အမှုတော်ဆောင်များအားဂုဏ်ပြုခြင်း
ဘုရားသခင်ရဲ့ခေါ်ခြင်းကိုခံရပြီး၊
ဘဝတစ်ခုလုံးပုံအပ်လျက်၊
စေခိုင်းတော်မူရာကိုစတင်လှမ်းလာခဲ့၊
ယနေ့တိုင်အနစ်နာခံအစေခံနေသူ၊
အမှုတော်ဆောင်များ
ဘုရားသခင်ကောင်းကြီးပေးပါစေ။
အခြားသူတွေလောကစီးပွားရှာကောင်းနေချိန်၊
သင်ကတော့ပျောက်ဆုံးဝိညာဉ်ကိုသာရှာ၊
ဧဝံဂေလိအတွက်နေ့နေ့ညညမနားအား၊
ယနေ့တိုင်ကြိုးစားလုပ်ဆောင်နေသူ၊
အမှုတော်ဆောင်များ
ဘုရားသခင်ကောင်းကြီးပေးပါစေ။
အခြားသူတွေပိတ်ရက်မှာအနားယူနေချိန်၊
သင်ကတော့တစ်နာရီလောက်သာဟောမဲ့
ဒေသနာကို၊ယုံကြည်သူတွေနားလည်လွယ်ဖို့၊
မအားမလပ်နိုင်၊သေချာလေ့လာပြင်ဆင်ပြီး၊
ယနေ့တိုင်ဝိညာဉ်အစာအမြဲချကျွေးနေသူ၊
အမှုတော်ဆောင်များ
ဘုရားသခင်ကောင်းကြီးပေးပါစေ။
လူတွေရဲ့ဝေဖန်တိုက်ခိုက်ခြင်းခံရချိန်၊
သင်ကတော့အသံမထွက်ဘဲဆုတောင်းပေးနေ။
ယုံကြည်သူတွေအယူလွဲကြုံလာရချိန်မှာတော့
အားမနာဘဲမေတ္တာနဲ့အသံကျယ်စွာသတိပေး၊
ယနေ့တိုင်လမ်းမှန်စေဖို့အမုန်းခံသတိပေးနေသူ၊
အမှုတော်ဆောင်များ
ဘုရားသခင်ကောင်းကြီးပေးပါစေ။
လူတွေရဲ့အခက်ခဲပြဿနာကိုအမြဲ
ဆုတောင်းပေးနေပေမဲ့၊ကိုယ်တိုင်
အခက်ခဲကြုံလာတဲ့အခါ
ဘယ်သူ့ကိုမှ ပြောပြဖို့အဆင်မပြေလို့
ဘုရားကိုသာရင်ဖွင့်နေရသူ၊
ကိုယ်တိုင်မျက်ရည်ကျနေရင်တောင်မျိုသိပ်ပြီး
အခြားသူရဲ့မျက်ရည်တွေကိုသုတ်နေပေးရသူ၊
အမှုတော်ဆောင်များ
ဘုရားသခင်ကောင်းကြီးပေးပါစေ။
မင်္ဂလာဆောင်အစီစဥ်ဦးဆောင်ပြုပြီးတာနဲ့
ဟိုဖက်အသုဘအစီစဥ်ပြန်ဦးဆောင်ရ၊
ငိုတဲ့သူနဲ့အတူငို၊ပျော်တဲ့သူနဲ့အတူပျော်ရ၊
အချိန်တိုင်းမှာဂျိုကာလိုပြောင်းလဲလုပ်
ဆောင်နေရပေမဲ့၊မညည်းငြူဘဲရှေ့ဆက်နေသူ၊
အမှုတော်ဆောင်များ
ဘုရားသခင်ကောင်းကြီးပေးပါစေ။
စာအိတ်ပေးပေးမပေးပေး၊အလှူငွေရရမရရ၊
အမြဲလိုက်ဆုတောင်းပေးနေတတ်သူ၊
တနင်္ဂနွေတစ်ရက်ဘဲမဟုတ်တပတ်၇ရက်
ယုံကြည်သူများအတွက်ဆိုနေ့နေ့ညည
အမြဲအဆင်သင့်ဖြစ်နေသူ၊
ငွေမျက်နာမကြည့်ဘဲ၊ဘုရားအမှုတော်မြတ်သာ
တစိုက်မတ်မတ်လုပ်ဆောင်ပေးဆပ်နေသူ
အမှုတော်ဆောင်များ
ဘုရားသခင်ကောင်းကြီးပေးပါစေ။
ခက်ခဲကြမ်းတမ်းတဲ့လမ်းဆိုတာသိပေမဲ့
ကျေကျေနပ်နပ်ကြီးနဲ့ကိုယ်ကျိုးစွန့်ပြီး
အစေခံနေသူ၊နောက်ပြန်မလှည့်သူ၊
သင်ကျတဲ့မျက်ရည်ဘုရားသုတ်ပေးပါစေ၊
သင်တောင်းတဲ့ဆုဘုရားနားညောင်းပါစေ၊
သင်ပေးဆပ်ခဲ့တာတွေဘုရားအသိအမှတ်
ပြုပါစေ။
ထာဝရကာလမှာကြွယ်ဝသောသူဖြစ်ပါစေ။
အမှုတော်ဆောင်များ
ဘုရားသခင်ကောင်းကြီးပေးပါစေ။
အာမင်။