မှားယွင်းသောဆုတောင်းခြင်း(၂)မျိုး
နိဒါန်း
မဿဲ၆:၅-၁၃မှာ၊သခင်ယေရှုခရစ်တော်ကတပည့်တော်တွေကိုဆုတောင်းခြင်းသင်ခန်းစာ(ပဌာနာတော်)မသင်ပေးခင်၊မှားယွင်းသောဆုတောင်းခြင်း(၂)မျိုးအကြောင်းကိုအရင်နိဒါန်းပျိုးပြီးသတိပေးခဲ့ပါတယ်။အတူတကွလေ့လာရအောင်ပါ။
၁။ဝါကြွားလိုသောစိတ်ဖြင့်ဆုတောင်းခြင်း
ဥပမာ
(၁)။ငါဘယ်လိုဘယ်ဝါဆုတောင်းနိုင်တယ်လို့လူအများ ရှေ့တမင်တကာထုတ်ဖော်ဝါကြွားပြတာမျိုး။
(၂)။တစ်ယောက်ထဲဆိုရင်သေချာဆုမတောင်းဘဲ၊အများရှေ့မှာမှကိုင်းရှိုင်းပြတာမျိုး။
(၃)။ဘုရားအမြင်ထက်လူ့အမြင်ကိုပိုစိတ်ဝင်စားတာမျိုး။
(မဿဲ၅:၅-၆သင်သည် ဆုတောင်းပတ္ထနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူ မပြုနှင့်။ ထိုသူတို့သည် လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှာ၊ ပွဲသဘင် လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းငှာ အလိုရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုခံရကြ၏။သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကို ဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတ္တံ့။)
၂။အထပ်ထပ်နဲ့အရှည်ကြီးတောင်းမှဘုရားနားညောင်းမယ်ထင်ခြင်း
ဥပမာ
(၁)ဟာလေလုယာ/အာမင်၁၀ခါပြောမှဘုရားနားညောင်းမယ်ထင်တာမျိုး။
(၂)ဘုရားကိုအတိအကျအစအဆုံးပြောပြနိုင်မှ(ဆုအရှည်ကြီးတောင်းမှ)ဘုရားနားညောင်းမယ်လို့ခံယူတာမျိုး။
(၃)။ငါဒီလိုကျင့်နိုင်မှဘုရားဒီလိုလုပ်ပေးမှာလို့အကျင့်နဲ့ဘုရားကိုအပေးအယူလုပ်တာမျိုး။
(မဿဲ၅:၇-၈ သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ၏။ထိုသူတို့နည်းတူ မပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့ အလိုရှိသမျှတို့ကို သင်တို့မတောင်းမီ သင်တို့ အဘသိတော်မူ၏။)
နိဂုံး
ဝါကြွားသောဆုတောင်းခြင်းကိုဘုရားမနှစ်သက်သလို၊မိမိကိုယ်ကိုအားကိုးပြီး(ဆုတောင်းနိုင်တယ်ဆိုပြီး)အကျင့်အားကိုးဆုတောင်းခြင်းကိုဘုရားမနှစ်သက်ပါဘူး။ဒါကြောင့်ဆုတောင်းတိုင်းမှာနှိမ့်ချပါ၊လူ့ အမြင်ထက်ဘုရားမြင်ကို ပိုဂရုစိုက်ပါ။ငါလုပ်နိုင်တယ်ဆိုတာထက်အားနည်းခြင်းမစုံလင်ခြင်းကိုဝန်ခံပြီး၊ယုံကြည်ခြင်းနဲ့တိုးဝင်ပါလို့ခွန်အားပေးချင်ပါတယ်။