• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ငါဆိုတဲ့စိတ်ကြီးဝင်ခြင်းရှောင်ပါ

ဆရာရဲမင်း

11 月 20, 2024

ငါဆိုတဲ့စိတ်ကြီးဝင်ခြင်းရှောင်ပါ

စာတန်ဆိုတဲ့အဓိပ္ပာယ်ကရန်ပြုပုန်ကန်သူပါ။စာတန်ဟာသူစာတန်မဖြစ်ခင်နဂိုကဘုရားဖန်ဆင်းထားတဲ့ကောင်းကင်တမန်‌ခေရုဗိမ်ပါ(ယေဇကျေလ၂၈:၁၄)။
ဘာလို့ကောင်းကင်တမန်ကနေဘုရားကိုပုန်ကန်တဲ့သူဖြစ်သွားရတာလဲဆိုတော့ ငါဟဲ့ဟုတ်လှပြီဆိုတဲ့ စိတ်ကြီးဝင်သွားလို့ပါ။ဒါကိုဟေရှာယ၄:၁၂-၁၇မှာဒီလိုဖော်ပြထားပါတယ်။
၁။ကောင်းကင်ပေါ်ငါတက်မည်(ဟေရှာ၁၄:၁၃)။
၂။ငါ့ပလ္လင်ကိုငါချီးမြောက်မည်(ဟေရှာ၁၄:၁၃)။
၃။ဗျာဒိတ်တော်တောင်ပေါ်မှာငါထိုင်မည်(ဟေရှာ၁၄:၁၃)။
၄။မိုးတိမ်ပေါ်ငါတက်မည်(ဟေရှာ၁၄:၁၄)။
၅။အမြင့်ဆုံးသောဘုရားကဲ့သို့ငါနေမည်(ဟေရှာ၁၄:၁၄)။

ငါငါငါဆိုတဲ့စိတ်ကြီးကြောင့်ကျမ်းစာ ဟေရှာ၁၄:၁၂မှာကသူ့ကို‭ဒီလိုအပြစ်ပေးကြောင်းဖော်ပြပါတယ်”အို နံနက်သား၊ မိုးသောက်ကြယ်၊ သင်သည် ကောင်းကင်က ကျလေပြီတကား။ အပြည်ပြည်တို့ကို နှိပ်စက်သောသင်သည်၊ မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား။”
နောက်ပြီးဒီအကြောင်းအရာကို‭ယေဇကျေလ၂၈:၁၁-၁၉မှာလဲဒီလိုအစဉ်တိုင်းဖော်ပြထားပြန်ပါတယ်။

စာတန်ဟာ
၁။နဂိုကကောင်းကင်တမန်ခေရုဗိမ်
၂။ဧဒင်ဥယျဉ်မှာတာဝန်ကျတဲ့သူ
၃။ဖန်ဆင်းကတည်းကဂီတပိုင်းကျွမ်းကျင်သူ
၄။ပညာရတနာများနှင့်ပြည့်စုံပြီးအဆင်းလှသူ
၅။နောက်ပိုင်းငါငါငါဆိုတဲ့အပြစ်ရှိလာသူ
၆။တော်တတ်လွန်းလို့ဝါကြွားတဲ့စိတ်ကြောင့်ကျရှုံးသူ
၇။ကောင်းကင်ကနေကန်ချခံရသူ
ဖြစ်ပါတယ်။

သင်ခန်းစာကတော့
မိမိကိုယ်ကိုဟုတ်လှပြီလို့မဝါကြွားနဲ့။
မိမိဂုဏ်ကိုမဖော်နဲ့။
ငါဟဲ့ဆိုပြီးစိတ်ကြီးမဝင်နဲ့။
အရာအားလုံးဟာဘုရားသခင်ကျေးဇူးတော်ကြောင့်ပါဆိုပြီးနှိမ့်ချတဲ့စိတ်နဲ့အသက်ရှင်ပါ။
ငါဧဝံဂေလိဟောလိုက်လို့၊
ငါအစပြုပေးခဲ့လို့၊
ငါပေးဆပ်ခဲ့လို့၊
ငါကူညီထောက်ပံ့ထားလို့၊
ငါပေးလှူထားလို့၊
ငါမနက်တိုင်းတရားဟောပေးနေလို့၊
ငါဆုတောင်းပေးလိုက်လို့
ငါလုပ်‌ပေးလို့…ငါပြောပေးလို့…ဒီလိုနိုးထလာတာဆိုတဲ့စိတ်မျိုးဟာစာတန်စိတ်မို့အထူးသတိပြုပါ။လူဟာဘယ်လောက်တော်တတ်နေပါစေဝိညာဉ်တော်အလင်းမပေးရင်ဘာမှဖြစ်မလာနိုင်ပါဘူး။အထူးသဖြင့်ပညာတော်တတ်နေတဲ့သူ‌တွေသတိအထူးပြုပါ၊ကိုယ်ကတော်တတ်နေလွန်းလုပ်တတ်နေလွန်းရင်ဘုရားတန်ခိုးကြောင့်မဟုတ်ဘဲမိမိပညာကြောင့်လို့စိတ်ကြီးဝင်လာနိုင်ပါတယ်။ဒါကြောင့်လဲကျမ်းစာမှာတော်တတ်နေတဲ့ပညာရှိကြီးတွေကို(မနှိမ့်ချရင်)ဘုရားမသုံးဘူးလို့ရှင်းလင်းစွာဖော်ပြထားတာပါ။

‭၁ကော၁:၂၇ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိရှိသော သူတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ အားနည်းသော သူတို့ကို ရွေးကောက်တော်မူ၏။

‭‭သုတ္တံ၁၈:၁၂ ပျက်စီးခြင်းအရင်၌ လူသည် စိတ်မြင့်ခြင်း၏နေရာ၊ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။