အမှုတော်ဆောင်တွေမိလေ့ရှိတဲ့စာတန်ကျော့ကွင်း(၄)မျိုး
သာမန်ယုံကြည်သူတွေထက်အမှုတော်ဆောင်တွေကိုစာတန်ကပိုစိတ်ဝင်စားလေ့ရှိပါတယ်။ခေါင်းဆောင်ချော်လဲရင် နောက်လိုက်တွေကအော်တိုကွဲတတ်တာမို့ပါ။အခုဖော်ပြမဲ့အချက်(၄)ချက်ကတော့ကျွန်တော်အပါအဝင်အမှုတော်ဆောင်တွေအထူးသတိထားရမဲ့အရာတွေပါ။
၁။ရာထူးအာဏာကျော့ကွင်း
အသင်းတော်(သို့မဟုတ်)ကျမ်းစာကျောင်းမှာအာဏာအကြီးဆုံးဖြစ်ချင်တဲ့အခါ၊အာဏာရဖို့အတွက်ဝိညာဉ်မျက်စိကန်းပြီးအပြစ်ကိုအပြစ်မှန်းမသိလုပ်နေမိတတ်တယ်။သစ္စာရှိလှပါတယ်ဆိုတဲ့ရှမွေလတောင်သူ့ရာထူးကိုသူ့သားတွေကိုသာပေးခဲ့လို့တရားသူကြီးခေတ်ကအဆုံးသတ်မလှခဲ့ဘူး။ခုခေတ်သင်းအုပ်တွေအာဏာမချချင်ဘဲသားစဉ်မြေးဆက်အာဏာပေးနေတာသတိထားပါ။အချင်းချင်းအာဏာလုရင်းအကွဲကွဲအပြဲပြဲဖြစ်လာတဲ့အခါစာတန်ကတော့ပြုံးနေလိမ့်မယ်။ဒါကြောင့်လဲတချိန်တုန်းကတပည့်တော်တွေဘယ်သူ့ထက်ဘယ်သူကြီးကြောင်းငြင်းခုန်လာတဲ့အခါသခင်ယေရှုကခြေဆေးခြင်းနဲ့သင်ခန်းစာပေးခဲ့တာသတိရပါ။
(ရှင်ယောဟန်၁၃:၁၄ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။)
၂။ငွေကြေးကျော့ကွင်း
တချိန်ကယေရှုခရစ်ရက်၄၀အစာရှောင်ပြီးဗိုက်ဆာလာတာမို့စာတန်ကယေရှုလိုအပ်နေတဲ့အစားအစာနဲ့စုံစမ်းခဲ့ပါတယ်။အလားတူ၊ယနေ့ အမှုတော်တော်ဆောင်တွေလစာနည်း ကြောင်း၊လိုအပ်နေတာငွေကြေးဖြစ်ကြောင်းစာတန်သိနေတယ်။ဒါကြောင့်ငွေကြေးနဲ့စုံစမ်းမြှားခေါ်မယ်၊ဒါကိုအမှုတော်ဆောင်တွေကဘုရားပေါ်သစ္စာရှိခြင်းထက်ငွေကိုမက်မောသွားတဲ့အခါဗာလမ်လိုသမ္မာတရားနဲ့လွဲလာမယ်။
ငွေရရင်လူ့အကြိုက်တရားဟောလာမယ်၊အပြစ်လုပ်နေသူကငွေလာပေးထားရင်အပြစ်ကိုမထောက်ပြတော့ဘူး။ငွေသာရရင်သမ္မာတရားနဲ့ဆန့်ကျင်နေတာကိုလည်းထောက်ခံလာမယ်၊အားပေးလာမယ်။ငွေပေးနိုင်သူကိုအသင်းတော်မှာနေရာပေးမိမယ်။ဒီလိုဆိုရင်စာတန်ကျော့ကွင်းထဲလှလှလေးကျသွားပါပြီ။
(၁ပေ၅:၂သင်တို့နှင့်အတူရှိသော ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ၊ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ၊ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။)
၃။မတရားသောမေထုန်ကျော့ကွင်း
အမှုတော်ဆောင်တွေ(အထူးသဖြင့်အမျိုးသားများ)အိမ်ထောင်ကျပြီးတခြားအမျိုးသမီးနဲ့ဖောက်ပြန်နေတာတွေခဏခဏကြားနေရပါတယ်။ဒါဟာစာတန်ရဲ့ထက်မြတ်လှတဲ့လက်နက်တခုဆိုတာသိဖို့လိုပါတယ်။အောင်မြင်လေလေ(ဘုရားအသုံးပြုလေလေ)စာတန်ကမိန်းမလှလှလေးတွေနဲ့လာစုံစမ်းလေလေပါဘဲ။ဟိုးအောက်ခြေကအမှုတော်ဆောင်အပါအဝင်၊ဟိုးနာမည်ကြီးဓမ္မပညာရှင်တွေကအဆုံးဒီကျော့ကွင်းမှာဗြုန်းဗြုန်းကျနေတာတွေ့ဖူးဖတ်ဖူးကြမှာပါ။ငါတော့ဒီကျော့ကွင်းမမိနိုင်ဘူးလို့ဘယ်သူမှမဝါကြွားရဲတဲ့အထိပါ။ဒါကြောင့်အမှုတော်ဆောင်တွေဒီ(ကျားမ)ကိစ္စမှာအထူးသတိထားရှောင်ပါ၊ဒီလိုအခြေအနေဖြစ်ပေါ်လာနိုင်စေတဲ့(ယိုပေါက်)အပြုအမူလေးကအစသတိထားရှောင်ပါ။ငါကတော့ယုံကြည်ခြင်းခိုင်တယ်ဆိုပြီးမတိုးဝင်ပါနဲ့လဲကျသွားပါလိမ့်မယ်၊ရှောင်ပါ။ထပ်ပြောမယ်ရှောင်ပါ။ယောသပ်တောင်ထွက်ပြေးခဲ့ရတာသတိရပါ။
(ရှင်မဿဲ၅:၂၇-၂၈သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။)
၄။နာမည်ကြီးချင်တဲ့ကျော့ကွင်း
ဒီကျော့ကွင်းကစာတန်ကနေလာတဲ့ရောဂါတမျိုးပါ။စိတ်ကြီးဝင်ပြီးငါဟဲ့ဖြစ်လာတာမျိုးပါ။ကိုယ့်ကိုကိုယ်အထင်ကြီးလာပြီးစိတ်ကြီးဝင်လာတာ၊ဘုရားသခင်ကို ပေါ်လွင်စေဖို့ထက်ဘုရားနာမသုံးပြီးမိမိကိုယ်ကိုပေါ်လွင်စေတာမျိုး၊နာမည်ကြီးဖို့ဘာမဆိုလုပ်ရဲလာတယ်။တရားဟောနေတာလူတွေအလင်းရဖို့ထက်မိမိနာမည်ရဖို့ပေါ်တင်လုပ်လာတာမျိုး၊အမှုတော်ဆောင်အမည်ခံပြီးမိမိဂုဏ်ဖော်နေတာမျိုး၊နှိမ့်ချပြသလိုလိုနဲ့ငါဘယ်လောက်နှိမ့်ချကြောင်းနာမည်ဝင်ယူနေတာမျိုး။ငါဟောလိုက်လို့လူဘယ်လောက်ပြောင်းလဲလာပြီဆိုတာမျိုး၊ငါဆုတောင်းလိုက်လို့ဒီလူဒီလူတွေရောဂါပျောက်ကုန်ပြီဆိုတာမျိုး၊ငါဘယ်လောက်အလှူအတန်းလုပ်လိုက်ပြီဆိုပြီးလိုင်းပေါ်တင်ပြဂုဏ်ဆာနေတာမျိုး။ငါငါငါဘဲ ရှေ့တမ်းတင်နေပြီးဘုရားပျောက်နေရင်၊ဒါဟာစာတန်ကျော့ကွင်းထဲလှလှလေးကျသွားပြီဆိုတာအချိန်မှီသတိရပါ။
(ကောလောသဲ၃:၂၃လူ၏အမှုကိုသာ ဆောင်ရွက်သကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်သကဲ့သို့၊ ပြုလေသမျှတို့၌ စေတနာစိတ်နှင့် ပြုကြလော့။)
နိဂုံး
၁ပေ ၅:၈ သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။