• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဘုရားသခင်ကိုမခိုင်းစားပါနှင့်၊ကိုးစားပါ

ဆရာရဲမင်း

11 月 20, 2024

ဘုရားသခင်ကိုမခိုင်းစားပါနှင့်၊ကိုးစားပါ

တရားသူကြီးမှတ်စာအခန်းကြီး၁၉မှာလေဝိတစ်ယောက်ရဲ့မယားကိုဗင်္ယာမိန်အမျိုးထဲကလူဆိုးတချို့က သေတဲ့အထိမတရားပြုကျင့်ပြီးပစ်ထားခဲ့တယ်(နဂိုကယောကျ်ားချင်းအဓမ္မပြုဖို့ပါ၊မရလို့မှသူ့မိန်းမကိုအဓမ္မပြုခဲ့)။ဒါနဲ့ ယောကျာ်းလုပ်တဲ့ လေဝိလူကသူ့မယားခန္ဓာကို၁၂ပိုင်းခုတ်ပြီးဣသရေလ၁၂မျိုးရဲ့လူကြီးတွေဆီတိုင်စာပို့တယ်။
အခန်းကြီး၂၀အစမှာ
ဒါကိုသိသွားရတဲ့ဣသရေလလူတွေကစိတ်တအားဆိုးပြီးမိမိညီအကိုဖြစ်တဲ့ဗင်္ယာမိန်ဆီသွားတယ်၊အပြစ်ပြုတဲ့လူတွေကိုထုတ်ပေးဖို့တရားစီရင်ဖို့တောင်းတယ်။ဗင်္ယာမိန်အမျိုးတွေကမပေးဘူး၊ဇရှိရင်လာခဲ့ချမယ်ဆိုသလိုမျိုးနဲ့တုန့်ပြန်တယ်။
ဒါနဲ့ဣသရေလ၁၁မျိုးလုံးကစိတ်တိုနေတဲ့ထဲကနေပိုပြီးဒေါသမီးလောင်ပြီးစစ်တိုက်ဖို့ပြင်ဆင်ကြတယ်။
ဗင်္ယာမိန်စစ်တပ်ကအားလုံးပေါင်းမှနှစ်သောင်းခြောက်ထောင်ခုနှစ်ရာ။ဣသရေလ၁၁မျိုးထဲကစစ်တပ်ရွေးထုတ်လာတာက လေးသိန်း။
ပြဿနာက- ဘုရားကိုမေးပြီးစစ်တိုက်ခဲ့ပေမဲ့၊ဗင်္ယာမိန်ကိုပထမတကြိမ်တိုက်တာဣသရေလလူတွေစစ်ရှုံးပြီးလူနှစ်သောင်းနှစ်ထောင်သေခဲ့တယ်။
ဒုတိယတစ်ကြိမ်လည်းဘုရားကိုမေးပြီးတိုက်ခဲ့ပေမဲ့စစ်ထပ်ရှုံးပြီးစစ်သားပေါင်းတစ်သောင်းရှစ်ထောင်သေခဲ့ပြန်တယ်။
တတိယအကြိမ်မှအပြီးသတ်အနိုင်ရခဲ့တာပါ။

မေးခွန်းက
ဣသရေလလူတွေဘုရားသခင်ကိုမေးထားရက်သားနဲ့၊အပြစ်လုပ်ထားတဲ့ဗင်္ယာမိန်ကိုသွားစီရင်ဖို့မှန်ရက်သားနဲ့
၊ဘာလို့စစ်နှစ်ခါရှုံးပြီးလူ၄သောင်းလောက်တောင်သေခဲ့ရတာလဲ?ဘုရားသခင်ကဘာလို့ဒီလိုခွင့်ပြုတာလဲ?လို့ကျမ်းစာဖတ်သူတွေအတွက်ဒွိဟဖြစ်နေတတ်ပါတယ်။ဒါကိုအဓိကထားပြီးလိုရင်းဖြေရှင်းပါမယ်။
အကြောင်းရင်းက
ဣသရေလလူတွေဘုရားသခင်ကိုမကိုးစားဘဲခိုင်းစားနေခဲ့လို့ပါ။

၁။ဣသရေလလူဆိုတာဘုရားလူမို့၊စစ်တိုက်ဖို့ဘုရားကိုခွင့်တောင်းရပါတယ်။ဒါပေမဲ့ဣသရေလလူတွေကစစ်တိုက်ဖို့ဆုံးဖြတ်ပြီးမှဘယ်သူ(ဘယ်အမျိုးထဲက)အရင်စစ်သွားတိုက်ရမလဲဆိုတာကိုဘဲပထမမှာမေးခဲ့တာပါ(တရား၂၀:၁၈)။တနည်းအားဖြင့်သူတို့‌ဆုံးဖြတ်ထားတာကိုဘုရားကလာစီရင်ဖို့ခိုင်းနေသလိုသက်ရောက်သွားတာပါ။

၂။ဣသရေလလူတွေကစစ်သား၄သိန်းရှိတာမို့မာန်တတ်ပြီးဘုရားကိုမေ့သွားတာပါ။ဒါကြောင့်စစ်မရှုံးနိုင်ဘူးလို့အတည်ခံယူထားတာမို့ဒုတိယအကြိမ်မှာလဲစစ်ခင်းပြီးမှဘုရားကိုစစ်တိုက်ဖို့ (တရား၂၀:၂၂အရင်ဆုံးဖြတ်ပြီးနောက်မှ)မေးခဲ့ကြတာပါ။လူအားညာဏ်အားလက်နက်အားကိုးပြီးဘုရားအားကိုးဖို့မေ့နေတာမို့ပါ။

၃။နောက်ဆုံးအကြိမ်မှာတော့-ဆုံးဖြတ်ချက်အရင်မချသေးဘဲဆုံးဖြတ်ခွင်အာဏာကိုဘုရားဆီအလုံးစုံအပ်ပြီး(နောင်တရအစာရှောင်ပြီး)၊မိမိရဲ့ဟုတ်လှပြီဆိုတဲ့ဇာတိစိတ်ကိုနောက်မှာထားပြီးဘုရားသခင်ကိုစစ်တိုက်သင့်မတိုက်သင့်မေးခဲ့မှဘုရားခွင့်ပြုပြီးစစ်နိုင်ခဲ့ပါတယ်(တရား၂၀:၂၆-၂၉)။

၄။ခံရသူ တွေစိတ်မှာအမုန်းတရားကြီးစိုးနေတာမို့ဘုရားသခင်ကညီအကိုချင်းဖြစ်ကြောင်း၊ညာညာသာသာလုပ်ဖို့သတိပေးနေတာပါ။ဒါတောင်‌ နောက်ပိုင်းအမုန်းတရားကြောင့်ဗင်္ယာမိန်တွေလူမျိုးတုံးတော့မလိုဖြစ်ခဲ့ရပါသေးတယ်။ညီအကိုကို‌အမုန်းကြီးပြီးမျိုးတုံးလုနီးပါးလက်တုန့်ပြန်ခဲ့လို့သူတို့ကိုယ်တိုင်နောင်တရခဲ့ရတာပါ။

သင်ခန်းစာကတော့
၁။ဘုရားသခင်ကိုမခိုင်းစားနဲ့အားကိုးပါ။
၂။ဘုရားသခင်ကိုကိုယ့်အစီစဉ်ထဲစွဲထည့်အသုံးမချနဲ့၊ဘုရားရဲ့အစီစဉ်တိုင်းဝန်ခံလိုက်လျှောက်သွားပါ။မိမိဇာတိစိတ်နဲ့(ငါဟဲ့ဟုတ်လှပြီထင်ပြီး)ဆုံးဖြတ်ထားပြီးဘုရားကိုလိုက်မစီရင်ခိုင်းနဲ့၊ဘုရားကိုဘယ်လိုဆုံးဖြတ်ရမလဲအရင်မေးပါ။
၃။အာဏာရှိခြင်း၊လက်နက်များခြင်း၊လူများပြီးစိတ်ညီ‌နေပြီဆိုပြီးဟုတ်လှပြီမထင်နှင့်။ဘုရားသခင်ကိုသာအားကိုးပါ။
ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။

သုတ္တံ 3:5 ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကိုး​စား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။
ဇာခရိ 4:6 … ဗိုလ်ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။