• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဖခင်များနေ့တရားဒေသနာ

ဆရာရဲမင်း

10 月 16, 2024

ဖခင်များနေ့တရားဒေသနာ
(အခြေပြုကျမ်း-လုကာ ၁၅:၁၁-၃၂)

နိဒါန်း
ပြင်းထန်သောငလျင်လှုပ်အပြီးမှာ….
ပျက်စီးပြိုကွဲနေတဲ့မူလတန်းကျောင်းတနေရာရဲ့အုပ်ပုံတွင်၊လူလတ်ပိုင်းတယောက်လုပ်ရှားနေခြင်းကိုကယ်ဆယ်ရေးတွေသတိထားမိလိုက်သည်။အသက်ရှင်သူမရှိတော့ဘူးလို့ကယ်ဆယ်ရေးသမားတွေပြောပြီးမသွားရှာဖို့ပြောပေမဲ့ဒီလူတစ်ယောက်ကတော့နားမထောင်ဘဲပျက်စီးနေတဲ့အုတ်ကြားသူ့သားလေးကိုချွေးပေါက်ပေါက်ကျအောင်လန်ရှာနေသည်။သူ့ရဲ့အပြုအမူကြောင့်ဘေးကလူတွေလဲရပ်မနေနိုင်တော့ဘဲကူညီလာကြပါသည်၊အကြာကြီးဖယ်ရှင်းလန်ရှာကြပေမဲ့ဘာမှမတွေ့လို့တယောက်ပြီးတယောက်လက်လျော့လာပါပြီ၊နောက်ဆုံးမျော်လင့်ချက်မရှိတော့ဘူးလို့ထင်နေတဲ့အချိန်လေးမှာတော့မြေအောက်တွင်းတနေရာကနေစကားသံတိုးတိုးလေးကြားမိတော့သည်၊ဒီချိန်မှာအဖေဖြစ်သူမှ”ဒါကျွန်တော့သားအသံ..ဒါကျွန်တော့သား…အသက်ရှင်သေးတယ်”ဆိုပြီးဟစ်အော်လာကာသွေးနီနေသောလက်ဖြင့်အုတ်တွေကိုဆက်ဖယ်ရှားသည်၊ဒီတော့မှလူတွေလဲဝိုင်းလာကြပြီးကူညီတော့ခေတ္တအကြာမှာအပေါက်ဝကြီးတခုကိုတွေ့လိုက်ကြပါတော့သည်၊အထဲမှာကျောင်းသားငါးယောက်ရှိနေပြီးသူတို့ထဲတယောက်က”ငါ့အဖေလာကယ်လိမ့်မယ်၊အားလုံးမကြောက်ကြနဲ့၊ငါ့အဖေဘယ်တော့မှငါ့ကိုမထားခဲ့ဖူးဘူး”လို့အားပေးနေသည်။ဒီချိန်မှာအဖေက”သား”လို့ခေါ်လိုက်သော်သားကအဖေသံကြားပြီး”အဖေ…အဖေလာပြီလား..အဖေလာမယ်ဆိုတာကျွန်တော်သိနေတယ်အဖေ… “ဟုဆိုပြီးပွေ့ဖတ်လိုက်တော့သည်။

ဒီအဖြစ်ပျက်လေးဟာအမေရိကားမှာတကယ့်လက်တွေ့ဖြစ်ပျက်ခဲ့တဲ့အရာပါ၊တရုတ်ကျောင်းစာအုပ်မှာလဲမှတ်တမ်းတင်ထားပါတယ်။အထူးသဖြင့်ဖခင်ရဲ့ချစ်ခြင်းမေတ္တာကိုဖော်ကျူးထားခြင်းဖြစ်ပါသည်။ချစ်သောညီကိုမောင်နှမတို့ဒီနေ့ဟာအပြည်ပြည်ဆိုင်ရာဖခင်များနေ့ဖြစ်ပါတယ်၊ဖခင်များနေ့ဖြစ်ပေါ်လာပုံသမိုင်းကတော့အမေရိကန်ကMrs.Doddဆိုတဲ့အမျိုးသမီးကသူ့အသင်းတော်ကမိခင်များနေ့မှာပါဝင်ရင်းဖခင်များနေ့လဲရှိသင့်တယ်ဆိုပြီးစတင်ကြိုးပမ်းရင်းနဲ့၁၉၁၀ ခုနှစ် ၆လ တတိယပတ်တနင်္ဂနွေနေ့မှာကမ္ဘာ့ပထမဆုံးဖခင်များနေ့ အခန်းအနားကို ဝါရှင်တန် မြို့တော်ကြီးမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီလိုနဲ့ ဝါရှင်တန်မှာသာမက အခြားပြည်နယ်များကိုလည်း တဖြည်းဖြည်း ပြန့်နှံ့ သွားခဲ့ပြီးယနေ့အပြည်ပြည်ဆိုင်ရာဖခင်များနေ့အဖြစ်ဖြစ်တည်လာခဲ့ပါတယ်။
ဆိုတော့ဒီနေ့မင်္ဂလာရှိတဲ့ဖခင်များနေ့မှာသမ္မာကျမ်းစာရှင်လုကာ၁၅:၁၁-၃၁ကိုအခြေပြုပြီးဖခင်ရဲ့ချစ်ခြင်းမေတ္တာဘယ်လောက်ကြီးမားကြောင်းကိုအချက်၄ချက်နဲ့ဝေငှချင်ပါတယ်။

၁။မပေါ်လွင်တဲ့အဖေ့မေတ္တာ
သခင်ယေရှုဟောခဲ့တဲ့ပျောက်သောသားဥပမာထဲမှာအဓိကဇာတ်ကောင်ဟာသားမိုက်မဟုတ်ပါဘူး၊ဖခင်ဖြစ်ပါတယ်၊ဂျူးလူမျိုးရဲ့ထုံးစံအရအဖေသေမှအမွေရတာပါ၊ဒါပေမဲ့သားငယ်ကတော့အဖေကိုလူသေလိုသဘောထားပြီးအမွေတောင်းခဲ့ပါတယ်၊ဒါကိုအဖေဖြစ်သူကဘာမှမပြောဘဲလိုက်လျောပြီးအမွေခွဲပေးခဲ့ပါတယ်၊ကျမ်းစာထဲမှာအသေးစိပ်မဖော်ပြထားပေမဲ့အဖေတယောက်ရဲ့မေတ္တာဟာဒီနေရာမှာအသံတိတ်အနေအထားနဲ့တွေ့မြင်မှာပါ၊သားမိုက်တာသိသိကြီးနဲ့ဘာလို့မတားတာလဲ?တားရင်လဲလူကိုသာတားလို့ရပြီးနှလုံးသားကိုတားလို့မရလို့ပါ၊အဖေလိုချင်တာနှလုံးသားနဲ့ကျေနပ်စွာနေခြင်းပါ။ဒါကြောင့်သားကိုချစ်လို့ဘာမှမပြောဘဲခွင့်ပြုလိုက်တာပါ။(သခင်ယေရှုဟာဒီပုံပြင်အားဖြင့်အဖဘုရားသခင်ဟာလူတွေကိုဘယ်လောက်ချစ်ကြောင်း၊လူတွေစကားနားမထောင်ဘဲအပြစ်လုပ်ပေမဲ့ကောင်းကင်အဖကတော့အချစ်တစက်မှမလျော့ကြောင်းရှင်းပြနေခြင်းဖြစ်ပါတယ်)။
ယနေ့များစွာသောသားသမီးတွေဟာအမေရဲ့အချစ်ကအဖေထက်များတယ်လို့ခံယူထားတတ်ကြပါတယ်၊ဘာကြောင့်လဲဆိုတော့အဖေကအမေလိုနူတ်ကနေချစ်တယ်လို့မဖော်ပြတတ်ဘူး၊အမေလိုမနူးညံ့ပြတတ်ဘူး၊စကားများများမပြောတတ်ဘူး၊မိသားစုစားဝတ်နေရေးကြောင့်အမေလိုအမြဲတမ်းသားသမီးဘေးမှာမနေပေးနိုင်ဘူး၊ဒါကြောင့်သားသမီးတွေကအဖေနဲ့စိမ်းနေကြတာပါ။တကယ်တမ်းတော့သားသမီးကိုချစ်တဲ့အဖေ့ရဲ့အချစ်ကအမေထက်မများရင်တောင်မနည်းနိုင်ပါဘူး။သားသမီးပေါ်ထားတဲ့အဖေအမေရဲ့ချစ်ခြင်းမေတ္တာဟာမတူညီတဲ့ပုံစံအနေအထားနဲ့ချစ်တာလေးပါ။အဖေဟာသားသမီးတွေကိုနူတ်ကနေချစ်တယ်မပြောတတ်ပေမဲ့အမူအရာနဲ့ခေါင်းလေးကိုင်ပခုံးလေးပုတ်ပြီးဖော်ပြတတ်ပါတယ်။စကားနည်းပေမဲ့အချစ်တော့မနည်းပါဘူး၊ဒါဟာအပြင်ပန်းမှာမပေါ်လွင်ဘဲရပ်တည်နေတဲ့အဖေ့ရဲ့အချစ်ပါ။ဒါကိုယနေ့သားသမီးလုပ်တဲ့သူတွေသိဖို့မြင်ဖို့အင်မတန်မှအရေးကြီးလှပါတယ်။ပြီးခဲ့တဲ့အချိန်တွေမှာသင်ဟာအဖေ့မေတ္တာကိုမသိရှိမတွေ့မြင်ခဲ့တဲ့သားသမီးဆိုရင်ဒီနေ့နူတ်ကပတ်တော်အားဖြင့်ခွန်အားယူကြပါစို့။တချို့အဖေတွေရဲ့အချစ်ကတကယ်မပြည့်စုံတာတွေရှိကောင်းရှိပါလိမ့်မယ်၊သို့ပေမဲ့သင်မမေ့ပါနဲ့၊ကောင်းကင်အဖဘုရားရဲ့ချစ်ခြင်းမေတ္တာဟာသင့်အတွက်အမြဲတမ်းပြည့်စုံစေမှာဖြစ်တယ်၊ဟာလေလုယာ။

၂။ထာဝစဉ်မြဲတဲ့အဖေ့မေတ္တာ
လုကာ၁၅:၁၁-၃၁ထဲကသားငယ်ဟာအဖေ့မေတ္တာကိုနားမလည်ဘဲအမွေတောင်းပြီးထွက်သွားပေမဲ့အဖေကတော့သူပြန်လာမဲ့တနေ့ကိုအမြဲတမ်းစောင့်မျော်နေမှာဖြစ်ပါတယ်။ဒါကြောင့်လဲသားငယ်ပြန်လာတဲ့အခါအဝေးကနေကတည်းကမြင်ခဲ့တာဖြစ်ပါတယ်။ဒါဟာဖခင်တဦးရဲ့ထာဝစဉ်တည်မြဲတဲ့မေတ္တာကိုပေါ်လွင်စေပါတယ်။
ချစ်သောညီကိုမောင်နှမတို့၊ယနေ့သင်ဟာရာထူးဘယ်လောက်ရှိနေပြီဘဲဖြစ်ဖြစ်၊လုံးဝမတိုးတက်ဘဲအောက်ဆုံးအဆင့်ရောက်နေတာဘဲဖြစ်ဖြစ်သင့်အဖေကတော့သင့်ကိုချစ်နေမြဲပါ။အဖေ့မျက်စိထဲမှာသားသမီးတွေဟာအမြဲတမ်းကလေးတစ်ယောက်ပမာပါဘဲ။။ဒီလိုပါဘဲယုံကြည်သူတွေရဲ့ကောင်းကင်အဖရဲ့အချစ်ဟာဆိုရင်လဲထာဝရမပြောင်းလဲဘဲတည်မြဲနေပါတယ်၊လောကဖခင်အချစ်ကပြောင်းလဲတတ်ပေမဲ့ကောင်းကင်အဖရဲ့ချစ်မေတ္တာကတော့ထာဝစဉ်လုံးဝပြောင်းလဲသွားမှာမဟုတ်ပါဘူး။

၃။ခွင့်လွတ်တတ်တဲ့အဖေ့မေတ္တာ
ရှင်လုကာ၁၅:၁၁-၃၁ထဲကသားငယ်ဟာအမွေယူပြီးထွက်သွားပေမဲ့အဖေကတော့သူပြန်လာတဲ့တနေ့ကိုအမြဲစောင့်ကြိုနေပါတယ်၊သားငယ်ကိုခွင့်လွတ်လက်ခံဖို့ပါ။သားငယ်ကရှိသမျှငွေတွေအကုန်ဖြုန်းတီးပြီး၊နောက်ဆုံးဝက်ကျောင်းသားဘဝနဲ့ဝက်စာတောင်စားတော့မဲ့အဆင့်ရောက်ပြီးလမ်းမရှိတော့လို့အဖေ့အိမ်ပြန်လာတဲ့အခါ၊ဒီလိုနံစော်နေတဲ့သားကိုအဝေးကနေမြင်လိုက်တဲ့အဖေကပွေ့ဖက်နမ်းရှုံ့ခဲ့တယ်၊သားဖြစ်သူကအလုပ်သမားအဖြစ်နဲ့ထမင်းတလုပ်သာစားရဖို့ရည်ရွယ်ပြီးပြန်လာပေမဲ့အဖေကတော့သားအဖြစ်လက်ခံခဲ့ပါတယ်။ရှင်လုကာခရစ်ဝင်၁၅:၂၂မှာသားငယ်ကိုမြတ်သောဝတ်လုံခြုံစေပြီးလက်စွပ်တန်ဆာကိုလဲဆင်မြန်းစေပါတယ်။ခြေနင်းကိုလည်းစီးစေပြီးသူ့အတွက်အကောင်းဆုံးပွဲလုပ်ပေးခဲ့ပါတယ်။ဒီနေရာမှာမြတ်သောဝတ်လုံဆိုတာမထိုက်တန်တဲ့သားကိုအဖေကပေးတဲ့ဘုန်းဖြစ်ပြီး၊လက်စွပ်ကတော့သခင်ရာထူးပြန်လည်ရရှိခြင်းပါ၊ခြေစီးကတော့သားနေရာပြန်ရခြင်းနဲ့ဆူသောနွားနဲ့ပွဲလုပ်ရခြင်းကတော့ဒီအရာအားလုံးကိုကြေငြာပေးခြင်းနဲ့သားငယ်ပြန်လာခြင်းကိုပျော်ရွှင်ခြင်းဖြစ်ပါတယ်။(ဒီပုံဆောင်ခြင်းဟာအဓိကအားဖြင့်အပြစ်သားတယောက်နောင်တရပြီးဘုရားဆီပြန်လာခြင်းဖြစ်ပါတယ်။)။
ယနေ့ကျွန်တော်တို့ရဲ့ဖခင်ဟာလဲထို့အတူပါဘဲ၊သားသမီးတွေကိုအမြဲတမ်းခွင့်လွတ်ပေးနေတဲ့အဖေပါ၊ဘယ်လောက်စကားနားမထောင်တဲ့သားသမီးဖြစ်ပါစေ၊အိမ်ပြန်လာရင်တော့သူ့မှာရှိတဲ့အရာတွေကိုသားသမီးအတွက်အမြဲတမ်းပေးနေတတ်တဲ့အဖေပါ၊လက်ခံခွင့်လွတ်နေတတ်တဲ့အဖေပါ၊တချို့သောဖခင်တွေခွင့်မလွတ်နိုင်တာမျိုးရှိကောင်းရှိပါလိမ့်မည်၊ဒါပေမဲ့ဒါအနည်းစုဖြစ်မည်ထင်ပါတယ်၊ဘယ်လိုဘဲပြောပါစေ၊လောကဖခင်သင့်ကိုခွင့်မလွတ်နိုင်ခဲ့ဘူးဆိုရင်တောင်ကောင်းကင်အဖကသင့်ကိုခွင့်လွတ်မှာဖြစ်ပါတယ်။(ဆာလံ၁၀၃:၈-၁၃) ။

၄။အနိုင်းမဲ့သောအဖေ့မေတ္တာ
လုကာအခန်းကြီး၁၅ထဲကယေရှုပြောတဲ့ပျောက်သောသားပုံဥပမာမှာသားမိုက်ဟာသားငယ်တစ်ယောက်ထဲမဟုတ်ပါဘူး၊သားမိုက်နောက်တစ်ယောက်ဟာသားကြီးဘဲဖြစ်ပါတယ်။အဖေနဲ့အတူနေပေမဲ့သူ့အိမ်၊သူ့ဟာ၊သူ့မိသားစုလို့မခံယူထားဘဲ၊လူသာအဖေနဲ့အတူနေပြီးနှလုံးသားကအဖေနဲ့ဝေးနေခဲ့ပါတယ်။ဒါကြောင့်သားငယ်အိမ်ပြန်လာတဲ့အခါသူမနာလိုဝန်တိုပြီးအိမ်ထဲမဝင်ဘဲအိမ်ပြင်မှာနေခဲ့တာပါ။ဒီအခြေနေကိုအဖေဖြစ်သူကသိသွားတဲ့အခါမှာသားကြီးဆီသွားပြီးအဖေ့ဥစ္စာရှိသမျှဟာသားကြီးဥစ္စာဘဲလေဆိုပြီးမေတ္တာနဲ့သေချာရှင်းပြပေးခဲ့ပါတယ်။ဒီရှင်းပြချက်ကိုသားကြီးနားလည်သဘောပေါက်မပေါက်၊လက်ခံမလက်ခံဆိုတာတော့ကျမ်းစာမှာမပြောထားတော့ပါ။ဒါပေမဲ့အဓိကပေါ်လွင်စေတာကဖခင်တဦးရဲ့အနိုင်းမဲ့တဲ့မေတ္တာပါ၊သားငယ်ကိုချစ်တဲ့အချစ်နဲ့သားကြီးကိုချစ်တဲ့အချစ်တွေဟာအတူတူဘဲဖြစ်ပါတယ်။ဒီပုံဆောင်ချက်ကတော့များစွာသောယုံကြည်သူတွေဟာလူသာဘုရားဆီရောက်နေပြီးနှလုံးသားကဘုရားနဲ့ဝေးနေတာကိုယေရှုထောက်ပြနေတာပါ၊ဥပမာသားငယ်ကိုအခွန်ခံအဖြစ်နဲ့သားကြီးကိုကျမ်းတတ်ဖာရိရှဲတွေအဖြစ်ခိုင်းနိုင်းဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမဲ့အဓိကပေါ်လွင်စေတာကတော့ဖခင်တဦးရဲ့ချစ်မေတ္တာပါဘဲ။
ဖခင်ရဲ့မေတ္တာဟာတုနိုင်းစရာမရှိလောက်အောင်ကြီးမားပါတယ်၊ဖခင်ဖရဲ့မေတ္တာကိုသိဖို့ကိုယ်တိုင်ဖခင်ဖြစ်တဲ့တနေ့ပိုမိုရှင်းလင်းလာပါလိမ့်မယ်။

နိဂုံး
အကယ်၍အမေ့မေတ္တာဆိုတာရေလိုအေးမြရင်၊အဖေ့မေတ္တာဟာလဲတောင်ကြီးပမာမြင့်မားခိုင်ခံ့လှပါတယ်။နားထောင်လို့ကောင်းတဲ့စကားလုံးတွေမရှိပေမဲ့လက်တွေ့ကျတဲ့အချစ်တွေသင်မြင်ရပါလိမ့်မယ်။။ဒီနေ့မင်္ဂလာရှိလှတဲ့ဖခင်များနေ့မှာသားသမီးတွေအနေနဲ့ဖခင်တွေရဲ့မပေါ်လွင်တဲ့မေတ္တာကိုမြင်တတ်ဖို့လိုပါတယ်၊မပြောင်းလဲတဲ့အဖေ့မေတ္တာနဲ့သားသမီးတွေကိုအမြဲခွင့်လွတ်ပေးတတ်တဲ့အဖေ့မေတ္တာဟာတုနိုင်းမမှီတဲ့ချစ်ခြင်းမေတ္တာဆိုတာယနေ့သားသမီးတွေသိရှိနားလည်ဖို့အရေးကြီးလှပါတယ်။မိဘတွေအသက်ရှင်နေတုန်းနားလည်ပြီးသေချာရိုသေပြုစုပါ၊မိဘမရှိတော့မှနောင်တရနေတာမျိုးမဖြစ်စေပါနဲ့။ယနေ့နူတ်ကပတ်တော်ကိုနားထောင်နေတဲ့သူတွေထဲမှာဖခင်ရှိသေးတယ်ဆိုရင်အလေးထားရိုသေပြုစုပါ၊တချို့ဖခင်တွေဟာမပြည့်စုံတာတွေရှိပေမဲ့သားသမီးလုပ်တဲ့ကျွန်တော်ကျွန်မတို့တတွေအားမငယ်ပါနဲ့၊ကောင်းကင်အဖရဲ့မေတ္တာဟာယနေ့ဖခင်ရှိသူမရှိသူတိုင်းအတွက်ပြည့်စုံတဲ့ချစ်မေတ္တာဖြစ်ကြောင်းခွန်အားပေးရင်းနိဂုံးချုပ်လိုက်ရပါတယ်။ဖတ်ရှုသူအားလုံးအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။

Ye Ming(ပတ္တမြားမြေ)