ဖျားနာနေသူအတွက်ဘုရားစကား(၁၂)ချက်
သင်ဖျားနေပါသလား?ဘုရားစကားနဲ့အမြဲခွန်အားယူပါ။အခြားသူဖျားနေရင်လဲဒီကျမ်းချက်တွေနဲ့ခွန်အားပေးပါ။ဘုရားစကားမို့တန်ခိုးပါနေပါတယ်၊ဒါကြောင့်ကျန်းမာခြင်းရနိုင်ပါတယ်။
၁။ဆာလံ၃၄:၁၉ ဖြောင့်မတ်သောသူသည် များစွာသော ဒုက္ခဆင်းရဲကို ခံရသော်လည်း၊ ထာဝရဘုရားသည် ခပ်သိမ်းသော ဒုက္ခဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။
၂။ယာကုပ်၅:၁၄-၁၅နာသောသူရှိလျှင်၊ သင်းအုပ်ကိုခေါ်၍ သူတို့သည် သခင်ဘုရား၏ နာမတော်ကို အမှီပြုလျက်၊ လူနာကိုဆီနှင့်လူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။ထိုသို့ပြုလျှင်၊ ယုံကြည်ခြင်း၏ပတ္ထနာသည် လူနာကို ကယ်ဆယ်၍၊ သခင်ဘုရားသည် သူ့ကိုထမြောက်စေတော်မူမည်။ သူသည် အပြစ်ပြုမိသော်လည်း ထိုအပြစ်ကို လွှတ်တော်မူမည်။
၃။ဆာလံ၁၀၇:၁၉-၂၀ ဆင်းရဲခံရသောအခါ ထာဝရဘုရားကိုအော်ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏။ နှုတ်ကပတ်တော်ကိုလွှတ်သဖြင့်၊ သူတို့အနာကို ငြိမ်းစေ၍၊ ဖျက်ဆီးခြင်းအရာများထဲက နုတ်ယူတော်မူ၏။
၄။ယေရမိ၃၀:၁၇ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတစ်ပါးတို့က၊ သင်သည် စွန့်ပစ်ခြင်းကို ခံရသောသူဟူ၍လည်းကောင်း၊ အဘယ်သူမျှ မကြည့်ရှု မပြုစုသော ဇိအုန်မြို့ဟူ၍လည်းကောင်းခေါ်သော်လည်း၊သင်၏အနာရောဂါများကိုငါပျောက်စေ၍၊ ကျန်းမာပကတိ ဖြစ်စေမည်။
၅။ဆာလံ၁၀၃:၂-၃ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။
ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။ သင်၏အပြစ်အလုံးစုံတို့ကိုဖြေလွှတ်၍၊ သင်၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။
၆။ဟေရှာ၅၃:၅ ထိုသူသည် ငါတို့လွန်ကျူးခြင်း အပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍၊ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။
၇။ထွက်၁၅:၂၆ သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏စကားကို စေ့စေ့နားထောင်၍ နှစ်သက်တော်မူသောအကျင့်ကို ကျင့်လျှင်လည်းကောင်း၊ ပညတ်တရားတော်အလိုသို့လိုက်၍ စီရင်တော်မူချက်တို့ကို စောင့်ရှောက်လျှင်လည်းကောင်း၊ ငါသည် အဲဂုတ္တုလူတို့၌စွဲစေသော ရောဂါတစ်စုံတစ်ခုကိုမျှ သင်တို့၌မစွဲစေ။ ငါသည် သင်တို့၏ရောဂါကိုငြိမ်းစေသော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
၈။ထွက်၂၃:၂၅ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ သင်၏မုန့်ကိုလည်းကောင်း၊ ရေကိုလည်းကောင်း၊ ကောင်းချီးပေးတော်မူမည်။ အနာရောဂါကိုလည်း သင်၏အထဲက နုတ်ယူပယ်ရှားတော်မူမည်။
၉။သုတ္တံ၄:၂၀-၂၂ ငါ့သား၊ ငါ့စကားကိုနားထောင်လော့။ ငါဟောပြောချက်တို့ကို နားသွင်းလော့။ သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးတွင်း၌ စောင့်ထားလော့။ အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရသောသူတို့သည် အသက်ရှင်ခြင်း၊ တစ်ကိုယ်လုံးကျန်းမာခြင်းအကြောင်းကို တွေ့ရပြီ။
၁၀။ဓမ္မရာဇဝင်စတုတ္ထစောင် ၂၀:၄-၆ထိုကာလအခါ ဟေဇကိမင်းသည်သေနာစွဲသဖြင့်၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကိုစီရင်လော့။ သင်သည် အသက်မရှင်၊ သေရမည်ဟု အမိန့်တော်ကို ပြန်လေ၏။ ဟေဇကိမင်းသည်လည်း ထရံသို့မျက်နှာလှည့်၍၊ 3အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌သစ္စာစောင့်လျက်၊ စုံလင်သောစိတ်နှလုံးနှင့်ကျင့်၍ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေးလျက် ထာဝရဘုရားကို ဆုတောင်းလေ၏။ ဟေရှာယသည် နန်းတော်အလယ်တံတိုင်းသို့ မရောက်မီ ထာဝရဘုရား၏နှုတ်ကပတ်တော်ရောက်၍၊ သင်သည် ငါ့လူတို့၏ ဗိုလ်ချုပ်ဟေဇကိမင်းထံသို့ တစ်ဖန်သွားပြီးလျှင်၊ သင့်အဘဒါဝိဒ်၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ပတ္ထနာစကားကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏အနာကို ငါပျောက်စေသဖြင့်၊ သင်သည် သုံးရက်လွန်လျှင် ဗိမာန်တော်သို့တက်ရလိမ့်မည်။ သင့်အသက်၌ တစ်ဆယ်ငါးနှစ်ကို ငါဆက်၍ပေးမည်။
၁၁။ဖိလိပ္ပိ၄:၆-၇ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍ မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။
၁၂။ မဿဲ၈း၁၄-၁၇ ထိုနောက်မှ ယေရှုသည် ပေတရုအိမ်သို့ကြွ၍ ပေတရု၏ယောက္ခမသည် ဖျားနာစွဲလျက် တုံးလုံးနေသည်ကို တွေ့မြင်တော်မူ၏။ထိုမိန်းမ၏လက်ကို တို့တော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ထ၍ ဧည့်သည်ဝတ်ကို ပြုလေ၏။ညဉ့်ဦးယံ၌ နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ ဆောင်ခဲ့၍ နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ်တို့ကို နှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတို့ကို သက်သာစေတော်မူ၏။ထိုအကြောင်းအရာမူကား၊ သူသည် အကျွန်ုပ်တို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်ဟု ပရောဖက်ဟေရှာယ ဟောဖူးသောစကား ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။