• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သူငယ်ချင်းကောင်းမိတ်ဆွေစစ်

ဆရာရဲမင်း

10 月 16, 2024

သူငယ်ချင်းကောင်းမိတ်ဆွေစစ်

ညနေစောင်းတခု….
ဆိတ်တကောင်ထဲတောနက်ကြီးထဲမှာမြက်စားနေသည်။
ဤတွင်ဝံပုလွေတကောင်ဘွားကနဲ့ချုံဘေးမှသူ့ကိုစားဖို့ထွက်လာသည်။
ချက်ချင်းဆိုသလိုဆိတ်ဂျိုနှင့်ခုခံရင်းသူ့သူငယ်ချင်းတွေကိုအကူညီအော်ဟစ်တောင်းလေတော့သည်။
နွားကြားပြီးလာကြည့်တော့ဝံပုလွေပါလားဆိုပြီးထွက်ပြေးသွားသတဲ့။
မြင်းကလဲခေါင်းငြိမ့်ကြည့်ပြီးဝံပုလွေမှန်းသိတော့ပြေးပြီပေါ့။
ဆင်ကလဲအသံကြားရာသို့လာနေတုန်း၊လမ်းမှာသူများပြောသံကတဆင့်ဝံပုလွေမှန်းသိတော့ပြန်ဆုတ်ခွာသွားသတဲ့။
ဝက်ကလည်းအကူညီလိုနေတဲ့သူငယ်ချင်းအသံကိုကြားပေမဲ့ဝံပုလွေအသံလဲကြားနေရလို့ဥပေက္ခာပြုခဲ့တယ်။
ယုန်လေးတော့ထင်တဲ့တိုင်းရှေ့ဆုံးကပြေးပြီပေါ့။

ဒီချိန်မှာ
အဝေးတနေရာကခွေးတကောင်…ဝံပုလွေအသံနဲ့သူငယ်ချင်းအော်သံကြားလို့ချက်ချင်းပြေးလာပါတယ်။ရောက်တာနဲ့တခါထဲခုန်အုပ်ပြီးဝုံပုလွေရဲ့လည်ပင်းကိုကိုက်ထည့်လိုက်တာ၊ဝံပုလွေမှနာလွန်းလို့သွေးသံရဲရဲနဲ့ထွက်ပြေးသွားရှာပါတော့သတဲ့လေ။

ဒါနဲ့ဆိတ်အိမ်ပြန်ရောက်သွားတော့…
နွားက။ ။”မင်းဘာလို့ငါ့ကိုမပြောတာလဲ၊ငါ့ဂျိုနဲ့ဝံပုလွေဗိုက်ပေါက်ထွက်အောင်ထိုးပစ်လိုက်လို့ရတယ်ကွ”။
မြင်းက။ ။”မင်းဘာလို့ငါ့ကိုမပြောတာလဲ၊ငါ့ကန်ချက်နဲ့ဝံပုလွေသေနိုင်တယ်ကွ”။
ဆင်က။ ။”မင်းဘာလို့ငါ့ကိုမပြောတာလဲ၊ငါသူ့ကိုနင်းပြားလိုက်လို့ရတဲ့ဟာကိုကွာ”။
ဝက်က။ ။”မင်းဘာလို့ငါ့ကိုမပြောတာလဲ၊ငါနာခေါင်းနဲ့ပြေးဆောင့်လိုက်လို့သူနာသွားမယ်ကွ”။
ယုန်လေးမှ။ ။”မင်းဘာလို့ငါ့ကိုမပြောတာလဲ၊ငါပြေးမြန်တယ်သတင်းပို့ပေးလို့ရတယ်လေ”။
အိမ်ထဲမှာဟိုတခွန်းဒီတခွန်းနဲ့ဆူညံနေသည်။ဒါပေမယ့်ခွေးက‌တော့စကားတခွန်းမှမပြောခဲ့ဘဲ‌နေခဲ့ပါတယ်။

ချစ်သောမိတ်ဆွေ
သူငယ်ချင်းကောင်းမိတ်ဆွေစစ်ဆိုတာစကားကြီးစကားကျယ်မပြော၊လုံးဝအကူညီလိုနေတဲ့ချိန်သင်မပြောဘဲကူညီတတ်သူပင်။သင်ကောင်းစားနေတုန်းနေ့တိုင်းသင့်ဘေးမှာနေပြီးလေလာပစ်နေတဲ့သူငယ်ချင်းတွေတိုင်းလိုလိုမိတ်ဆွေစစ်မဖြစ်နိုင်ပေ။မိတ်ဆွေစစ်ဆိုတာသင်ကောင်းစားနေချိန်မှာပီတိဖြစ်နေတတ်ပြီးခက်ခဲနေချိန်မှာပေါ်လာတတ်သူပင်။

ကျမ်းချက်
သုတ္တံကျမ်း ၁၇:၁၇ အဆွေခင်ပွန်းသည် အခါခပ်သိမ်း ချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏။