မေး-ဟောရှဏ္ဏဆိုတာဘာလဲ?
ဖြေ-“ဟောရှဏ္ဏ”ဆိုတဲ့စကားလုံးဟာသမ္မာကျမ်းစာမှာ၅နေရာလောက်တွေ့ရပါတယ်။(မဿဲ၂၁:၉၊၂၁:၁၅ ၊မာကု၁၁:၉၊၁၁:၁၀ ၊ယောဟန်၁၂:၁၃)ကိုဖတ်ပါ။
အထက်ပါကျမ်းချက်ကိုဖတ်ကြည့်ရင်ဟောရှဏ္ဏဆိုတဲ့စကားလုံးဟာသခင်ယေရှုခရစ်တော်မြည်းကလေးစီးပြီးဂျေရုစလင်မြို့ကိုဝင်တဲ့အချိန်မြို့သူမြို့သားတွေဟာသံလွင်ခက်၊စွံပလွန်ခက်တွေနဲ့”ဟောရှဏ္ဏ”ဖြစ်စေသတည်းဆိုပြီးကြွေးကြော်ကြိုဆိုခဲ့ခြင်းကစတာပါ။အထူးသဖြင့်ချီးမွမ်းကြွေးကြော်ခြင်းနဲ့အသိမှတ်ပြုခြင်းလုပ်ရပ်တမျိုးဖြစ်ပေမဲ့မူရင်းဆင်းသက်လာပုံကိုလေ့လာကြည့်ရင်ချီးမွမ်းကြွေးကြော်ခြင်းထဲကတောင်းခံအသနားခံခြင်းတမျိုးပါ။
ဟောရှဏ္ဏဆိုတာဟေဘရူးဘာသာစကား(הושענא)ပါ။ဂရိလိုဘာသာပြန်ပြောရင်(ὡσαννά)ဖြစ်ပြီးအင်္ဂလိပ်လိုHosannaဖြစ်ပါတယ်။အဓိပ္ပာယ်က “ကယ်တင်ပေးတော်မူပါ”၊”အမြန်လာကယ်တင်ပါ”လို့သက်ရောက်ပါတယ်။စကားလုံးသမိုင်းကိုကျမ်းစာထဲလေ့လာကြည့်တဲ့အခါဆာလံ၁၁၈:၂၅ထဲကပထမတခွန်းဖြစ်တဲ့”ကယ်တင်တော်မူပါ”(hôshî‘āh nnā)ဆိုတဲ့စကားလုံးကနေဆင်းသက်လာတာတွေ့ရပါတယ်။ဟေဘရူးလိုyashaဆိုတဲ့ကယ်တင်ခြင်းနဲ့ဟေဘရူးလိုannaဆိုတဲ့ဆု တောင်းပန်ခြင်းကိုပေါင်းစပ်လိုက်ပြီးဟောရှဏ္ဏဆိုတာဖြစ်တည်လာတာပါ။ဒါဟာယေရှုခရစ်တော်ကိုကယ်တင်ရှင်မေရှိယဖြစ်ကြောင်းအသိမှတ်ပြုခြင်းဖြစ်သလိုကယ်တင်ဖို့တောင်းခံခြင်းလဲဖြစ်ပါတယ်။
မိတ်ဆွေ
ယနေ့သင့်အသက်တာမှာလဲကယ်တင်ရှင်လိုအပ်ပါတယ်၊ယေရှုခရစ်တော်ဟာလူသားတွေရဲ့တကယ့်ကယ်တင်ရှင်ဖြစ်ကြောင်းသူဂျေရုစလင်မြို့ထဲဝင်ပြီးတပတ်အကြာမှာသေခြင်းကရှင်ပြန်ထမြောက်ခြင်းဖြင့်သက်သေပြခဲ့ပါတယ်။ကားတိုင်ပေါ်ကအသက်ပေးပြီးပေးဆပ်ခဲ့ခြင်းဟာမိတ်ဆွေအတွက်အပါဝင်ဖြစ်ပါတယ်။ယနေ့ဘဲယုံကြည်ခြင်းဖြင့်ဟောရှဏ္ဏဆိုပြီးသူ့ကိုတောင်းခံလိုက်ပါ။ဘုရားသခင်သင့်ကိုကယ်တင်ပေးပါလိမ့်မည်။အာမင်။
Ye Ming(ပတ္တမြားမြေ)