• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဘဝသစ်တွင်ဖြစ်တည်သောအရာများ

ဆရာရဲမင်း

10 月 12, 2024

ဘဝသစ်တွင်ဖြစ်တည်သောအရာများ

ကယ်တင်ခြင်းရပြီးသူတစ်ယောက်သူ့ဘဝသစ်မှာဖြစ်တည်မဲ့အရာကတော့…ထာဝရယုံကြည်ခြင်း၊ချစ်ခြင်း၊နာခံခြင်းတို့ဘဲဖြစ်ပါတယ်။(အခြေပြုကျမ်း ၁ယော ၅:၁-၅)

၁။ထာဝရယုံကြည်ခြင်း
ယုံကြည်တယ်ဆိုတဲ့နေရာမှာဘာကိုယုံကြည်သလဲဆိုတော့ ယေရှုသည်ခရစ်တော်(ကယ်တင်ရှင်ဘုရား)ဖြစ်ကြောင်းယုံကြည်တာပါ(၁ယော ၅:၁)။အကြောင်းရင်းကယုဒလူတချို့နဲ့အခြားယုံကြည်သူများဟာယေရှုတည်ရှိနေမှန်းယုံပေမဲ့ ကယ်တင်ရှင်ဘုရားဖြစ်ကြောင်းမယုံလို့ပါ။ဒီနေရာမှာယေရှုကိုကယ်တင်ရှင်ဘုရားဖြစ်ကြောင်းယုံကြည်တဲ့သူအတွက်ယုံကြည်ခြင်းစစ်မစစ်ဆိုတာကိုထာဝစဉ်ယုံကြည်မယုံကြည်ခြင်းအားဖြင့်သိနိုင်မှာပါ။အငယ် ၄၊၅ အားဖြင့်လောကကိုအောင်နိူင်သောသူဟာလည်းဒီလိုထာဝရယုံကြည်သူတွေဘဲဖြစ်ကြောင်းမှတ်သားထားပါတယ်။ထာဝစဉ်ယုံကြည်ခြင်းရဲ့သက်သေကတော့ချစ်ခြင်းနဲ့နာခံခြင်းပေါ့။

၂။ချစ်ခြင်း
အသစ်ပြုပြင်ခံရသောယုံကြည်သူတစ်ယောက်မှာဖြစ်တည်သောအရာဟာထာဝစဉ်ယုံကြည်ခြင်းပြီးရင်ချစ်ခြင်းပါဘဲ။ချစ်ခြင်းလို့ပြောတဲ့အခါဘုရားကိုချစ်ခြင်းနဲ့လူကိုချစ်ခြင်းပါ၊ဒီချစ်ခြင်းဟာဘုရားသခင်ရဲ့ပညတ်တော်အားလုံးရဲ့အချုပ်အချာဖြစ်ပါတယ်၊ဒါကြောင့်ဘုရားနဲ့လူကိုချစ်ခြင်းဟာကျမ်းစာတအုပ်လုံးရဲ့ပညတ်တော်ကိုလိုက်လျှောက်ခြင်းနဲ့ညီမျှပါမယ်(မာကု၁၂:၃၁၊ရောမ၁၃:၉)။ဘုရားကိုဘာကြောင့်ချစ်ရသလဲဆိုတော့ယေရှုဘုရားဟာကောင်းကင်ပလ္လင်ကိုစွန့်ပြီးမထိုက်တန်တဲ့အပြစ်သားအားလုံးအတွက်ကားတိုင်ပေါ်မှာအသက်ပေးကယ်တင်ခဲ့လို့ပါ၊လူကိုဘာလို့ချစ်ရသလဲဆိုရင်ကျေးဇူးရှင်ယေရှုဘုရားကိုယ်တိုင်ဖန်ဆင်းထားတဲ့လူလူချင်းမို့လို့ပါ၊ချစ်ခြင်းမှာအဆင့်အတန်းအရောင်သွေးမခွဲခြားပါ၊ချစ်ခြင်းမထိုက်တန်တဲ့သူကိုလည်းချစ်ရမှာပါ၊ဘာကြောင့်လဲဆိုတော့ယေရှုဘုရားကိုယ်တိုင်မထိုက်တန်တဲ့ကျနော်တို့ကိုချစ်ခဲ့လို့ပါ။များသောအားဖြင့်ယုံကြည်သူတွေလူလူချင်းမချစ်နိုင်တာဟာကျနော်တို့ကြိုးစားချစ်နေလို့ပါ၊တကယ်တော့လူလူချင်းချစ်နိုင်အောင်ဘုရားကိုအရင်ချစ်ပြီးဘုရားရဲ့ချစ်ခြင်းနဲ့မှလူသားအားလုံးကိုချစ်နိုင်မှာပါ။
မမြင်နိုင်တဲ့ဘုရားကိုချစ်တယ်ဆိုပြီးမြင်နေရတဲ့လူကိုတောင်မချစ်နိုင်ရင်ဒါဟာလူလိမ်ဘဲလို့ကျမ်းစာ(၁ယော ၄:၂၀)မှာပြောထားပါတယ်။

၃။နာခံခြင်း
ချစ်ခြင်းမေတ္တာမှာတဆက်တည်းကပ်ပါလာတာကတော့နာခံခြင်းပါဘဲ၊ဘုရားကိုချစ်တဲ့သူဟာဘုရားစကားကိုနာခံပါလိမ့်မယ်၊ဥပမာလူတစ်ယောက်ကိုလုံးဝချစ်မိရင်သူစကားနားထောင်မှာဖြစ်တယ်၊ဒီလိုပါဘဲဘုရားကိုချစ်တဲ့သူတစ်ယောက်ဟာတကယ်ချစ်ရင်ဘုရားစကားနာခံမှာဖြစ်တယ်၊ဘုရားသခင်ရဲ့ပညတ်ကလဲခက်ခဲတယ်လို့မထင်တော့ပါဘူး၊(၁ယော ၅:၂)။ဒီပညတ်အားလုံးဟာချစ်ခြင်းမေတ္တာမှာပြည့်စုံနေလို့ပါ။ယုံကြည်သူတစ်ယောက်မှာအဓိကဖြစ်တည်တဲ့ဒီနာခံခြင်းဆိုတာသမ္မာကျမ်းစာကတဆင့်ကိုယ့်အတွင်းကဝိညာဉ်တော်ဘုရား တို့ထိသွန်သင်တဲ့အရာတွေဘဲဖြစ်ပါတယ်။ဘာဘဲလုပ်လုပ်သမ္မာကျမ်းစာရဲ့သွန်သင်ချက်အတိုင်းအသက်ရှင်သူဖြစ်သလို၊အရေးကြုံရင်ဒီဖတ်ထားတဲ့သမ္မာကျမ်းအားဖြင့်၊နားထောင်ထားသောသမ္မာတရားအားဖြင့်အတွင်းထဲကဝိညာဉ်တော်ကသတိပေးတို့ထိလာပါတယ်၊ဒါကိုနာခံသောသူဟာဘဝသစ်မှာအသက်ရှင်သောသူပါဘဲ။

ချစ်သောမိတ်ဆွေ
ခူကောင်လေးရဲ့ဘဝသစ်ဟာလိပ်ပြာဖြစ်သလို၊အပြစ်သားတစ်ယောက်ရဲ့ဘဝသစ်ဟာခရစ်တော်၌အသစ်ပြုပြင်သောသူဖြစ်ပါတယ်။လိပ်ပြာဟာသူ့ဘဝဟောင်းအတိုင်းအသက်ရှင်နေမှာမဟုတ်သလို၊ဘဝသစ်မှာဖြစ်တည်တဲ့ယုံကြည်သူတယောက်ဟာဇာတိလူဟောင်းအတိုင်းအသက်ရှင်တော့မည်မဟုတ်ပါ။မျိုးစေ့ဆိုတာမြေကြီးမှာမြုပ်နှံထားပြီးမကွဲအက်ခဲ့ရင်အသစ်သောဘဝမဖြစ်တည်နိုင်သလို၊အပြစ်သားတစ်ယောက်ဟာဇာတိလူဟောင်းမှာမသေခဲ့ရင်ခရစ်တော်၌ဘဝသစ်မှာအသက်မရှင်နိုင်ပါ။ဒါကြောင့်သင်ဟာကယ်တင်ခြင်းရပြီလို့ယူဆတဲ့သူတစ်ယောက်ဆိုရင်ဆင်ခြင်ကြည့်ပါ။ငါဟာအသစ်ပြုပြင်သောသူဟုတ်မဟုတ်၊ငါ့အသက်သာမှာထာဝစဉ်ယုံကြည်ခြင်းရှိနေသလား?ချစ်ခြင်းမေတ္တာရှိနေပြီလား?၊မမြင်ရတဲ့ဘုရားကိုချစ်တဲ့သက်သေကမြင်နေရတဲ့လူကိုချစ်ခြင်းဘဲဆိုရင်ငါလူလူချင်းချစ်နေပြီလား?ဘုရားကိုချစ်တဲ့သူတစ်ယောက်ဟာသူ့စကားနားထောင်တဲ့သူဘဲဆိုရင်ငါ့ဘဝမှာဘုရားစကားဖြစ်တဲ့သမ္မာတရားအတိုင်းအသက်ရှင်နေပြီလား?ဒါလေးအားဖြင့်ဆင်ခြင်ခွန်အားယူကြပါစို့။