• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အစာရှောင်ခြင်းအကြောင်းရင်း(၁၀)မျိုး

ဆရာရဲမင်း

11 月 18, 2024

အစာရှောင်ခြင်းအကြောင်းရင်း(၁၀)မျိုး

နိဒါန်း
ခရစ်ယာန်ယုံကြည်မှုမှာအစာရှောင်ခြင်းကအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။အစာရှောင်မှဘဲကယ်တင်ခြင်းရတာမဟုတ်ပေမယ့်၊ကယ်တင်ခြင်းရပြီးသူတွေအတွက်အသက်တာမှာအစာရှောင်ခြင်းအားဖြင့်အကျိုးကျေးဇူးများစွာခံစားရရှိနိုင်ပါတယ်။ဒါကြောင့်ယုံကြည်သူတွေဘာကြောင့်အစာရှောင်ရသလဲဆိုတာကိုအချက်(၁၀)ချက်နဲ့ခွန်အားပေးပါမယ်။

၁။အန္တရာယ်ဘေးမှကယ်လွတ်ပေးရန်
ဧသတာ၄:၁၅-၁၇ အရ-ဘုရင်အာရွှေရုလက်ထက်မှာ၊အရာရှိကြီးဟာမန်ကဂျူးတွေကိုအကုန်သတ်ဖို့ကြံရွယ်တဲ့အခါ၊မိဖုရားဧသတာနဲ့ဝမ်းကွဲအကိုမော်ဒကဲအပါ၊ဂျူးလူမျိုးအားလုံးသုံးရက်သုံးညအစာရှောင်ဆုတောင်းခဲ့ပါတယ်။
ရာဇဝင်ချုပ်ဒု ၂၀:၁-၄အရ-ရန်သူမောဘ၊အမ္မုန်၊ဧဒုံလူတွေဟာယောရှဖတ်မင်းကိုစစ်တိုက်ဖို့စစ်ချီလာကြချိန်၊ယုဒတပြည်လုံးအစာရှောင်ဆုတောင်းခဲ့ပါတယ်။
ဆာလံ၁၀၉ဟာရှင်ဘုရင်ဒါဝိဒ်ရဲ့ဘေးဒုက္ခကြားထဲကဆုတောင်းသံဖြစ်ပါတယ်။အငယ်၂၄မှာသူအစာရှောင်ဆုတောင်းကြောင်းဖော်ပြပါတယ်။

၂။နောင်တရဝန်ချလို့ အပြစ်‌ဖြေလွတ်ပေးရန်
ယောနဝတ္ထု၃:၆-၈ မှာ ယောနရဲ့တခွန်းထဲသောတရားဟောခြင်းကြောင့်နိနေဝေဘုရင်မှစပြည်သူအပါဝင်၊ တိရစ္ဆာန်ကအဆုံး နောင်တရပြီးအစာရှောင်ဆုတောင်းခဲ့ပါတယ်။
နေဟမိ၉:၁-၃အရ-ဣသရေလလူမျိုးတွေဟာဘုရားရှေ့နောင်တရပြီးကိုယ့်အပြစ်နဲ့ဘိုးဘေးအပြစ်ကိုဝန်ချတဲ့အခါအစာရှောင်ဆုတောင်းခဲ့ပါတယ်။
ယောလ၂:၁၂ ထာဝရဘုရားမိန့်တော်မူသည်ကား၊ယခုတွင်အစာရှောင်ခြင်း၊ငိုကြွေးမြည်တမ်းခြင်းနှင့်တကွစိတ်နှလုံးအကြွင်းမဲ့ငါ့ထံသို့ပြန်လာကြလော့။
ဒံယေလ၉:၃မှာ ဒံယေလအပြစ်ဝန်ချအစာရှောင်ဆုတောင်းခဲ့ပြီး၊ ဧဇရ၁:၆-၇ မှာဧဇရကပြစ်မှားသူတွေရဲ့အပြစ်ကိုယ်စားဝန်ချပြီးအစာရှောင်ဆုတောင်းခဲ့ပါတယ်။

၃။နတ်ဆိုးကိုနိုင်ဖို့ခွန်အားတန်ခိုးရရန်
ရှင်မဿဲ ၁၇:၁၉‭-၂၁ ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု လျှောက်ကြသော်၊သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ။ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင်၊ ထိုတောင်ကို နေရာမှရွေ့လော့ဟု ဆိုကြသော်၊ နေရာမှ ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှိ။သို့သော်လည်းဆုတောင်ခြင်း၊ အစာရှောင်ခြင်းမှတစ်ပါး အဘယ်သို့သောအားဖြင့်၊ ထိုအမျိုးသည် မထွက်တတ်ဟု မိန့်တော်မူ၏။

၄။ဘုရားအလိုတော်(သမ္မာတရား)ကိုသိနိုင်ရန်
တရားသူကြီး၂၀:၂၆ဣသရေလအမျိုးသားတွေဟာညီဗင်္ယာမိန်အမျိုးကိုစစ်ရှုံးနေချိန်တစ်နေ့လုံးအစာရှောင်ဆုတောင်းပြီးဘုရားအလိုတော်ကိုမေးခဲ့ပါတယ်။
တမန်၁၃:၂-၃ အသင်းတော်တခုလုံးအစာရှောင်ဆုတောင်းပြီးဘယ်သူ့ကိုစေလွတ်ရမလဲဆိုတာဘုရားကိုမေးတဲ့အခါ သန့်ရှင်းသောဝိညာဉ်တော်ဘုရားက ဗာနဗနှင့်ပေါလု ကိုရွေးချယ်ခဲ့ပါတယ်။

၅။ဧဝံဂေလိအောင်မြင်ပျံ့နှံ့စေရန်
တမန်တော်ဝတ္ထု13:2‭-‬3ထိုသူတို့သည် သခင်ဘုရားဝတ်ကိုပြု၍ အစာကိုရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က၊ ငါခန့်ထားသောအမှုကို ဆောင်ရွက် စေခြင်းငှာ ဗာနဗနှင့်ရှောလုတို့ကို ရွေးချယ်ခွဲထားကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ အစာရှောင်၍ ပတ္ထနာပြုလျက်၊ ထိုသူတို့ခေါင်းပေါ်မှာ လက်ကိုတင်၍ လွှတ်လိုက်ကြ၏။ ‬‬ ‬‬‬

၆။အသင်းတော်တိုးတက်စေရန်
တမန် ၁၄:၂၃အသင်းတော်များတို့၌ သင်းအုပ်တို့ကို ခန့်ထား၍၊ အစာရှောင်လျက်ဆုတောင်းပတ္ထနာ ပြုပြီးလျှင်၊ သင်းဝင်သူတို့ယုံကြည်သော သခင်ဘုရား၏လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံကြ၏။- ‘

၇။အနာရောဂါမှသက်သာခွင့်ရရန်
ဓမ္မရာဇဝင်ဒုတိယစောင် ၁၂:၁၆ ဒါဝိဒ်သည် သူငယ်အတွက် ထာဝရဘုရားအား တောင်းပန်လေ၏။ အစာကိုရှောင်လျက်၊ အထဲသို့ဝင်၍ တစ်ညလုံးမြေပေါ်မှာ အိပ်လျက်နေ၏။
ဆာလံ၃၅:၁၃ ငါမူကား၊ သူတို့၌ အနာရောဂါစွဲသောအခါ၊ လျှော်တေအဝတ်ကို ဝတ်ဆင်လျက် အစာကိုရှောင်၍ ခြိုးခြံစွာ ကျင့်လေ၏။ ကိုယ်ရင်ခွင်ကို မျက်နှာပြုလျက် ဆုတောင်းလေ၏။

၈။ကျေးဇူးတော်ကိုအောက်မေ့သတိရရန်
ဧသတာဝတ္ထု၉:၃၀‭-‬၃၁ ယုဒအမျိုးသား မော်ဒကဲနှင့် မိဖုရားဧသတာမှာထား၍၊ ယုဒလူတို့သည် ကိုယ်အဖို့နှင့် သားစဉ်မြေးဆက်အဖို့ စီရင်သည်အတိုင်း၊ ချိန်းချက်သော အချိန်၌ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့်တကွ ပုရနေ့တို့ကို အမြဲစောင့်စေခြင်းငှာ၊ အာရွှေရုနိုင်ငံတော်တွင် တိုင်းပြည် တစ်ရာနှစ်ဆယ်ခုနစ်ပြည်၌ရှိသော ယုဒလူအပေါင်းတို့ နေရာသို့ ငြိမ်သက်စေသော သစ္စာစကားနှင့် ထိုမှာစာကို မော်ဒကဲပေးလိုက်လေ၏။

၉။စိတ်ဆင်းရဲငို‌ကြွေးကြောင်းသိစေရန်
(1)ရှောလုသေပြီးဒါဝိဒ်အစာရှောင်ငိုကြွေး(၂ရာ၁:၁၂) ။
(2)အာဗနာအတွက်ဒါဝိဒ်အစာရှောင်ငိုကြွေး(၂ရာ၃:၃၅) ။
(3)ယေရုရှလင်မြို့ရိုးပြိုပျက်၊မြို့တံခါးမီးလောင်ကုန်တာကြားလို့နေဟမိအစာရှောင်ငိုကြွေး (နေဟမိ၁း၁-၄)။
(4) ဒံယေလ ခြင်္သေ့တွင်းထဲပစ်ချခံရလို့တရက်တညလုံးအစာရှောင်ခဲ့တဲ့ဘုရင်မင်းကြီး(ဒံယေလ၆း၁၆-၁၈)။

၁၀။ဘုရားတရားမှာသာ၍အာရုံပြုနိုင်ရန်
လုကာ၂:၃၆-၃၇ ပရောဖက်မအန္နဟာဗိမာန်တော်မှာနှစ်ဆယ်ချီနေပြီး၊မကြာမကြာအစာရှောင်ဆုတောင်းခဲ့ပါတယ်။
ထွက်မြောက်ရာ ၃၄:၂၈ မှာ မောရှေဟာအစာမစား၊ရေမသောက်ဘဲ၊အရက်လေးဆယ်ပတ်လုံးဘုရားသခင်ဆီမှာစကားတော်ခံယူခဲ့ပါတယ်။
မဿဲ ၄း၁-၁၁ မှာ သခင်ယေရှု ရက်၄၀ အစာရှောင်ခဲ့ပါတယ်။

နိဂုံး
အစာရှောင်ခြင်းအကြောင်းရင်း(၁၀)ချက်ကတော့
၁။အန္တရာယ်ဘေးမှကယ်လွတ်ပေးရန်
၂။နောင်တရဝန်ချလို့ အပြစ်‌ဖြေလွတ်ပေးရန်
၃။နတ်ဆိုးကိုနိုင်ဖို့ခွန်အားတန်ခိုးရရှိရန်
၄။ဘုရားအလိုတော်(သမ္မာတရား)ကိုသိနိုင်ရန်
၅။ဧဝံဂေလိအောင်မြင်ပျံ့နှံ့စေရန်
၆။အသင်းတော်တိုးတက်စေရန်
၇။အနာရောဂါမှသက်သာခွင့်ရရန်
၈။ကျေးဇူးတော်ကိုအောက်မေ့သတိရရန်
၉။စိတ်ဆင်းရဲငို‌ကြွေးကြောင်းသိစေရန်
၁၀။ဘုရားတရားမှာသာ၍အာရုံပြုနိုင်ရန်
စသည်တို့ဖြစ်ပါတယ်