• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဓမ္မဟောင်းယဇ်(၅)မျိုးနှင့်ယေရှုခရစ်တော်

ဆရာရဲမင်း

11 月 20, 2024

ဓမ္မဟောင်းယဇ်(၅)မျိုးနှင့်ယေရှုခရစ်တော်

ဓမ္မဟောင်းမှာဖော်ပြတဲ့ယဇ်၅မျိုးကိုလိုရင်းရှင်းပြမှာဖြစ်ပြီး၊ဒီယဇ်၅မျိုးဟာ ယေရှုခရစ်တော်ကိုဘယ်လိုပုံဆောင်နေလဲဆိုတာအဓိကချပြပါမယ်။

၁။မီးရှို့ရာယဇ်(ဝတ်ပြုရာ၁:၁-၁၇၊၆:၈-၁၃၊၈:၁၈-၂၄)
အပြစ်အနာအစာမပါတဲ့နွားထီး၊သိုးထီး(ဆင်းရဲသားများအတွက်ခိုငှက်အထီး၊ချိုးငှက်အထီး)စသဖြင့်ကိုမီးရှို့ပြီးပူဇော်ရပါတယ်။ဒါကသာမန်အပြစ်တွေကိုဝန်ချဖို့ပါ။တိရိစ္ဆာန်တွေကမိမိကိုယ်စားသေခြင်းဖြစ်ပြီးကိုယ်ကနောင်တနဲ့ကိုင်းရှိုင်းတဲ့အသက်တာကိုတည်ဆောက်ဖို့ကတိပြုခြင်းဖြစ်ပါတယ်။
ဒီမီးရှို့ရာယဇ်က(ဟေဗြဲ၁၀:၅-၇)အရယေရှုခရစ်တော်ကလူသားတွေအတွက်အသေခံဖို့လူ့ဇာတိလာခံခြင်းကိုပုံဆောင်ပါတယ်။

၂။ဘောဇဉ်ပူဇော်သကာ(ဝတ်ပြုရာ၂:၁-၁၆၊၆:၁၄-၂၃)
မုန့်ညက်၊ဆီ၊လောဗန်၊ဆား၊အဦးသီး၊စပါးစသဖြင့်နဲ့ယဇ်ပလ္လင်ပေါ်မှာမီးရှို့ပူဇော်ရပါတယ်။အကုန်မရှို့ဘဲကျန်နေသေးတာကိုတော့အာရုန်(လေဝိလူ)အတွက်ပေးစားရပါတယ်။လုပ်ရခြင်းရည်ရွယ်ချက်က‌ တော့ဘုရားသခင်ရဲကောင်းချီးပေးခြင်းကိုလူ‌တွေကပြန်လည်ကျေးဇူးတင်‌ရေတွက်ချီးမွမ်းခြင်းဖြစ်ပါတယ်။
ဒီဘောဇဉ်ပူဇော်သကာက(တမန်၃:၁၄)အရယေရှုခရစ်တော်ရဲ့သန့်ရှင်းဖြောင့်မတ်ခြင်းကိုပုံဆောင်ပါတယ်။

၃။မိသဟာယယဇ်(ဝတ်ပြုရာ၃:၁-၁၇၊၇:၁၁-၃၄)
သိုးနွားဆိတ်အထီးအမ၊မုန့်ညက်အမျိုးမျိုးဖြင့်ပူဇော်ရပါတယ်။ပူဇော်ခံတိရိစ္ဆာန်နဲ့မုန့်များကိုဘုရား ရှေ့မှာအတူတကွစားသုံးကြရပါတယ်။ပူဇော်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ဘုရားနဲ့လူမိသဟာယဖွဲ့ခြင်း၊ကျေးဇူးတော်ချီးမွမ်းဝတ်ပြုခြင်းဖြစ်ပါတယ်။
ဒီမိသဟာယယဇ်က(ဧဖက်၂:၁၃-၁၄)အရအရ ယေရှုခရစ်တော်သယ်ဆောင်လာတဲ့ရန်ငြိမ်းခြင်း၊သင့်မြတ်စေခြင်းကိုပုံဆောင်ပါတယ်။

၄။အပြစ်‌ဖြေရာယဇ်(ဝတ်ပြုရာ၄:၁-၅၊၂၂၊၅:၁၁၊၆:၂၄-၃၀၊၈:၁၄-၁၇၊၁၆:၃-၃၂)
ဒီအပြစ်ဖြေရာယဇ်ပူဇော်ဖို့အတွက်လူအတန်းစားအလိုက်ခွဲခန့်ထားပေးပါတယ်…
(၁)ယဇ်ပရောဟိတ်-နွားထီးပျို
(၂)မင်းအစိုးရ-ဆိတ်ထီးပျို
(၃)သာမန်လူ-ဆိတ်မ ပျို
(၄)ဆင်းရဲသား-ခိုငှက်နဲ့ချိုးငှက်
(၅)အထူးဆင်းရဲသူ-မုန့်ညက်
စသဖြင့်အသီးသီးပူဇော်ရပါတယ်။တချို့ကိုမီးရှို့ရသလိုကျန်တချို့ကိုလေဝိလူမျိုးအတွက်ပေးစားရပါတယ်။ဒီယဇ်ပူ‌ဇော်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့အပြစ်ကြီးကြီးမားမားပြုမိထားတဲ့သူအတွက်အပြစ်ဖြေနိုင်ဖို့ဖြစ်ပါတယ်။
ဒီအပြစ်ဖြေရာယဇ်က(၁ယော၂:၁-၂၊ဟေဗြဲ၉:၁၁-၂၂၊၁၀:၁၁-၁၂)အရယေရှုခရစ်တော်ရဲ့လူသား‌ တွေအတွက်အသေခံပြီးကယ်တင်သွားခြင်းကိုပုံဆောင်ပါတယ်။ယေရှုကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လိုက်တာနဲ့အပြစ်ရှိသမျှဖြေလွတ်ခြင်းခံရပါမယ်။

၅။ဒုစရိုက်ဖြေရာယဇ်(ဝတ်ပြုရာ၅:၁၄- ၆:၇- ၇:၁-၆)
အပြစ်ဖြေရာယဇ်နဲ့တူပေမဲ့မတူတာလဲရှိပါတယ်။အပြစ်ဖြေရာယဇ်ကဘုရားသခင်ကိုတိုက်ရိုက်ပြစ်မှားခြင်းကိုဖြေတာဖြစ်ပြီး၊ဒုစရိုက်ဖြေတာကတော့အသက်တာမှာလုပ်မိတဲ့အမှားကိုဖြေတာဖြစ်ပါတယ်။ကယ်တင်ခြင်းရဖို့အပြစ်ဝန်ချတာနဲ့ခရစ်ယာန်အသက်တာမှာအားနည်းမိလို့အပြစ်ဝန်ချတာမျိုးကွာတာပါ။
ဒီယဇ်ကိုပူဇော်ဖို့ဆိတ်ထီး၊သိုးထီး၊(မသန့်ရှင်းဖြစ်သွားသူအတွက်သိုးမ)ပူဇော်အသုံးပြုလို့ရပါတယ်။ဒီယဇ်ပူဇော်ရခြင်းအဓိကရည်ရွယ်ချက်က အသက်တာမှာလူလူချင်းလုပ်မှား၊ကိုင်မှား၊ပြောမှား၊ဆိုမှားတာတွေကို ဖြေလွတ်ခံရဖို့ဖြစ်ပါတယ်။
ဒီဒုစရိုက်ဖြေရာယဇ်က(၁ယော၁:၈-၉)အရခရစ်တော်ယေရှုကနေကျွန်တော်တို့ရဲ့အသက်တာမှာအားနည်းပြီးပြုမိတဲ့ဒုစရိုက်အပြစ်တွေဖြေလွတ်ပေးခြင်းကိုပုံဆောင်ပါတယ်။
ယနေ့ဓမ္မသစ်ခေတ်ကာလမှာတော့ယေရှုခရစ်တော်ရဲ့လူသားအားလုံးအတွက်တစ်ကြိမ်ထဲပူဇော်ခဲ့ခြင်းကြောင့်ယဇ်ပူဇော်ဖို့မလိုအပ်တော့ပါ။ယေရှုခရစ်တော်နှင့်အတူအသက်ရှင်သွားလာတတ်ဖို့သာလိုပါသည်။ဘုရားသခင်ကောင်းချီးပေးပါစေ။အာမင်။