ဘာလို့ယေရှုကိုယုံကြည်နေရတာလဲ?
ယေရှုခရစ်ကိုယုံကြည်နေရခြင်းဟာကျမ်းမာ၊ချမ်းသာ၊အဆင်ပြေလို့ဘဲယုံကြည်နေရတာမဟုတ်ပါ။မချမ်းသာ၊မကျန်းမာ၊အဆင်မပြေမှုတွေကြားမှာလဲမြဲမြဲရပ်တည်နိုင်ဖို့အရေးကြီးလှပါတယ်။ဒါကြောင့်ခရစ်ယာန်ယုံကြည်သူတယောက်ဟာကိုယ့်ယုံကြည်ခြင်းဘယ်အရာပေါ်အဓိကထားသလဲဆိုတာဆင်ခြင်တတ်ဖို့လိုအပ်လာပါပြီ။ကျန်းမာခြင်းပေးလို့လား?ချမ်းသာခြင်းပေးလို့လား?အဆင်ပြေနေလို့လား?ဒါတွေဟာကောင်းပေမဲ့ယုံကြည်ရခြင်းရဲ့အဓိကအရာမဖြစ်သင့်ပါ။အကယ်၍ဒီအရာတွေကိုအဓိကထားခဲ့ရင်မကျန်းမာ၊မချမ်းသာ၊အဆင်မပြေဖြစ်သွားခဲ့ရင်ယုံကြည်နိုင်တော့မည်မဟုတ်ပါ။ယေရှုကကိုယ်တိုင်ရှင်ယောဟန်ခရစ်ဝင် ၁၆:၃၃မှာ”သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။” လို့ပြောခဲ့ပါတယ်။ဒါကြောင့်ဒီဘဝအတွက်နဲ့ထာဝရကိုခွဲခြားသိနားလည်ဖို့အရေးကြီးလှပါပေတယ်။သမ္မာကျမ်းစာ(ရောမ၁၀:၉)မှာတော့ယေရှုခရစ်တော်ကိုယုံကြည်နေရခြင်းရဲ့အဓိကအကြောင်းရင်းဟာ”ကယ်တင်ခြင်းရလို့” ဖြစ်ကြောင်းဖော်ပြထားပါတယ်။
ကယ်တင်ခြင်းဆိုတာဘာလဲ?ဘာကိုကယ်တင်တာလဲ?
၁။ဘုရားနဲ့ပြန်လည်နီးစပ်ရခြင်းဖြစ်တယ်၊အာဒံဧဝရဲ့အပြစ်ကြောင့်လူတွေအားလုံးအပြစ်သားများဖြစ်ခဲ့ရတယ်၊လူသားအားလုံးယနေ့ထိအပြစ်ကနေကြိုးစားရုန်းကန်ပေမဲ့မလွတ်မြောက်နိုင်ကြဘူး၊ကျေးဇူးတော်ကြောင့်ယေရှုခရစ်တော်ရဲ့ပေးဆပ်မှုအားဖြင့်ဘုရားနဲ့လူပတ်သက်မှုကိုပြန်လည်တည်ဆောက်ပေးနိုင်ခဲ့တယ်၊ဒီမင်္ဂလာကိုယခုဘဝအသက်ရှင်နေချိန်မှာယေရှုကိုယုံကြည်တာနဲ့ခံစားနိုင်ကြပါပြီ။ဟာလေလုယာ။
၂။ဒုတိယတခုကထာဝရအသက်ရခြင်းဖြစ်တယ်၊ခုလက်ရှိခန္ဓာဟာအိုနာသေသွားပေမဲ့၊ဝိညာဉ်ဟာဘုရားဆီမှာရှိနေတဲ့အတွက်၊နောက်ဆုံးသောကာလမှာယေရှုခရစ်တော်လိုပြန်လည်ရှင်ပြန်ထမြောက်ပြီးမအိုမသေမနာတဲ့ဘုန်းကြီးတဲ့ခန္ဓာရရှိမှာဖြစ်ပြီးကောင်းကင်သစ်မြေကြီးသစ်မှာထာဝရစိုးစံရမှာဖြစ်တယ်။ဟာလေလုယာ။
ဘယ်သူကကယ်တင်တာလဲ?ဘယ်လိုကယ်တင်သွားတာလဲ?
လူသားအားလုံးကိုကယ်တင်သွားတဲ့ကယ်တင်ရှင်ကယေရှုခရစ်တော်ပါ(လုကာ၁၉:၁၀)။ယေရှုဆိုတာနဂိုကတည်းကဘုရားဖြစ်ပြီးလူတွေကိုကယ်တင်ဖို့လူ့ဇာတိခံယူလက်ဝါးကားတိုင်မှာအသေခံပေးဆပ်သွား
တာပါ။ယေရှုခရစ်တော်လက်ဝါးကားတိုင်မှာလူသားတွေအတွက်လုပ်ဆောင်ပေးဆပ်သွားခဲ့တဲ့အဓိကအချက်သုံးချက်ကတော့…
၁။အသွေးသွန်းခြင်းဖြစ်တယ်၊သူ့အသွေးအားဖြင့်လူသားအားလုံးရဲ့အပြစ်ကိုဆေးကြောပေးခဲ့တာပါ။ယနေ့ဒီအသွေးဟာလူသားအားလုံးအတွက်ပါ၊ယုံကြည်လက်ခံတာနဲ့ရရှိမှာဖြစ်တယ်။ဟာလေလုယာ။
၂။လူသားအားလုံးရဲ့ပြစ်ဒဏ်ကိုခံပေးခဲ့ခြင်းဖြစ်တယ်။အမှန်ကလူသားတိုင်းမကောင်းနိုင်လို့ဘုရားသခင်ရဲ့ဖြောင့်မတ်သောတရားစီရင်ခြင်းကိုခံရမှာဖြစ်တယ်၊တနည်းအားဖြင့်လူသားတိုင်းအပယ်ငရဲလားရမယ့်အနေအထားမှာပါ။ဒါပေမဲ့ယေရှုခရစ်တော်ဟာလက်ဝါးကားတိုင်ပေါ်မှာလူသားတွေခံရမဲ့စီရင်ခြင်းပြစ်ဒဏ်ကိုသူတစ်ယောက်ထဲခံပေးသွားခဲ့တာဖြစ်တယ်၊ဒီပေးဆပ်ခြင်းဟာယနေ့သူ့ကိုယုံကြည်လက်ခံသူတိုင်းရရှိမှာဖြစ်တယ်။ဘာလို့ယုံကြည်မှရမှာလဲဆိုတော့အတင်းအဓမ္မမဟုတ်ဘဲကိုယ့်သဘောအရလက်ခံရမှာမို့ပါ။အာမင်။
၃။လူသားအားလုံးအတွက်အဦးဆုံးရှင်ပြန်ထမြောက်ပေးခဲ့ခြင်းဖြစ်တယ်။အကယ်၍ယေရှုသာကားတိုင်ပေါ်မှာဘဲသေခဲ့ပြီးသေရာကနေမထမြောက်ခဲ့ဘူးဆိုရင်ယနေ့ကျနော်တို့ယုံကြည်နေတာဟာအဓိပ္ပာယ်မဲ့နေပါပြီ။ကိုယ့်ကိုကိုယ်တောင်မကယ်နိုင်ဘဲလူသားတွေကိုကယ်နိုင်မည်မဟုတ်ပါ။ဒါပေမဲ့ယေရှုခရစ်တော်ဧကန်အမှန်ရှင်ပြန်ထမြောက်ခဲ့ပြီးပါပြီ။သူ့ရဲ့ထမြောက်မှုကြောင့်သာလျှင်ယနေ့သူ့ကိုယုံကြည်သူတိုင်းတနေ့သေသော်လည်းပြန်လည်ရှင်ပြန်ထမြောက်မည်ကိုယုံကြည်မျော်လင့်ခြင်းဖြစ်သည်။
ကျမ်းချက်
ရောမဩဝါဒစာ ၁၀:၉အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
May God Bless You
Ye Ming(ပတ္တမြားမြေ)