မိခင်များနေ့ဆင်ခြင်စရာကျမ်း(၇)ချက်
နိဒါန်း
“မိခင်ကောင်းတစ်ယောက်ရှိရင်ဆရာအယောက်၁၀၀ထက်သာတယ်”ဆိုတဲ့ဆိုရိုးရှိပါတယ်။ဒီနေ့လိုမိခင်များနေ့မှာယုံကြည်သူတွေအနေနဲ့မာတာမိခင်ရဲ့ကျေးဇူးတွေကိုကျမ်းချက်၇ချက်နဲ့အတူဆင်ခြင်ခွန်အားယူကြရအောင်။
၁။“အသက်ကြီးသောအမိကိုမထီမဲ့မြင်မပြုနှင့်။”(သုတ္တံကျမ်း23:22 )။
ကျွန်တော်တို့ငယ်ရွယ်စဉ်ခါမှာမိဘတွေဟာသူတို့ရဲ့သွေးချွေးဇွဲတွေနဲ့ကျနော်တို့ကိုပြုစုကြွေးမွေးသွန်သင်ပဲ့ပြင်လာခဲ့ပါတယ်။ယခုအခါကျွန်တော်တို့အရွယ်ရောက်လာပြီးမိဘတွေအိုလာတဲ့အခါကျေးဇူးမဆပ်နိုင်သေးရင်တောင်ကျေးဇူးကမ်းပြီးမိခင်အိုကြီးကိုမထီမဲ့မြင်မပြုမိကြဖို့အရေးကြီးပါတယ်။ကျေးဇူးရှင်တွေကိုမပြစ်မှားမိစေပါနှင့်။
၂။“အမိ၏တရားကိုလည်းမပယ်နှင့်။”(သုတ္တံကျမ်း1:8)။
ဒီဘွားတော်ကအမြဲပူညံပူညံနဲ့နားထောင်ရတာစိတ်မရှည်ဘူးဆိုပြီးသားသမီးတွေအမြဲငြီးညူနေတတ်သလို၊တချို့သားသမီးတွေကနားထောင်နေပေမယ့်လဲဒီဖက်နားကဝင်ရင်ဟိုဖက်နားကထွက်ပါဘဲ။သမ္မာကျမ်းစာမှာတော့ဒီမိခင်ကြီးရဲ့ဆုံးမစကားတွေကိုမပယ်ဘဲလိုက်လျှောက်ဖို့ဆိုထားပါတယ်။ဘာကြောင့်လဲဆိုတော့မိခင်တွေဟာအ တွေ့အကြုံရှိခဲ့ပြီမို့မိမိသားသမီးတွေမမှားအောင်အတန်တန်မှာနေရတာပါ။ဒီမေတ္တာစေတနာကိုသားသမီးတွေနားလည်ပါ။
၃။“သို့သော်သင်တို့ကမည်သူမဆိုမိခင်သို့မဟုတ်ဖခင်အားအကျွန်ုပ်ထံမှသင်တို့ ခံစားထိုက်သည့်အရာသည်လှူဖွယ်ဝဝတ္ထုဖြစ်ပါပြီဟုဆိုလျှင်ထိုသူသည်မိမိ၏ဖခင်ကိုဂုဏ်ပြုစရရာမလိုပေဟုပြောဆိုကြ၏။ဤသို့ဖြင့်သင်တို့သည်မိမိတို့၏ဓလေ့ထုံးတမ်းအတွက်ဘုရားသခင်၏နှုတ်ကပတ်တော် ကိုပယ်ဖျက်ကြ၏။”(ရှင်မဿဲခရစ်ဝင်ဝင် 15:5-6)စံမီကျမ်း။
ကျမ်းတတ်ဖာရိရှဲတွေက“မိဘကိုကျေးဇူးဆပ်ရမဲ့ငွေကိုဘုရားမှာလှူလိုက်ရင်မိဘကိုမကြွေးမွေးလည်းရတယ်”ဆိုပြီးသွန်သင်တာကိုယေရှုကပြစ်တင်ရှုံ့ချနေတာပါ။ယနေ့ယုံကြည်သူတွေဘုရားကိုဘယ်လောက်ယုံကြည်ပါတယ်၊ချစ်ပါတယ်ဆိုပြီးအမှုတော်ဘယ်လောက်ဆောင်နေပါစေ၊ပေးလှူနေပါစေ၊မိဘကိုအဘုရားအလိုတော်အတိုင်းမရိုသေ၊မနာခံ၊မလုပ်ကြွေးရင်ဟန်ဆောင်ကောင်းတဲ့အပေါ်ယံသမား“ဖာရိရှဲ”တွေပါဘဲ။ဘုရားကိုပေးလှူလိုက်လို့မိဘကိုပေးစရာမရှိတော့ဘူးလို့ဆိုသူတွေဟာနူတ်ကပတ်တော်သွန်သင်ချက်ကိုပယ်ဖျက်သူတွေပါ။
၄။“ထိုအရပ်၌သင်၏မိခင်သည် သင့်ကိုပေးစားခဲ့ပြီ။ထိုအရပ်၌သင့်ကို ဖွားမြင်သောသူသည် သင့်ကိုပေးစားခဲ့ပြီ။”(ရှောလမုန်သီချင်း8:5 )
ဒီကျမ်းချက်က“ ပေးစားခဲ့ပြီ”ဆိုတဲ့မူရင်းမှာ “စတေးသွားခြင်းနဲ့ပျက်စီးသွားခြင်း”ကိုဆိုလိုပါတယ်။သားသမီးတွေကောင်းစားဖို့အရေးမိခင်ကြီးဟာအရာရာအနွံတာခံပြီးပေးဆပ်နေခဲ့တာယနေ့သားသမီးလုပ်သူတိုင်းမြင်တတ်ဖို့လိုပါတယ်။
၅။“သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကား ကိုနားထောင်ခြင်းအမှုသည် တရားသောအမှု ဖြစ်၏။မိဘကိုရိုသေစွာပြုလော့။ဤပ ညတ်တော်ကား၊သင်သည်ပြည်တော် ၌ကောင်းစား၍အသက်တာရှည်မည်အ ကြောင်းဟူ၍ဂတိတော်နှင့်ဆိုင်သောပဌမပညတ်ဖြစ် ၏။ ”(ဧဖက်ဩဝါဒစာ6:1 -2)။
မိဘကိုရိုသေပါဆိုတာယုံကြည်သူတိုင်းကိုဘုရားသခင်ပေးထားတဲ့အမိန့်ပါ။ဒီအမိန့်ထဲမှာကတိတော်ပါလာတာကတော့“သက်ရှည်ကောင်းစားခြင်း”ပါဘဲ။တနည်းအားဖြင့်မိဘကိုရိုသေရင်အသက်ရှည်ကောင်းစားမယ်၊မရိုသေရင်အမင်္ဂလာဖြစ်ပါမယ်။ဒါကိုနားလည်ထားဖို့အရေးကြီးပါတယ်။
၆။“သားမြေးရှိသောမုတ်ဆိုးမဖြစ် လျှင်၊ထိုသားမြေးတို့သည်ရှေ့ဦးစွာဘု ရားဝတ်ကိုရည်မှတ်လျက်၊မိမိအိမ်ကို ပြုစု၍မိဘဘိုးဘွား၌ကျေးဇူးဆပ်ခြင်း ငှါသင်ကြစေ။ထိုအမှုသည်ဘုရားသခင် နှစ်သက်တော်မူသောအမှုဖြစ်၏။ (၁ တိ 5:4 )
မိဘကျေးဇူးကိုဆပ်ခြင်းဟာဘုရားဝတ်တမျိုးပါ။ဒါကြောင့်ယုံကြည်သူသားသမီးတိုင်းယနေ့တိုင်အောင်သင်ယူနေရတာပါ။အကောင်းဆုံးနဲ့ပြည့်စုံအောင်ကျေးဇူးမဆက်ကုန်နိုင်ပေမယ့်မိဘအသက်ရှင်နေတုန်းမှာအချိန်ကိုတန်ဖိုးထားပြီးကျေးဇူးဆပ်ကြရမှာပါ။မိခင်ဖခင်မရှိတော့တဲ့တစ်နေ့မှနောင်တရရင်မမှီတော့ပါဘူး။တိုက်နဲ့ကားနဲ့အကောင်းဆုံးအစားအစာလာချကြွေးရင်လဲသူတို့မစားတတ်တော့ပါဘူး။ဒါကြောင့်မိဘအသက်ရှင်တုန်းရှိတာလေးနဲ့အမြန်ကျေးဇူးဆပ်ပါ၊ရှိမှပေးမယ်မလုပ်မိပါစေနဲ့၊အချိန်ကသင့်ကိုမစောင့်ဘူးဆိုတာသိပါ။
၇။“မိဘနှစ်ဦးရွှင်လန်း၍၊သင့်ကိုမွေးဖွားသောအမိပင်ဝမ်းမြောက်ပါစေ။” (သုတ္တံကျမ်း23:25 ဂဲရတ်ဗားရှင်း)
ယနေ့ကျွန်တော်တို့ဆင်ခြင်ရမှာကငါ့ကြောင့်ပါအမေစိတ်ဆင်းရဲနေရသလား?ငါ့ကြောင့်ငါ့အမေမျက်ရည်ကျနေရသလားဆိုတာပါဘဲ။ဒီနှစ်မိခင်များနေ့ကစပြီးမိဘကိုအမြဲစိတ်ညစ်မျက်ရည်ကျစေတဲ့သားသမီးမဖြစ်စေဘဲ၊မိဘကိုအမြဲရွှင်လမ်းဝမ်းမြောက်စေတဲ့သားသမီးဖြစ်စေပါ။
နိဂုံး
မာတာမိခင်ကျေးဇူးရှင်ရဲ့သားသမီးပေါ်ထားတဲ့ကျေးဇူးတရားဟာပြောဆိုလိုတင်စားလို့မကုန်ခမ်းနိုင်ပါဘူး၊မိခင်ကျေးဇူးဘယ်လောက်ကြီးမားကြောင်းပြောဆိုဖွဲ့နွဲ့နေတာထက်လက်တွေ့လုပ်ဆောင်ဖို့သာ၍အရေးကြီးပါတယ်။ဒါကြောင့်ဒီနေ့ဟောသွားတဲ့နူတ်ကပတ်တော်အချက်၇ချက်ထဲမှာသင်မလုပ်ဆောင်မိသေးတာရှိနေရင်အခုကစပြီးသင့်မိခင်(မိခင်မရှိ တော့လျှင်အနီးစပ်ဆုံးအဖွား၊အမ၊အဒေါ်)ပေါ်လက်တွေ့လုပ်ဆောင်သွားပါလို့တိုက်တွန်းခွန်အားပေးရင်းနိဂုံးချုပ်လိုက်ပါတယ်။