သူတပါးအားသက်သာစေတတ်သူဗာနဗ
ဗာနဗဆိုတဲ့အဓိပ္ပာယ်ကသက်သာစေသူပါ(တမန်၄:၃၆-၃၇)။ဗာနဗဟာသူ့နာမည်အတိုင်းဘဲလူတွေကိုထူမသက်သာစေတတ်တဲ့ဆုကျေးဇူးရှိသူပါ။အထူးသဖြင့်အပြစ်ပြုမိပြီးအားနည်းနေသူ(နောင်တရသူ)ကိုပြန်လည်အခွင့်အရေးပေးပြီးထူမပေးတတ်သူဖြစ်ကြောင်းကျမ်းစာထဲမှာတွေ့ရပါတယ်။
၁။ပေါလုကိုလက်ခံထူမပေးခဲ့သူဗာနဗ
လူတစ်ယောက်အမှားကြီးမှားပြီးတဲ့အခါ၊ဘယ်လိုလမ်းမှန်ရောက်ဖို့သွန်သင်ဖေးမသူအင်မတန်ရှားပါတယ်။လက်ရှိခရစ်ယာန်အတိုင်းဝိုင်းထဲမှာတောင်ဝိုင်းကျင်ဖို့၊အမှားဝေဖန်ထောက်ပြဖို့နဲ့တိုက်ခိုက်ဖို့လုပ်သူသာများနေတာတွေ့ရမှာပါ။တစ်ချိန်တုန်းကပေါလုဆိုသူကိုလဲလူတွေကထို့အတိုင်းဆက်ဆံခဲ့တာပါ၊ဒီထဲမှာယုံကြည်သူတွေအများစုတောင်သူ့ကိုလက်မခံရဲတဲ့အထိပါဘဲ။သူကလည်းအတော်ဆိုးခဲ့တာကိုး။ဒါပေမဲ့ဗာနဗကတော့ တဖက်သား နောင်တရတာကိုသိတဲ့အခါမှာသူ့ကိုရှာပြီးကူညီတယ်ဖေးမတယ်၊ဘယ်သူမှလက်မခံရဲရင်တောင်ဗာနဗကလက်ခံပေးထားပြီးတမန်တော်တွေဆီချိတ်ဆက်ပေးခဲ့သူပါ။ဒါဟာနောင်တရသူကိုလက်ခံပေးခြင်းနဲ့အခွင့်အရေးပေးပြီးသက်သာစေခြင်းပါဘဲ။
(တမန်တော်၉:၂၆-၂၇ ယေရုရှင်လင်မြို့သို့ ရောက်သောအခါ၊ တပည့်တော်တို့နှင့် ပေါင်းဖော်မည်ပြုသော်၊ သူသည် တပည့်တော်ဖြစ်ကြောင်းကို တပည့်တော်အပေါင်းတို့သည် မယုံသဖြင့် သူ့ကိုကြောက်ရွံ့ကြ၏။ထိုအခါ ဗာနဗသည် သူ့ကိုခေါ်၍ တမန်တော်များထံသို့ ပို့ဆောင်ပြီးလျှင်၊ အထက်ကရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို မြင်သည်ဟူ၍လည်းကောင်း၊ သူ့အားမိန့်တော်မူသည် ဟူ၍လည်းကောင်း၊ ဒမာသက်မြို့၌ ယေရှု၏နာမတော်ကို အမှီပြုလျက်၊ ရဲရင့်စွာ ဟောသည်ဟူ၍လည်းကောင်း ပြောလေ၏။)
၂။အားနည်းဖူးတဲ့မာကုကိုတွဲခေါ်ခဲ့သူဗာနဗ
တချိန်ကပေါလုနဲ့ဗာနဗတို့ဟာအတူတကွအမှုတော်မြတ်မှာပါဝင်ခဲ့ကြတာဖြစ်ပါတယ်၊ဒါပေမဲ့တစ်နေ့မှာဗာနဗကသူတို့ရဲ့အမှုတော်ထဲ မာကုဆိုတဲ့ကောင်လေးကိုအတူပါဝင်ခေါ်ဆောင်ဖို့လုပ်တဲ့အခါမှာပေါလုကလက်မခံခဲ့ပါဘူး။ဘာလို့လဲဆိုတော့မာကုဟာအရင်တခါကသေချာမလုပ်ဘဲနောက်ဆုတ်ခဲ့သူမို့ပါ။ဒါပေမဲ့ဗာနဗကအခွင့်အရေးပေးချင်သေးတာမို့ရှင်ပေါလုနဲ့လမ်းခွဲရသည့်တိုင်အောင်မာကုကိုခေါ်ဖို့ရွှေးချယ်ခဲ့ပါတယ်။ဒါဟာအားနည်းခဲ့ဖူးတဲ့သူကိုနောက်တကြိမ်အခွင့်အရေးပေးပြီးတွဲခေါ်ထူမပေးခဲ့ခြင်းပါဘဲ။ဗာနဗရဲ့လုပ်ရပ်ဟာမှန်ကန်ကြောင်းရှင်မာကုခရစ်ဝင်ကိုရေးသားခဲ့တဲ့အထိဘုရားအသုံးပြုခဲ့တဲ့မာကုအသက်တာကိုကြည့်ရင်သက်သေပါဘဲ။ဒါကြောင့်ရှင်ပေါလုလည်းနောက်ပိုင်းမာကုကိုလက်ခံခဲ့ပါတယ်(ကောလောသဲ၄:၁၀)။ယနေ့ခရစ်ယာန်အတိုင်းဝိုင်းမှာလည်းအလားတူအားနည်းဖူးသူတွေအများကြီးပါ၊အကယ်၍ကာယကံရှင်ဟာအားနည်းဖူပေမဲ့နောင်တရပြီးသူဟုတ်တယ်ဆိုရင်အခွင့်အရေးပေးသင့်သလို၊ထူမသက်သာစေသင့်ကြောင်းသင်ခန်းစာယူရပါမယ်။
(တမန် ၁၅:၃၇-၃၉ ဗာနဗသည် မာကုအမည်ရှိသော ယောဟန်ကိုခေါ်မည်ဟု အကြံရှိ၏။ပေါလုက၊ ပမ်ဖုလိပြည်၌ သူတို့နှင့်ခွာ၍ အမှုထမ်းရာသို့မလိုက် မသွားသောထိုသူကို မခေါ်သင့်ဟု သဘောရှိ၏။ထိုအကြောင်းနှင့် အချင်းချင်း မသင့်သဖြင့် တခြားစီသွား၍၊ ဗာနဗသည် မာကုကို ခေါ်ပြီးလျှင် ကုပရုကျွန်းသို့လွှင့်လေ၏)
၃။လူများစွာကိုထူမသက်သာစေခဲ့သူဗာနဗ
(တမန်တော်၁၁:၂၄ ထိုသူ(ဗာနဗ)သည် သူတော်ကောင်းဖြစ်၍၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်လည်းကောင်း၊ ပြည့်စုံသောအားဖြင့်၊ လူများအပေါင်းတို့သည် သခင်ဘုရားထံသို့ ဝင်စားကြ၏။)
သတိထားရမှာကထူမတယ်၊သက်သာစေတယ်ဆိုတာဘုရားပေးတဲ့ဆုကျေးဇူးတခုသာဖြစ်ပါတယ်။အဓိကလူကိုဘုရားဆီရောက်စေတာပါ၊ဘုရားနဲ့မှန်စေတာပါ။
ယနေ့ကျွန်တော်တို့ခရစ်ယာန်အတိုင်းဝိုင်း၊အသင်းတော်၊မိသားစုထဲမှာလဲထိုနည်းလည်းကောင်းပါဘဲ၊လိုအပ်နေတာပြစ်တင်ဝေဖန်ရှုပ်ချမှုတွေမဟုတ်ပါ၊လိုအပ်နေတာနားလည်မှုပေးခြင်း၊ဖေးမခြင်း၊သက်သာစေခြင်း၊အခွင့်အရေးထပ်မံပေးခြင်းဖြစ်ပါတယ်။
အကယ်၍အပြစ်ပြုပြီးနောင်တမရဘဲဆက်မှားနေတယ်၊ ဖေးမကူညီပေမဲ့ဆက်မှားနေသေးတယ်ဆိုရင်တော့အခွင့်အရေးပေးဖို့အဆင်မပြေပါ။
ဝိညာဉ်တော်အလင်းပေးပါစေ။
နိဂုံး
ယနေ့ကျွန်တော်တို့ကော
အားနည်းမိသူကိုဝေဖန်တိုက်ခိုက်တတ်သူလား
တည်ဆောက်ပြီးထူမပေးသူလား?
သက်သာစေသူ၊ထူမပေးသူဖြစ်ကြပါစို့။
မူရင်း-ဆရာရဲမင်း
https://www.facebook.com/100001226263944/posts/9237866716264112/