• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယနေ့ယုံကြည်သူများသတ္တမနေ့ဖြစ်တဲ့စနေဥပုသ်နေ့ကိုစောင့်ဖို့သမ္မာကျမ်းစာကသွန်သင်ထားပါသလား?

ဆရာရဲမင်း

10 月 9, 2024

ယနေ့ယုံကြည်သူများ သတ္တမနေ့ဖြစ်တဲ့ စနေ ဥပုသ်နေ့ကိုစောင့်ဖို့သမ္မာကျမ်းစာကသွန်သင်ထားပါသလား?

၁။ဥပုသ်နေ့ဆိုတာဘာလဲ?
ဖန်ဆင်းခြင်းပြီးလို့ဘုရားသခင်ငြိမ်ဝပ်စွာအနားယူတဲ့နေ့ဖြစ်တယ်။ဒါကြောင့်ဥပုသ်အနက်ကားငြိမ်ဝပ်စွာအနားယူခြင်းဖြစ်ပါတယ်။(ကမ္ဘာ ၂:၁-၃)

၂။ဥပုသ်နေ့ကတပတ်ရဲ့ဘယ်နေ့ကျမလဲ?
ယနေ့ယုံကြည်သူအများကြီးဟာဥပုသ်နေ့ကိုတနင်္ဂနွေနေ့လို့ထင်နေကြပါတယ်၊
ကျနော်ငယ်ငယ်တုန်းကလဲအဲလိုထင်နေခဲ့တာပါဘဲ။ဒါပေမဲ့မတူပါဘူး၊ယနေ့ယုံကြည်သူများအဦးဆုံးသိထားရမှာကသမ္မာကျမ်းစာထဲကဥပုသ်နေ့ဟာသတ္တမနေ့(စနေ)နေ့(သောကြာနေ့နေဝင်မှစနေနေ့‌ နေဝင်တဲ့အထိ)ဖြစ်ပြီး၊တနင်္ဂနွေနေ့ဟာခရစ်တော်ရှင်ပြန်ထမြောက်ရာနေ့ဘဲဖြစ်ပါတယ်။တနင်္ဂနွေနေ့ဟာတပတ်ရဲ့ပထမဆုံးတရက်ဖြစ်ပါတယ်။(မဿဲ ၂၈:၁၊တမန်၂၀:၇)

၃။ဥပုသ်နေ့ဘယ်နှစ်မျိုးရှိပါသလဲ?
သုံးမျိုးရှိပါတယ်…
1.ဘုရားသခင်၏နားခြင်း(ကမ္ဘာ ၂:၂)
2.ဣသရေလလူမျိုး၏ဥပုသ်(ထွက်၁၆:၂၃၊၃၁:၁၅)။
3.ပွဲတော်တိုင်းရဲ့ဥပုသ်၊ဒီဥပုသ်ဟာသတ္တမနေ့မှမဟုတ်ဘဲအခြားရက်များလဲဖြစ်နိုင်ပါတယ်(ဝတ်ပြု ၂၃:၇-၃၂)။

၄။ဥပုသ်နေ့ဟာမည်သူ့အတွက်နည်း?
ဒီဥပုသ်နေ့နဲ့ပတ်သက်ပြီးသမ္မာကျမ်းစာကိုအစကနေဖော်ကြည့်မယ်ဆိုရင်ပထမဦးဆုံးသောဥပုသ်နေ့ဟာလူ့အတွက်မဟုတ်ပါဘူး၊လူကိုစောင့်ပါလို့ပညတ်ထားခြင်းမျိုးမရှိပါဘူး။ဒုတိယအနေနဲ့ဥပုသ်နေ့ဟာအာဒံဧဝအပြစ်လုပ်ပြီးမောရှေခေတ်မတိုင်ခင်ထိဘယ်သူဥပုသ်စောင့်မစောင့်မသိခဲ့ရပြန်ပါဘူး။ဆိုတော့ဥပုသ်နေ့ကိုလူတွေကိုစောင့်ဖို့အနေနဲ့ပေးခဲ့တာပညတ်တော်ခေတ်ကစခဲ့တာပါ။လူကိုပညတ်ပေးကတည်းကအဓိကဣသရေလလူမျိုးအတွက်ဖြစ်တယ်(ထွက်၁၆:၂၇၊ ၃၁:၁၃-၁၇)။ထိုကြောင့်တပါးအမျိုးသားများနဲ့မဆိုင်ပါ။

၅။ဣသရေလလူမျိုးအဘယ်ကြောင့်ဥပုသ်စောင့်ရသနည်း?
အဓိကအကြောင်းရင်းက”ဣသရေလလူမျိုးတွေကိုအဲဂုတ္တုပြည်ထဲက ဘုရားသခင်ကယ်နှုတ်ခဲ့လို့”(တရားဟောရာကျမ်း ၅:၁၅)ဥပုသ်ကိုစောင့်ရခြင်းဖြစ်တယ်။ဒါကြောင့်ပညတ်တော်ဆယ်ပါးမှာကိုယ်ကျင့်တရားပိုင်းများပြီး၊ဥပုသ်တခုကသာနေ့ရက်ပိုင်းဖြစ်နေတာပါ။ဆိုတော့ဥပုသ်ကိုဘာလို့စောင့်သလဲမေးရင်”ငါတို့ဘိုးဘေးတွေကိုဘုရားသခင်ကအဲဂုတ္ထုကနေကယ်နူတ်လာတယ်”ဆိုတာအသေမှတ်ထားရပါတယ်၊ဒီနေ့ဂျူးမဟုတ်တဲ့တပါးအမျိူးသားတွေအတွက်ငါတို့ဘိုးဘေးတွေလို့သုံးနူန်းမရလို့ဒီဥပုသ်ဟာလည်းပညတ်ချက်(၆၁၃)ချက်အတိုင်းဂျူးလူမျိုးအတွက်သာဖြစ်ကြောင်းသိသာထင်ရှားလှပါတယ်။ဆိုတော့ဒီပညတ်တော်ထဲကနေ့ရက်တွေဟာနောင်လာလတံ့သောအရိပ်ဖြစ်တယ်လို့သမ္မာသစ်ကျမ်းမှာတွေ့ရပါမယ်။

၆။ဣသရေလလူတွေဥပုသ်ကိုဘယ်လိုစောင့်ရပါသလဲ?
1.မည်သူမဆိုဘာအလုပ်မှမလုပ်ရ(ထွက်၂၀:၈-၁၁၊ဝတ်ပြု ၂၃:၁-၃)။ထင်းကောက်သူအသတ်ခံရ(တောလည်ရာ ၁၅:၃၂-၃၆)။
2.မီးမမွေးရ၊မချက်မပြုပ်ရတဲ့သဘောပါ။(ထွက်၃၅:၃)
3.ကိုယ်အလိုသို့မလိုက်ရ(ဟေရှာယ ၅၈:၁၃-၁၄)။ဆိုလိုတာကဘုရားမှုမှတပါးဘာမှမလုပ်ရဘူး။
4.အလေးဝန်ကိုမထမ်းရဘူး(ယေရမိ၁၇:၁၉-၂၇)။
5.ဘာမှမရောင်းရ၊မဝယ်ရဘူး(နေဟမိ၁၀:၃၁)။
6.ဣသရေလလူမျိုးတွေဟာယောရှုမှတ်စာ၃:၄အားဖြင့်ဥပုသ်နေ့မှာအတောင်နှစ်ထောင်ရှိတဲ့အကွာအဝေးကိုမသွားရဖူးလို့ခံယူကြပါတယ်။

၇။ယနေ့ယုံကြည်သူခရစ်ယာန်များဥပုသ်နေ့ကိုစောင့်ဖို့လိုပါသလား?
ဒီပြဿနာဟာကနဦးအသင်းတော်ကနေစကြုံလာရတာပါ၊တပါးအမျိုးသားယုံကြည်သူတွေဥပုသ်မစောင့်မရဆိုတဲ့ပညတ်ချက်ဟာဘုရားရဲ့အလိုတော်မဟုတ်မှန်းသိခဲ့ရတာကတော့တမန်တော်ဝတ္ထုကဂျေရုစလင်စည်းဝေးကြီးကနေဖြစ်ပါတယ်။ဒီဂျေရုစလင်အစည်းဝေးကြီးဖြစ်လာရခြင်းဟာ၊နဂိုကဂျူးလူမျိုးသာယုံကြည်သူရှိနေတဲ့ထဲကနေ၊တပါးအမျိုးသားတွေပါယုံကြည်လာကြပြီးအသင်းတော်မှာပါဝင်လာကြတာကအစပြုလာပါတယ်၊ဂျူးမဟုတ်တဲ့တပါးအမျိုးသားတွေယုံကြည်လာပြီးအသင်းတော်မှာပါဝင်လာတဲ့အခါဂျူးလူမျိုးအတွက်အခက်တွေ့လာရပါတယ်၊အဓိကပြဿနာကဂျူးမဟုတ်တဲ့ဒီယုံကြည်သူတွေကိုဂျူးတွေစောင့်တဲ့ပညတ်ဘယ်လိုသွန်သင်ရပါ့မလဲပေါ့။ဒီလိုနဲ့ကနဦးအသင်းတော်ကတမန်တော်တွေစုဝေးပြီးဂျေရုစလင်မှာအစည်းဝေးလုပ်ခဲ့ရပါတယ်။ဒီအစည်းဝေးရဲ့ဖြေရှင်းချက်နဲ့ဆုံးဖြတ်ချက်ကတော့…
1.ယုံကြည်ခြင်းကြောင့်ကယ်တင်ခြင်းရတာဖြစ်တယ်(တမန်15:7)。
2.ယုံကြည်ခြင်းကြောင့်ဝိညာဉ်တော်ကိုခံရတာဖြစ်တယ်(တမန်15:8)。
3.ယုံကြည်ခြင်းကြောင့်သန့်ရှင်းတာဖြစ်တယ်(တအန်15:9)。
4.ကျေးဇူးတော်ကြောင့်ဖြစ်တယ်(တမန်15:11)。
ဒါကြောင့်စည်းဝေးကနေနိဂုံးချုပ်ဆုံးဖြတ်လိုက်တာကတော့…
တမန်တော်ဝထ္ထု ၁၅:၁၉-၂၀
ထိုကြောင့်၊ တပါးအမျိုးသားတို့အထဲမှ ဘုရားသခင့်ထံတော် သို့ပြောင်းလဲသော သူတို့ကို မနှောင့်ရှက်ဘဲလျက်၊ရုပ်တုတို့၏ ညစ်ညူးရာကို၎င်း၊ မတရားသော မေထုန်ကို၎င်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကို ၎င်း၊ အသွေးကို၎င်း ကြဉ်ရှောင် စေခြင်းငှါ သူတို့ကို မှာလိုက်သင့်သည်ဟု ငါသဘောရှိ၏။
ဒီနေရာမှာယနေ့ယုံကြည်သူများသတိထားရမှာက တမန်တော်တွေက ဥပုသ်စောင့်ဖို့တပါးအမျိုးသားတွေကိုလုံးဝမမှာခဲ့ဘူးဆိုတာပါဘဲ။ပိုသတိထားရမှာကဒီဆုံးဖြတ်ချက်ဟာဝိညာဉ်တော်ဘုရားကိုယ်တိုင်သဘောတူတဲ့အချက်ဖြစ်တယ်ဆိုတာပါဘဲ။
တမန်တော်ဝထ္ထု ၁၅:၂၉
…အခြားသော ဝန်သင်တို့၏ အပေါ်၌ တင်ခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ။ ထိုအရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာကြ ပါစေသောဟုရေး၍ ပေးလိုက်သတည်း။

နောက်တချက်သိထားရမှာက
ဥပုသ်နေ့ဆိုတာဝတ်ပြုရမဲ့နေ့လို့အဓိပ္ပာယ်မသက်ရောက်ပါဘူး၊ဥပုသ်ရဲ့အနက်ကအနားယူခြင်းသာဖြစ်ပါတယ်။ဥပုသ်ရဲ့အနက်ကငြိမ်ဝပ်စွာအနားယူခြင်းဆိုတော့ဒီအနားယူခြင်းစင်စစ်ကယေရှုခရစ်တော်ကိုယ်တိုင်ပါဘဲလို့ မဿဲ၁၁:၂၈မှာအတိလင်းဖော်ပြပါတော့တယ်၊ဒါကြောင့်လဲဖာရိရှဲတွေယေရှုကိုဥပုသ်ဖောက်ဖျက်တယ်စွပ်စွဲတဲ့အခါယေရှုက လူသားဟာဥပုသ်ကိုအစိုးရတယ်လို့ဖြေပေးခဲ့တာပါ(မာကု၂:၂၈)။ဒါကြောင့် ကောလောသဲဩဝါဒစာ ၂:၁၆-၁၇မှာဒီလိုသွန်သင်ထားပါတယ်။”ထိုကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြောမစီရင်စေနှင့်။ထိုအရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏။”
နောက်ပြီးရောမဩဝါဒစာ ၁၄:၅မှာလည်း “နေ့ရက်တရက်ထက်တရက် သာ၍မြတ်သည်ဟု လူအချို့ထင်တတ်၏။ လူအချို့မထင်။ လူတိုင်းမိမိ စိတ်သဘောကျပါစေ။”လို့အလားတူသွန်သင်ထားပြန်ပါတယ်။ဒီကျမ်းချက်တွေအားဖြင့်စနေဥပုသ်စောင့်ခြင်းမစောင့်ခြင်းဟာလူရဲ့စိတ်နဲ့လွတ်လပ်မှုနဲ့သာဆိုင်ပါတယ်။

ဆိုတော့ယုံကြည်သူတွေဘယ်နေ့မှာဝတ်ပြုသင့်သလဲမေးရင် တမန်တော်ဝထ္ထု ၂:၄၆ အရနေ့တိုင်းဝတ်ပြုသင့်ပါတယ်။
အကယ်၍ရက်တရက်ဘဲဝတ်ပြုမယ်ဆိုရင်စနေဥပုသ်မဟုတ်ဘဲ၊ကနဦးယုံကြည်သူတွေအတိုင်းယေရှုခရစ်တော်ရှင်ပြန်ထမြောက်တဲ့တနင်္ဂနွေနေ့မှာဝတ်ပြုဖို့သင့်တော်ပါလိမ့်မယ်(တမန်၂၀:၇၊ ၁ကော၁၆:၂)။ဒါပေမဲ့သတိထားရမှာကတနင်္ဂနွေဖြစ်တဲ့ရှင်ပြန်ထမြောက်ရာနေ့ဆိုတာ သတ္တမနေ့ဥပုသ်စောင့်သလိုမျိုးလုံးဝမဟုတ်ပါ။
ဒါဆိုရင်စနေနေ့မှာအနားယူပြီးဝတ်ပြုတာမှားပါသလား?မမှားပါဘူး၊စနေမှမဟုတ်နေ့တိုင်းဝတ်ပြုသင့်ပါတယ်။အဓိက ကတော့ပညတ်တရားအောက်မှာမဟုတ်တော့တာပါ။

၈။ခရစ်တော်နှင့်တမန်တော်များဥပုသ်စောင့်ကြပါသလား?
အဖြေကစောင့်ပါတယ်၊အဘယ်ကြောင့်ဆိုသော်ခရစ်တော်နဲ့တမန်တော်တွေဟာဣသရေလလူမျိုးမို့လို့ပါ၊အရေဖျားပါလှီးကြပါတယ်။နောက်တချက်အရေးကြီးသိရမှာကတမန်တော်တွေဥပုသ်နေ့မှာတရားဇရပ်ထဲဝင်တာဟာဂျူးလူမျိုးတွေကိုဧဝံဂေလိပြောပြဖို့ဖြစ်ပါတယ်။(လုကာ4:16၊တမန်13:14)။

နိဂုံး
ဒီတော့ယနေ့ယုံကြည်သူတွေလုံးဝလွတ်လပ်စွာအပြစ်လုပ်လို့ရပြီလော?လုံးဝမရပါ၊ဘုရားပေးတဲ့လွတ်လပ်ခြင်းဟာအပြစ်လုပ်ခွင့်လိုင်စင်ရထားခြင်းလုံးဝမဟုတ်ပါ၊ခရစ်တော်ရဲ့ပညတ်သစ်ကိုလိုက်လျှောက်ရပါလိမ့်မယ်။၁ကော 10:23-33၊ 11:1 မှာယနေ့ယုံကြည်သူဘယ်လိုအသက်ရှင်ရမလဲအတိကျဖော်ပြထားပါတယ်…
1.ဘာလုပ်မဆိုသူတပါးအတွက်တည်ဆောက်စရာဖြစ်စေပါ။(၁ကော10:23)။
2.သူတပါးကောင်းဖို့ချင့်ချိန်ပါ။(၁ကော10:24)။
3.ဩသပစိတ်ကြည်ပါစေ(၁ကော10:25-27)။
4.သူတပါးဩသပစိတ်လဲကြည်ပါစေ။(၁ကော10:28)။
5.ဘုရားဘုန်းထင်ရှားပါစေ(၁ကော10:31)။
6.လူတွေရဲ့ကယ်တင်ခြင်းအတွက်ဖြစ်ပါစေ(၁ကော10:32)။
7.ခရစ်တော်နည်းတူဖြစ်ပါစေ(၁ကော11:1)။

နောက်ဆုံးအနေနဲ့ငြင်းခုန်ခြင်းထက်ချစ်ခြင်းကပိုသာကြောင်းကျမ်းချက်အားဖြင့်ဆင်ခြင်ကြပါစို့
ဂလာတိဩဝါဒစာ ၅:၁၃-၁၅
ညီအစ်ကိုတို့၊ သင်တို့သည်လွှတ်ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကိုပေး၍၊ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့။အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တပါးကို ကျင့် လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာ ရောက်၏။သို့မဟုတ်အချင်းချင်းကိုက်စားလျှင် အချင်းချင်း ဖျက်ဆီးမည်ဟု စိုးရိမ်၍သတိရှိကြလော့။
May GOD Bless YouYe Ming

ကိုးကား
သမ္မာကျမ်းစာ
Stephen Tong Q/A
Got Questions
Rev. Peter Wongso တရားဟောချက်