ်။မိတ်သဟာယယဇ်မှာလဲသတ်သတ်လွတ်ပူဇော်ခွင့်ပေးထားပါသေးတယ်။ နောက်ပြီးဣသရေလပွဲတွေမှာဆိုရင်မြေအသီးအနှံကိုပူဇော်ရတဲ့အဦးသီးပူဇော်ပွဲတောင်ရှိခဲ့ပါသေးတယ်။ဒါကြောင့်အသား(အသွေး)ပါတဲ့ယဇ်ကိုဘဲဘုရားနှစ်သက်တာမျိုးလုံးဝ(လုံးဝ)မဟုတ်တာသတိပြုပါ။
ဒါဆိုရင်ကာဣနရဲ့ပူဇော်သကာကိုဘုရားသခင်ဘာလို့မနှစ်သက်ရတာလဲ?အဖြေကကျမ်းစာမှာပါပြီးသားပါ။“ကမ္ဘာ၄:၇ သင်သည်ကောင်းမွန်စွာပြုလျှင် အခွင့်မရလော။”
အဖြေကရှင်းနေပါတယ်၊ဘုရားသခင်ကကာဣနပူဇော်သကာကိုမနှစ်သက်တာဟာပူဇော်ပစ္စည်းကြောင့်မဟုတ်ဘဲ၊ပူဇော်တဲ့လူရဲ့လုပ်ရပ်မကောင်းတဲ့အတွက်ဖြစ်ပါတယ်။တနည်းအားဖြင့်ဘုရားသခင်ဟာဘာလာပူဇော်လည်းဆိုတာထက်ဘယ်လိုစိတ်ထားလုပ်ရပ်နဲ့လာပူဇော်လဲဆိုတာကိုကြည့်တဲ့ဘုရားပါ။ကိုင်းရှိုင်းတဲ့စိတ်မရှိတော့အကောင်းဆုံးရွေးပူဇော်တာမဟုတ်ဘဲဖြစ်သလိုလာပူဇော်တာမျိုးပါ။အာဗေလကတော့ကိုင်းရှိုင်းတဲ့စိတ်ရှိလို့အကောင်းဆုံးကိုရွေးလာပြီးပူဇော်ကြောင်းကျမ်းစာကဖော်ပြပါတယ်။
ပိုမိုရှင်းလင်းစေတာက
ကမ္ဘာ၄:၄မှာ“ထာဝရဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သကာကိုပမာဏ ပြုတော်မူ၏။ကာဣနနှင့် သူ၏ပူဇော်သကာကို ပမာဏပြုတော်မမူ။” ဆိုပြီး ပူဇော်သကာထက်“လူ”ကိုရှေ့တန်းတင်ထားတာတွေ့ရလို့ဖြစ်ပါတယ်။ဆိုလိုချင်တာကပူဇော်သကာထက်လူကအဓိကဖြစ်ပါတယ်။
ကာဣနရဲ့စိတ်ထားအကျင့်ဆိုးလို့၊သူပူဇော်တာဘုရားပမာဏမပြုခဲ့ဘူးဆိုတာဓမ္မသစ်ကျမ်းစာမှာလဲဖော်ပြထားပါတယ်။ကျိန်ခြင်းခံထားရတဲ့ မြေအသီးမို့လက်မခံတာပါလို့ဘယ်မှာမှမဖော်ပြထားပါဘူး။(၁ ယော၃:၁၂ကာဣနသည် မိမိညီကို အဘယ်ကြောင့် သတ်သနည်း ဟူမူကား၊ မိမိအကျင့်သည် ဆိုးယုတ်၍၊ ညီ၏အကျင့်သည် ဖြောင့်မတ်သတည်း။)
ဟေဗြဲ၁၁:၄မှာလဲအာဗေလဟာ အသွေးပါတဲ့ယဇ်ကောင်ကိုပူဇော်ခဲ့လို့ဘုရားလက်ခံတာပါလို့မ ဖော်ပြဘဲ ဘုရားကို“ယုံကြည်သောအားဖြင့်”လို့ဆိုတာရှင်းလင်းစွာဖော်ပြထားပါတယ်။ယုံကြည်လို့ပူဇော်တာနဲ့မယုံကြည်ဘဲပူဇော်တာကွာသွားတာပါ။ပူဇော်တဲ့ပစ္စည်းကြောင့်အဓိကမဟုတ်ပါ။
နိဂုံးချုပ်ဆိုရသော်
ကာဣနပူဇော်တာကိုဘုရားလက်မခံခြင်းသည်မြေကရတဲ့အသီးဘဲပူဇော်ပြီးအသွေးပါတာမပူဇော်လို့လုံးဝမဟုတ်ရပါ။သူကိုယ်၌ကအကျင့်ဆိုးပြီးစိတ်ထဲဘုရားကိုမကိုင်းရှိုင်းလို့ဖြစ်ပါတယ်။အာဗေလရဲ့ပူဇော်ခြင်းကိုဘုရားလက်ခံတာကလဲအသွေးပါတဲ့သိုးပူဇော်လို့မဟုတ်ရပါ၊သူဘုရားကိုယုံကြည်လို့၊လုပ်ရပ်မှန်လို့ဖြစ်ပါတယ်။
ဒီလို လေးပြောင်းပြီးအလင်းပေးပါရစေ။အကယ်၍စိတ်ရင်းမှန်နေတဲ့အာဗေလကသာ သိုးမွေးမြူသူမဟုတ်ဘဲမြေအသီးစိုက်သူဖြစ်ပြီး၊မြေအသီးထဲကအကောင်းဆုံးယူလာပြီးပူဇော်ခဲ့ရင်ဘုရားသခင်ကလည်းလက်ခံမှာမုချပါဘဲ။တဖက်မှာအကျင့်ဆိုးတဲ့ကာဣနဟာသိုးယူလာပြီးပူဇော်ခဲ့ရင်တောင်မယုံကြည်ဘဲတာဝန်အရမို့ဘုရားကလက်ခံမှာမဟုတ်ပါ(သုတ္တံ၁၅:၈)။
ဝိညာဉ်တော်အလင်းပေးပါစေ။