• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကျမ်းဟောင်းပညတ်ပြည့်စုံသွားရခြင်းသက်သေ(၁၂)ချက်

ဆရာရဲမင်း

11 月 20, 2024

ကျမ်းဟောင်းပညတ်ပြည့်စုံသွားရခြင်းသက်သေ(၁၂)ချက်

နိဒါန်း
ယနေ့ယုံကြည်သူတွေဘာလို့ကျမ်းဟောင်းပညတ်အတိုင်းယဇ်မပူဇော်ကြတော့တာလဲ?ဘာလို့အရေဖျားမလှီးကြ တော့တာလဲ?ဘာလို့မစားရပညတ်တွေမလုပ်ကြ‌တော့တာလဲ? အထူးသဖြင့်သတ္တမနေ့စ‌နေဥပုသ်ကိုဘာလို့မစောင့်ကြတော့တာလဲ?ဥပုသ်မစောင့်ရင်အပြစ်ရှိလား?ဝက်သားစားရင်အပြစ်ရှိလား…စသဖြင့်အလားတူဒွိဟဖြစ်‌စေတဲ့ပုစ္ဆာအဖြေကိုနားလည်လွယ်အောင်အချက်(၁၂)ချက်နဲ့ချပြပါမယ်။စာရှည်ပါမည်၊ဖတ်ဖို့မအားရင်ရှဲထားပါ။

၁။ခရစ်‌တော်အသေလာခံတာဟာလူတွေမလုပ်နိုင်တဲ့ကျမ်းဟောင်းပညတ်ကိုလာလုပ်‌ပေး(ပြည့်စုံစေဖို့)ပါ။ပြည့်စုံခြင်းသို့ ရောက်ခဲ့ပြီး သောပညတ်ဟောင်းဟာပြောင်းလဲခြင်းနဲ့ပယ်ရှင်းခြင်းသို့‌ရောက်ခဲ့ရတာပါ။ယေရှုကိုယုံကြည်ရင်ပညတ်ဟောင်းကို(ပညတ်သစ်ကိုမဆိုလို)အ‌သေပြန်ကျင့်စရာမလိုတော့ပါ၊သင့်ထဲမှာလဲယေရှုကြောင့်ပြည့်စုံပြီမို့ပါ။ဥပမာ-ဆယ်တန်းအောင်ပြီးရင်ဆယ်တန်းစာထပ်ကျက်စရာမလိုတာနှင့်တူသည်။ဆယ်တန်းစာထဲကပါ‌သောအရာများသည်လုံးဝထပ်ပြီးအသုံးမလိုတော့ဟုတော့မသက်ရောက်ပါ။
(ရှင်မဿဲ 5:17-18 ပညတ်ပယ်ဖျက်ဖို့ယေရှုလာတာမဟုတ်-ပြည့်စုံဖို့ယေရှုလာ-ပညတ်မပြည့်စုံမီမပျက်စီးရ။)
(ဟေဗြဲ 7:12 ယဇ်ပုရောဟိတ်အမျိုးသည် ပြောင်းလဲလျှင်၊ ပညတ်တရားသည် မပြောင်းလဲဘဲ မနေနိုင်ရာ။)
(ဟေဗြဲ 7:18-19ပ​ညတ်​တ​ရား​သည် အ​ဘယ်​သူ​ကို​မျှ စုံ​လင်​ခြင်း​သို့ မ​ပို့​နိုင်​သည်​ဖြစ်၍၊ရှေး​ပ​ညတ်​တ​ရား​ဟောင်း​သည်၊ အား​မ​ရှိ၊ အ​ကျိုး​ကို မ​ပေး​နိုင်​သော​ကြောင့်၊ ပယ်​ရှင်း​ခြင်း​သို့ ရောက်​ရ၏။ သို့​သော်​လည်း၊ သာ၍​မြတ်​သော မျှော်​လ​င့်​ခြင်း​အ​ခွင့်​သည် နေ​ရာ​ကျ၏။ ထို​မျှော်​လ​င့်​ခြင်း​အား​ဖြင့် ငါ​တို့​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ရ​ကြ၏။)ဆက်ဖတ်ကြည့်ရင်ထိုမျှော်လင့်ခြင်းဆိုတာခရစ်တော်ကိုပြောတာတွေ့ရပါမယ်။
ဒီထဲသေချာဖတ်ပါ-“ပြောင်းလဲခြင်းသို့၊ပယ်ရှင်းခြင်းသို့”။

၂။ပညတ်တော်ဆယ်ပါးလည်းချစ်ခြင်းမေတ္တာမှာပြည့်စုံသွားပြီမို့ပညတ်သစ်ကိုသာစောင့်ထိန်းရန်လိုအပ်ပါသည်။
(၂ကော 3:8-11 ကျောက်​ပြား​ပေါ်၌ အ​က္ခ​ရာ​တင်၍ ရေး​ထား​သော သေ​ခြင်း၏​တ​ရား​သည် ဘုန်း​အာ​နု​ဘော်​နှင့် ပြည့်​စုံ​သည်​မှန်​လျှင်၊ထို​မျှ​မ​က ဝိ​ညာဉ်​တော်​တ​ရား​သည် ဘုန်း​အာ​နု​ဘော်​နှင့် အ​လွန်​ပြည့်​စုံ​ရ​လိမ့်​မည် မ​ဟုတ်​လော။…… ပယ်​ရှင်း​ရ​သော​အ​ရာ​သည် ဘုန်း​ရှိ​လျှင်၊ တည်​နေ​သော​အ​ရာ​သည်​သာ၍ ဘုန်း​ရှိ​လိမ့်​မည်။)
(ရောမ 13:8-9 သူ​တစ်​ပါး​ကို​ချစ်​သော​သူ​သည် အ​ကျင့်​တ​ရား​နှင့်​ပြည့်​စုံ​ပြီ။အ​ကြောင်း​မူ​ကား၊ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်၊ လူ​အ​သက်​ကို မ​သတ်​နှင့်၊ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်၊ မ​မှန်​သော သက်​သေ​ကို မ​ခံ​နှင့်၊ သူ့​ဥ​စ္စာ​ကို တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်​ဟူ​သော ပ​ညတ်​မှ​စ၍ အ​ခြား​သော ပ​ညတ်​ရှိ​သ​မျှ​တို့​သည်၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ပ​ညတ်​တစ်​ခု၌ အ​ပါ​အ​ဝင် ဖြစ်​ကြ၏။)
သတိပြုဖတ်ရန်-ကျောက်ပြားပေါ်-ပယ်ရှင်းရသော-ပြည့်စုံပြီ။

၃။ကျမ်း‌ဟောင်းဥပုသ်နေ့သည်အရိပ်ဖြစ်ပြီးခရစ်တော်သည်ကိုယ်ထည်ဖြစ်တာမို့၊ခရစ်တော်ရပြီးသူသည်အရိပ်ကိုထပ်ရှာရန်မလိုတော့ပြီ။
(ကောလောသဲ 2:16-17 ထို​ကြောင့် စား​သောက်​ခြင်း​အ​မှု၊ ပွဲ​နေ့၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​တို့​ကို စောင့်​ခြင်း​အ​မှု​တွင် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​စစ်​ကြော​မ​စီ​ရင်​စေ​နှင့်။ထို​အ​ရာ​တို့​သည်နောက်​ဖြစ်​လ​တ္တံ့​သောအ​ရာ​တို့၏အ​ရိပ်​ဖြစ်​ကြ၏။ ကိုယ်​မူ​ကား ခ​ရစ်​တော်၏​ကိုယ်​ဖြစ်၏။)

၄။နေ့ရက်ကိုစောင့်ခြင်းဆိုတဲ့တရားနုဘက်ပြန်မလှည့်ဖို့ကျမ်းစာကအထူးသတိပေးထားပါသည်။ဥပုသ်နေ့ကိုစောင့်ခြင်းဟာချမ်းသာမပေးနိုင်လို့ယေရှုလာလုပ်ပေးတာပါ၊ယေရှုကိုရပြီးဥပုသ်ထပ်စောင့်နေရင်ဒီကျမ်းစာကားသေချာဖတ်ပါ။
(ဂလာတိ 4:9-11 ယ​ခု​မူ​ကား​သင်​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​ပြီး​မှ​ဟူ၍​မ​ဆို၊ ဘု​ရား​သင်​သည် သင်​တို့​ကို သိ​တော်​မူ​ပြီး​မှ၊ အား​မ​ရှိ၊ ချမ်း​သာ​မ​ပေး​နိုင်​သော တ​ရား​နု​ဘက်​သို့ အ​ဘယ်​ကြောင့် တစ်​ဖန် ပြောင်း​လဲ​ကြ​သ​နည်း။ ထို​လော​ကီ တ​ရား၌ တစ်​ဖန် ကျွန်​ခံ​ခြင်း​ငှာ အ​လို​ရှိ​ကြ​ပြီ​တ​ကား။နှစ်၊လ၊နေ့​ရက်၊အ​ချိန်​ကာ​လ​များ​ကို စောင့်​ကြ​ပြီ​တ​ကား။ငါ​သည်​သင်​တို့​ဆီ​မှာ အ​ချည်း​နှီး ကြိုး​စား​အား​ထုတ်​သည်​ဟု သင်​တို့၏​အ​ကြောင်း​ကြောင့် စိုး​ရိမ် လျက်​ရှိ၏။)

၅။ပညတ်စောင့်နိုင်လို့(ဥပုသ်စောင့်နိုင်လို့)ဖြောင့်မတ်ခြင်း ရောက်တာမဟုတ်ပါ၊ဒါကြောင့်ဥပုသ်စောင့်ရအုံးမယ်ကျင့်နိုင်မှစောင့်နိုင်မှကယ်တင်ခြင်းရမယ်လို့ဟောနေခံယူနေသူတွေအတွက်ခရစ်တော်အသေခံတာအချည်းနှီးဖြစ်နေပေအုံးမည်။
(ဂလာတိ 2:21 ဘုရားသခင်၏ ကျေးဇူးတော်ကို ငါမပယ်။ ပညတ်တရားကို အမှီပြု၍ ဖြောင့်မတ်ရာသို့ ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းနှီး အသေခံတော်မူပြီ။)
(ရောမ 3:28ထိုကြောင့် လူမည်သည်ကား၊ ပညတ်တရား၏ အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တတ်သည်ဟုယူရ၏။)

၆။ဓမ္မသစ်ယုံကြည်သူများသည်ယေရှုခရစ်အားဖြင့်ပညတ်တရားလက်အောက်၌မရှိ၊ကျေးဇူးတရားလက်အောက်၌သာရှိသည်။ထိုကြောင့်ပညတ်တရားထက်ကျေးဇူးတရားရဲ့သွန်သင်ချက်ကိုသာလိုက်နာရပါမည်။
(ဂလာတိ 4:5 ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနုတ်စေခြင်းငှာ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဖွားမြင်ရသော သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။)
(ရောမ 6:14 ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက် ဖြစ်စေ၍၊ ဘုရားသခင်အား ဆက်ကြလော့။ သင်တို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။ )

၇။ယေရှုအားဖြင့်လွတ်မြောက်ပြီးမှကျမ်းဟောင်းပညတ်ဖြစ်တဲ့ဟိုဟာမစားရ၊ဒီဟာမမြည်းရဆိုတာ‌တွေကိုဘာလို့ပြန်ခံယူနေကြတာလဲဆိုပြီးကျမ်းစာကသတိပေးထားပါတယ်။ဒါကြောင့်ကျမ်းဟောင်းထဲကမစားရပညတ်တွေနဲ့လူကိုထပ်မကိုင်ပေါက်ကြပါနဲ့တော့။
(ကောလောသဲ 2:20-22 သင်တို့သည် ခရစ်တော်နှင့်အတူသေ၍၊ လောကီတရားနုမှ စုတေကြသည်မှန်လျှင်၊မတို့နှင့်၊ မမြည်းနှင့်၊ မကိုင်နှင့်ဟူသော ပညတ်စကားကို လောကီအသက်ရှင်သေးသကဲ့သို့၊ အဘယ်ကြောင့် နားထောင်ကြသနည်း။လူတို့၏ ပညတ်ဩဝါဒအတိုင်း စောင့်ရှောက်သော ထိုပညတ်ရှိသမျှတို့သည် ပုပ်ပျက်စေခြင်းအကြောင်း ဖြစ်ကြ၏။)

၈။ဥပုသ်နေ့ရဲ့ရည်ရွယ်ချက်ကလူတွေကိုငြိမ်ဝပ်ချမ်းသာပေးဖို့ပါ။ဒါကြောင့်ဥပုသ်အနက်လည်းဘုရားသခင်ရဲ့ငြိမ်ဝပ်ချမ်းသာခြင်းပါဘဲ၊ဒါပေမဲ့ဓမ္မဟောင်းလူတွေကဥပုသ်နေ့ပညတ်ကိုအပြည့်မစောင့်ထိန်းနိုင်လို့ချမ်းသာမရနိုင်ခဲ့ကြတာမို့ယေရှုကိုယ်တိုင်အသေခံပြီးလာပေးခဲ့ရတာပါ။ဒါကြောင့်ယနေ့ယုံကြည်သူတွေလဲဥပုသ်နေ့ရဲ့ငြိမ်ဝပ်ချမ်းသာခြင်းကိုရဖို့ဆိုရင်ဥပုသ်ပညတ်စောင့်ဖို့မဟုတ်ဘဲယေရှုဘုရားကိုယုံကြည်လက်ခံမှရပါမယ်။ရပြီးသားသူများထပ်ရဖို့ဥပုသ်စောင့်ရန်မလိုတော့ပါ။
(ရှင်မဿဲ 11:28 ဝန်​လေး၍ ပင်​ပန်း​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့ လာ​ကြ​လော့။ ငါ​သည် ချမ်း​သာ​ပေး​မည်။)
(ဟေဗြဲ 4:9-10ထိုကြောင့်၊ ဘုရားသခင်၏လူတို့အဖို့ အလိုငှာ ငြိမ်ဝပ်ခြင်း ချမ်းသာတစ်မျိုးသည် ကျန်ရစ်သေး၏။ဘုရားသခင်သည် မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေတော်မူသည်နည်းတူ၊ ထိုချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏။)

၉။ကျမ်းဟောင်းပညတ်ကိုအမှီပြုပြီးဟုတ်လှပြီထင်နေသူများအားလုံးကျိန်ခြင်းနဲ့စပ်ဆိုင်တယ်လို့သမ္မာကျမ်းစာကသတိပေးထားပါတယ်။ဒါကြောင့်ခရစ်တော်လုပ်ပေးခဲ့သောအရာကိုငါလုပ်နိုင်တယ်ထင်ပြီးမမိုက်ကြပါနဲ့တော့။
(ဂလာတိ 3:10 ပညတ်တရား၏အကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် အကျိန်နှင့် စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညတ္တိကျမ်းစာ၌ပါသမျှသော စကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာလာ၏။)

၁၀။ခရစ်တော်ပြည့်စုံစေခဲ့တာပညတ်တချို့ဘဲမဟုတ်ပါ၊ကျမ်းဟောင်းပညတ်ရှိသမျှကိုပြည့်စုံစေခဲ့တာပါ၊ဒါကြောင့်ကျမ်းဟောင်းပညတ်တခုတခုကျင့်ဖို့ကျန်နေသေးတယ်ဆိုပြီးလူကိုလိုက်မချည်နှောင်ပါနဲ့တော့။
(ရောမ 10:4 ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။ )
(ဧဖက် 2:15 ဝိ​နည်း​အ​ထုံး​အ​ဖွဲ့​နှင့်​စပ်​ဆိုင်​သော ပ​ညတ်​တ​ရား​တည်း​ဟူ​သော ရန်​ငြိုး​ဖွဲ့​ခြင်း၏​အ​ကြောင်း​ကို ကိုယ်​ခ​န္ဓာ​တော်​တွင် ပယ်​ရှင်း​တော်​မူ​သ​ဖြင့်၊ ပိုင်း​ခြား​လျက်​ရှိ​သော စပ်​ကြား အုတ်​တံ​တိုင်း​နံ​ရံ​ကို ဖြို​ဖျက်၍ လူ​မျိုး​နှစ်​စု​တို့​ကို တစ်​စု​တည်း​ဖြစ်​စေ​တော်​မူ၏။

၁၁။ဒါဆိုစနေနေ့မှာစည်းဝေးပြုတာအပြစ်ရှိလား?အဖြေကတော့ပညတ်လို့ခံယူပြီးကျင့်စောင့်‌နေတာမဟုတ်ဘဲသာမန်စည်းဝေးဝတ်ပြုရင်အပြစ်မရှိပါ။ယ‌နေ့တိုင်ယုံကြည်သူတွေစနေနေ့မှာလဲအစာ‌ရှောင်ခြင်းဆုတောင်းစည်း‌ဝေးစသဖြင့်ပြုလုပ်နေကြပါတယ်။ဘယ်နေ့မှာဝတ်ပြုပြုအပြစ်မရှိပါ။ဝတ်ပြုနေဖို့သာလိုပါသည်။သတိထားရမှာကစနေနေ့မှာဝတ်ပြုနေသူများကတခြားနေ့မှာဝတ်ပြုနေသူကိုလိုက်မတိုက်ခိုက်သင့်တာပါ။
(ရောမ 14:5-6 နေ့ရက်တစ်ရက်ထက်တစ်ရက် သာ၍မြတ်သည်ဟု လူအချို့ထင်တတ်၏။ လူအချို့မထင်။ လူတိုင်း မိမိစိတ်သဘောကျပါစေ။နေ့ရက်ကိုစောင့်သောသူသည် သခင်ဘုရားကို ထောက်၍ စောင့်၏။ နေ့ရက်ကို မစောင့်သောသူသည်လည်း၊ သခင်ဘုရားကို ထောက်၍ မစောင့်ဘဲနေ၏။ စားသောသူသည် သခင်ဘုရားကို ထောက်သောစိတ်နှင့် စား၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။ မစားသောသူသည်လည်း၊ သခင်ဘုရားကို ထောက်သောစိတ်နှင့် မစားဘဲနေ၍၊ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။)

၁၂။ဒါဆိုရင်ကျေးဇူးတော်ထဲမှာအပြစ်အားရပါးရလုပ်လို့ရပြီလား?မဟုတ်ရပါ၊သာ၍သခင့်ရဲ့ပညတ်သစ်မှာတည်နေရပါမယ်၊ကျမ်းသစ်မှာယေရှုခရစ်တော်ဘုရားဖော်ပြခဲ့တဲ့သခင့်ရဲ့ပညတ်တွေအပြည့်အဝလိုက်နာရပါမယ်။ကျမ်းသစ်မှာ‌ပြောတဲ့ပညတ်တွေဟာကျမ်းဟောင်းကပညတ်(၆၁၃)အပေါ်ပြန်လည်Updateလုပ်ထားတာသတိပြုပါမဟုတ်ရင်ပြည့်စုံပြီးသားဖြစ်တဲ့ယဇ်ပူဇော်ခြင်းနဲ့အရေဖျားပါလှီးနေရပါမည်။
(ရှင်ယောဟန် 14:21 ငါ့​ပ​ညတ်​တို့​ကို​ရ၍ စောင့်​ရှောက်​သော​သူ​သည် ငါ့​ကို​ချစ်​သော​သူ​ဖြစ်၏။ ငါ့​ကို​ချစ်​သော​သူ​ကို ငါ့​ခ​မည်း​တော်​သည် ချစ်​တော်​မူ​မည်။ ငါ​သည်​လည်း ထို​သူ​ကို​ချစ်၍ သူ့​အား​ကိုယ်​တိုင်​ထင်​ရှား​မည်​ဟု မိန့်​တော်​မူ၏။)

နိဂုံး
စနေဥပုသ်နေ့သည်ပြည့်စုံသွားပြီမို့ထပ်စောင့်စရာမလိုသလိုမစောင့်လို့လဲအပြစ်မရှိပါ။ဥပုသ်‌နေ့ကိုစောင့်နိုင်မှ ဖြောင့်မတ်မယ်လို့ထင်နေသူများလည်းအလင်းမရ သေးပါ(အာရုဏ်မတက်သေး-ဟေရှာ၈:၂၀)။ဝက်သားစားလို့လည်းအပြစ်မရှိသလိုမစားလို့လည်းအပြစ်မရှိပါ။ဝက်သားစားခြင်းမစားခြင်းသည်သင့်ကျန်းမာ‌ရေးချင့်ချိန်ပြီးလွတ်လပ်စွာဆုံးဖြတ်နိုင်ပါသည်(ရောမ၁၄:၁-၃)။အကယ်၍ယနေ့ယုံကြည်သူတွေလည်းကျမ်းဟောင်းဥပုသ်ကိုစောင့်ရမယ်လို့ခံယူရင်-တခြားကျမ်းဟောင်းပညတ်ဖြစ်တဲ့ယဇ်ပူဇော်ခြင်းကအစအရေဖျားလှီးခြင်းအဆုံး(ပညတ်ပေါင်း၆၁၃ချက်အကုန်)ခံယူနေရပေမည်။ဒါကိုတချို့ကအရေဖျားလှီးခြင်းနဲ့ယဇ်ပူဇော်ခြင်းကခရစ်တော်၌ပြောင်းသွားပြီလေဟုကျမ်းစာအရခံယူတတ်ကြပါသည်။မှန်ပေသည်-သို့ပေမဲ့ဥပုသ်နေ့နဲ့အစားအစာဆိုင်ရာကိုတော့ဘာလို့ခရစ်တော်၌မပြည့်စုံနိုင်သေးကြတာလဲအံ့ဩမိပါသည်။အထက်ပါကျမ်းချက်တွေကိုသေချာလေ့လာလျှင်အလင်းရမည်ဟုမျော်လင့်မိပါသည်။