• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကယ်တင်ခြင်းဆုံးရှုံးသွားနိုင်တဲ့အခြေနေ(၇)မျိုး

ဆရာရဲမင်း

11 月 19, 2024

ကယ်တင်ခြင်းဆုံးရှုံးသွားနိုင်တဲ့အခြေနေ(၇)မျိုး

၁။ဘုရားသခင်ထက်တန်ခိုးကြီးတဲ့သူရှိလာရင်သင်ရထားတဲ့ကယ်တင်ခြင်းဆုံးရှုံးနိုင်ပါမယ်။
(ယော၁၀:၂၉ထို​သိုး​တို့​ကိုငါ​၌​အပ်​ပေး​တော်​မူ​သော ငါ့​ခ​မည်း​တော်​သည် ခပ်​သိမ်း​သော​သူ​တို့​ထက် ကြီး​မြတ်​တော်​မူ​သည်​ဖြစ်၍၊ အ​ဘယ်​သူ​မျှ ထို​သိုး​တို့​ကို ငါ့​ခ​မည်း​တော်၏​လက်​မှ မ​နုတ်​မ​ယူ​နိုင်​ရာ။)
အမှန်ကဘုရားထက်တန်ခိုးကြီးသူမရှိနိုင်တာ‌မို့သင်ရထားတဲ့ကယ်တင်ခြင်းဟာဘယ်တော့မှမဆုံးရှုံးသွားနိုင်ပါ။

၂။ထာဝရဆိုတာအကန့်သတ်ရှိနေရင်သင်ရထားတဲ့ကယ်တင်ခြင်းကပျောက်သွားနိုင်ပါမယ်။
(ယော၅:၂၄ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​စ​ကား​ကို နား​ထောင်၍ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​သည်​ဖြစ်၍ အ​ပြစ်​စီ​ရင်​ခြင်း​ကို​မ​ခံ​ရ။ သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း​သို့ ကူး​မြောက်​သော​သူ​ဖြစ်၏။)
အမှန်ကထာဝရဆိုတာအကန့်သတ်မရှိတာမို့သင်ရထားတဲ့ကယ်တင်ခြင်းဟာဘယ်တော့မှပျောက်မသွားနိုင်ပါ။

၃။ယေရှုခရစ်ကကျွန်တော်တို့အတွက်ဆုတောင်းပေးတာရပ်သွားရင်သင်ကယ်တင်ခြင်းဆုံးရှူံးနိုင်ပါတယ်။
(ဟေဗြဲ၇:၂၅ထို့ကြောင့် ကိုယ်တော်​သည် မိမိ​အားဖြင့် ဘုရားသခင်​ထံ​တော်​သို့​ချဉ်းကပ်​သော​သူ​တို့​ကို အပြည့်အဝ​ကယ်တင်​နိုင်​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် သူ​တို့​အတွက် အသနားခံ​ပေး​ရန် အစဉ်အမြဲ​အသက်ရှင်​လျက်​ရှိ​တော်မူ​၏။-စံမီ)
အမှန်ကယေရှုဟာကျနော်တို့အတွက်အမြဲဆုတောင်းပေးနေတာမို့သင်ရထားတဲ့ကယ်တင်ခြင်းဟာဘယ်တော့မှမဆုံးရှုံးသွားနိုင်ပါ။

၄။ဘုရားသခင်ကတိသစ္စာမတည်တော့ရင်သင်ကယ်တင်ခြင်းဆုံးရှူံးသွားနိုင်ပါတယ်။
(၂သက်၃:၃သို့​သော်​လည်း၊ သ​ခင်​ဘု​ရား​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။ သင်​တို့​ကို​မြဲ​မြံ​စေ၍၊ မ​ကောင်း​အ​မှု​အ​ရာ​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​လိမ့်​မည်။)
အမှန်ကဘုရားသခင်ဟာကတိသစ္စာနဲ့အစဉ်တည်တဲ့သူမို့သူထာဝရအသက်ပေးပြီလို့ပြောလိုက်တာကိုသစ္စာပြန်ဖျက်မှာမဟုတ်ပါ။ဒါ ကြောင့်သင်ရထားတဲ့ကယ်တင်ခြင်းဟာဘယ်တော့မှမဆုံးရှုံးသွားနိုင်ပါ။

၅။ဝိညာဉ်တော်ဘုရားရဲ့အလုပ်လုပ်ပေးခြင်းရပ်တန့်သွားခဲ့ရင်သင်ကယ်တင်ခြင်းဆုံးရှူံးသွားနိုင်ပါတယ်။
(ရောမ၈:၂၆ထို​မှ​တစ်​ပါး၊ငါ​တို့ မ​တတ်​နိုင်​သော​အ​ရာ​မှာ ဝိ​ညာဉ်​တော်​သည် မ​စ​တော်​မူ၏။ ငါ​တို့​သည် ဆု​တောင်း​သင့်​သည်​အ​တိုင်း အ​ဘယ်​ဆု​ကို တောင်း​ရ​မည်​ဟု​မ​သိ​ကြ။ သို့​ရာ​တွင် ငါ​တို့​ဆု​တောင်း​ခြင်း​အ​မှု​ကို နှုတ်​မ​မြွက်​နိုင်​သော ညည်း​တွား​ခြင်း​အား​ဖြင့် ဝိ​ညာဉ်​တော်​သည် စောင့်​မ​တော်​မူ၏။)
(ဧဖက်၄:၃၀ရွေး​နုတ်​ခြင်း နေ့​ရက်​တိုင်​အောင် သင်​တို့​ကို တံ​ဆိပ်​ခတ်​တော်​မူ​သော ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို စိတ်​မ​နာ​စေ​ကြ​နှင့်။)
အမှန်ကဝိညာဉ်တော်ဘုရားဟာသူတံဆိပ်ခတ်လိုက်တဲ့လူတွေကိုအမြဲကူညီလုပ်ဆောင်ဖေးမသူမို့သင်ရထားတဲ့ကယ်တင်ခြင်းဟာဘယ်တော့မှမဆုံးရှုံးသွားနိုင်ပါ။

၆။ဘုရားသခင်ကကျွန်တော်တို့ကိုဆက်မချစ်တော့ရင်သင်ကယ်တင်ခြင်းဆုံးရှူံးသွားနိုင်ပါတယ်။
(ယော၃:၁၆ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။)
အမှန်ကဘုရားရဲ့အချစ်ကအစဉ်အမြဲတည်နေတာမို့သင်ရထားတဲ့ကယ်တင်ခြင်းဟာဘယ်တော့မှမဆုံးရှုံးသွားနိုင်ပါ။

၇။ကယ်တင်ခြင်းမဆုံးရှုံး‌အောင်ငါ့အကျင့်‌ကောင်းနဲ့ထိန်းသိန်းနိုင်ရမယ်ဆိုတဲ့အတွေးဝင်လာတဲ့ချိန်သင်ကယ်တင်ခြင်းပြန်ဆုံးရှုံးနိုင်ပါတယ်။ဘာလို့လဲဆို‌တော့(အမြဲအပြစ်လုပ်နေခြင်းမဟုတ်ဘဲ)သင်အကျင့်တချက်ကလေးမကောင်းနိုင်တာနဲ့ကယ်တင်ခြင်းဆုံးရှုံးသွားနိုင်တယ်လို့သင်ခံယူလို့ပါ။
(ဖိလိပ္ပိ၁:၆သင်​တို့​၌ ကောင်း​သော​အမှု​ကို​အစပြု​ခဲ့​သော​အရှင်​သည် ခရစ်တော်​ယေရှု​၏​နေ့ရက်​တိုင်အောင် ထို​အမှု​ကို ပြီးမြောက်​စေ​တော်မူ​လိမ့်မည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။)
အမှန်ကသင့်ကယ်တင်ခြင်းကိုမဆုံးရှုံးအောင်စောင့်ရှောက်ပေးသူဟာခရစ်တော်ဘဲမို့သင်ရထားတဲ့ကယ်တင်ခြင်းဟာဘယ်တော့မှမဆုံးရှုံးသွားနိုင်ပါ။

ကယ်တင်ခြင်းမဆုံးရှုံးနိုင်ဘူးဆိုရင်အပြစ်အားရပါးရလုပ်လို့ရပြီလော?မဟုတ်ရပါ၊သာ၍သန့်ရှင်းစွာနာခံအသက်ရှင်သွားရပါမည်။စစ်မှန်သောကယ်တင်ခြင်းရထားသူဟာအပြစ်ကိုလိုလိုလားလာသွားမလုပ်တော့ပါ။အဓိကဒီပို့စ်မှာတော့ဘုရားပေးထားတဲ့ကယ်တင်ခြင်းဟာသင့်အတွက်ထာဝရလုံခြုံမှု(အာမခံမှု)ရှိကြောင်းစိတ်ချစေချင်တာဖြစ်ပါတယ်။