သမ္မာကျမ်းစာကတင်ခိုင်းသောအကြွေး(၂)မျိုး
နိဒါန်း
အကြွေးဆိုတာမတင်တာအကောင်းဆုံးပါ၊အကြွေးတင်နေခြင်းကလူကိုပူလောင်စေပါတယ်။ဒါပေမဲ့သမ္မာကျမ်းစာထဲမှာယုံကြည်သူတွေကိုအကြွေးတင်စေဖို့၊ဒီအကြွေးကိုဆပ်ဖို့မိန့်မှာထားတာနှစ်မျိုးရှိပါတယ်။ဒီအကြွေးနှစ်မျိုးကဘာလဲကြည့်ရအောင်။
၁။ဧဝံဂေလိအကြွေးတင်စေပါ-ဆပ်ပါ။
(ရောမ၁:၁၄-၁၅ ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေးသည် ငါ၌တင်လျက်ရှိ၏။သို့ဖြစ်လျှင်၊ ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သော သင်တို့အား ဧဝံဂေလိတရားကို ဟောခြင်းငှာ စေတနာစိတ်ရှိ၏။ )
ဧဝံဂေလိဟောခြင်းဆိုတာယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းအကြောင်းကိုဝေငှခြင်းဖြစ်ပါတယ်။လက်ရှိခရစ်ယာန်လောကမှာဧဝံဂေလိလုပ်တာကအမှုတော်ဆောင်တွေရဲ့အလုပ်သာဖြစ်တယ်လို့ခံယူနေကြတာကိုကမှားနေကြတာပါ။အမှန်တော့ဧဝံဂေလိအလုပ်ဆိုတာယုံကြည်သူခရစ်ယာန်တိုင်းလုပ်ရမဲ့အလုပ်ပါ။အထူးသဖြင့်ယုံကြည်သူတိုင်းအကြွေးတင်ထားတယ်လို့ခံယူရမဲ့အရာလဲဖြစ်ပါတယ်။ဒါကြောင့်ဧဝံဂေလိအကြွေးကိုငါဆပ်ပြီးပြီလား?ဆပ်နေပြီလားဆိုတာအမြဲဆင်ခြင်ပါ။ဒါမှသင်ဧဝံဂေလိမှာပါဝင်တတ်လာပါလိမ့်မယ်။
၂။ချစ်ခြင်းမေတ္တာအကြွေးတင်စေပါ-ဆပ်ပါ။
(ရောမ၁၃:၈ အချင်းချင်းချစ်ခြင်းမေတ္တာမှတစ်ပါးအဘယ်ကြွေးမျှ မတင်စေနှင့်။ သူတစ်ပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။)
ချစ်စရာကောင်းသူကိုတော့ချစ်တတ်ကြပြီး၊ကျနော်တို့ကိုရက်စက်ခဲ့သူကိုတော့မချစ်နိုင်ကြပါဘူး။ဒါကြောင့်ကျမ်းစာကသူတပါးကိုချစ်တဲ့နေရာမှာငါဒီလူတွေကိုချစ်ဖို့အကြွေးတင်နေတာပါလားဆိုတဲ့ခံယူချက်နဲ့အမြဲချစ်တတ်ဖို့ခွန်အားပေးထားပါတယ်။ချစ်ခြင်းမေတ္တာအကြွေးတင်နေတယ်ဆိုတာအမြဲမိမိကိုယ်ကိုအသိပေးပါ၊ချစ်တတ်လာပါလိမ့်မယ်။(ခုဖြစ်နေကြတာကမေတ္တာအကြွေးမတင်ဘဲငွေကြေးအကြွေးသာတင်နေကြတာဆင်ခြင်စရာပါ၊ကျမ်းစာကမေတ္တာအကြွေးကလွဲလို့ကျန်တဲ့အကြွေးဘာဆိုဘာမှမတင်စေနဲ့လို့မိန့်တာဆင်ခြင်စရာပါ)။
နိဂုံး
အကြွေးတိုင်းကလူကိုပူလောင်စေတယ်။ဒါပေမဲ့ကျမ်းစာကပြောတဲ့ဒီအကြွေးနှစ်မျိုးကတော့လူကိုအေးမြစေပါတယ်။ယုံကြည်သူတိုင်းရဲ့အသက်တာမှာဒီအကြွေးနှစ်မျိုးဖြစ်တဲ့(ဧဝံဂေလိပြုခြင်းနဲ့လူကိုချစ်ခြင်း)ကိုအမြဲပေးဆပ်တတ်ဖို့ဝိညာဉ်တော်ခွန်အားပေးပါစေ။အာမင်။