ဘုရားစကားပြောလာနိုင်တဲ့လမ်းကြောင်းများ
၁။သမ္မာကျမ်းစာတော်မြတ်အားဖြင့်
သမ္မာကျမ်းစာဆိုတာဘုရားသခင်ရဲ့နူတ်တော်ထွက်မို့၊ကျမ်းစာကိုဖတ်ရှုနားထောင်ခြင်းအားဖြင့်ဘုရားသင့်ကိုပြောချင်တဲ့စကားကိုသင်ကြားသိရမှာဖြစ်ပါတယ်။ဒါကြောင့်ကျမ်းစာဖတ်ရှုနားထောင်ရမှာမပျင်းပါနဲ့။
(၂ တိ 3:16 ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍…)
၂။တရားဒေသနာနှင့်သက်သေခံချက်အားဖြင့်
အမှုတော်ဆောင်ဆရာ/မ တို့ရဲ့ကျမ်းစာအတိုင်းဟောတဲ့တရားဒေသနာကိုနားထောင်ခြင်းအပါအဝင်၊ယုံကြည်သူတွေရဲ့သက်သေခံချက်တွေကနေဘုရားသခင်သင့်ကိုသိစေချင်တဲ့စကားကိုသင်ကြားသိရမှာဖြစ်ပါတယ်။ဒါကြောင့်တရားနားထောင်ရမှာမပျင်းပါနဲ့။
( ရောမ 10:17 သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။)
၃။ဝိညာဉ်ရေးရာစာအုပ်စာစောင်များအားဖြင့်
သမ္မာကျမ်းစာအုပ်အပြင်၊ဝိညာဉ်ရေးရာစာအုပ်စာစောင်တွေကိုအမြဲဖတ်ရှု့လေ့လာသင့်ပါတယ်။ခရစ်ယာန်စာရေးဆရာတွေရေးသားထုတ်ဝေတဲ့ဝိညာဉ်ရေးရာအထောက်အကူပြုစာအုပ်စာစောင်တွေ၊အနက်ဖွင့်ကျမ်းတွေကိုဝယ်ယူဖတ်ရှုပါ။အင်တာနက်ပေါ်ဝေမျှထားတဲ့အရာကိုဖက်ပါ။ဘုရားသခင်ကဒီစာရေးဆရာတွေအားဖြင့်လည်းသင့်ကိုစကားပြောနိုင်ပါတယ်။။ဒါကြောင့်စာအုပ်စာစုဖတ်ရမှာမပျင်းပါနဲ့။
၄။ဓမ္မဇာတ်ကား၊အငြိမ့်၊ပြဇာတ်အားဖြင့်။
သရဲတစ္ဆေဇတ်ကားနဲ့ကိုးရီးယားအဆက်ကားတွေကြည့်နေမယ့်အစား၊သမ္မာကျမ်းစာဇတ်ကားတွေ၊ ယေရှုသက် တော်စဉ်တွေ၊ပြဇာတ်တွေ၊အကတွေကြည့်ပါ။ဒီလိုဓမ္မဇာတ်ကားတွေကနေဘုရားသင့်ကိုစကားပြောနိုင်ပါတယ်။
ဒါကြောင့်ဓမ္မဇာတ်ကားကြည့်ရမှာမပျင်းပါနဲ့။
၅။ချီးမွမ်းသီချင်းစာသားအားဖြင့်
သီချင်းဆိုချီးမွမ်းတဲ့အခါ၊သံစဉ်နဲ့သီဆိုခြင်းကိုသာအာရုံပြုဖို့မဟုတ်ဘဲ၊ဆိုနေတဲ့စာသားကိုနားလည်ခံစားဖို့ဖြစ်ပါတယ်။ဒီချီးမွမ်းသီချင်းစာသားကနေလည်းဘုရားသင့်ကိုစကားပြောနေနိုင်လို့ပါ။ဒါကြောင့်ချီးမွမ်းပြီးသီချင်းစာသားခံစားဖို့မပျင်းပါနဲ့။
၆။တခြားသူတွေရဲ့ဆုတောင်းခြင်းအားဖြင့်
သူတပါးရဲ့ဆုတောင်းခြင်းကနေအလင်းရသွားသူတွေအများကြီးရှိပါတယ်။ဒါကြောင့်အခြားသူတွေရဲ့ဆုတောင်းပေးခြင်းကိုသေချာနားထောင်သင့်ပါတယ်။ဒါကြောင့်အခြားသူ တွေဆုတောင်းနေချိန်အာရုံမလွဲဘဲ သေချာနားထောင်ပါ။
၇။အိမ်မက်၊ရူပါရုံနှင့်တခြားသောအရာများအားဖြင့်
ဘုရားသခင်စကားပြောလာနိုင်တဲ့လမ်းကြောင်းကအများကြီးရှိပါသေးတယ်၊ဥပမာတချို့ကျမ်းစာအုပ်မရှိတဲ့နေရာနဲ့ဧဝံဂေလိဟောခွင့်မရတဲ့နေရာမျိုးမှာဘုရားသခင်ကအိမ်မက်ရူပါရုံနဲ့စကားပြောလာနိုင်ပါတယ်။နောက်ပြီးဖန်ဆင်းခြင်းအရာအားဖြင့်သော်လည်းကောင်း၊အခြားအရာတခုခုအားဖြင့်သော်လည်းကောင်းအလင်းရစေနိုင်ပါတယ်။ဒါကြောင့်ဖန်ဆင်းခြင်းကနေဘုရားဖွင့်ပြလာရင်လက်ခံပါ။
(ရောမ 1:20 အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။)