• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မိခင်များနေ့ကျင်းပပုံ(၇)ချက်

ဆရာရဲမင်း

10 月 22, 2024

မိခင်များနေ့ကျင်းပပုံ(၇)ချက်

မိခင်များနေ့ရောက်လာပြန်ပါပြီ၊သမ္မာကျမ်းစာအရမိခင်များနေ့ကိုဘယ်လိုကျော်ဖြတ်ရမလဲဆိုတာအချက်(၇)ချက်နဲ့တိုက်တွန်းနိုး‌ဆော်လိုက်ပါတယ်။

၁။မိခင်များနေ့တနင်္ဂနွေမှာမိခင်ကိုဖန်ဆင်းပေးတဲ့ဘုရားသခင်ကိုဝတ်ပြုပါ။
မိခင်များနေ့ဟာကျမ်းစာထဲမပါလို့မလုပ်ရဘူးပြောသူတချို့ရှိပါတယ်၊ဟုတ်ပါတယ်မိခင်များနေ့ကကျမ်းစာထဲလုပ်ပါလို့မဖော်ပြထားပါဘူး၊ဒါပေမဲ့မိခင်ကိုရိုသေဖို့ကျမ်းစာကအများကြီးဖော်ပြထားတာသတိပြုပါ။မိခင်များနေ့ဆိုတာမိခင်ကိုရိုသေတတ်ဖို့တွန်းအားပေးတဲ့နေ့မို့လုပ်တာမမှားပါ။နောက်တချို့ကျတော့တနင်္ဂနွေနေ့ဟာဘုရားသခင်ကိုဝတ်ပြုရမဲ့နေမို့မိခင်များနေ့မလုပ်သင့်ဘူးလို့ဆိုကြပြန်ပါတယ်၊ဒီလိုစောဒကတက်သူတွေအနေနဲ့သိထားရမှာကမိခင်များနေ့မှာမိခင်ကိုကိုးကွယ်နေကြတာမဟုတ်ဘူးဆိုတာပါဘဲ၊မိခင်များနေ့မှာလည်းအသက်ရှင်သောဘုရား၊မိခင်အားဖြင့်မိခင်ကိုဖန်ဆင်းတဲ့ဘုရားကိုဝတ်ပြုကိုးကွယ်ကြတာချည်းပါဘဲ။မိခင်များနေ့အားဖြင့်ဘုရားဘုန်းတော်ထင်ရှားစေဖို့ဖြစ်ပါတယ်။အာမင်။
မိခင်များနေ့ဝတ်ပြုချိန်မှာသားသမီးတွေအနေနဲ့ရင်ထိုးပန်းပန်ကြပါတယ်၊အမေအသက်ရှင်သေးရင်အနီရောင်ပန်ကြရပြီး၊အမေဆုံးသွားရင်အဖြူရောင်ပန်ရပါတယ်။
(‭၁ကော ၁၀:၃၁သင်​တို့​သည် စား​သော်​လည်း​ကောင်း၊ သောက်​သော်​လည်း​ကောင်း၊မည်​သည့်​အ​မှု​ကို ပြု​သော်​လည်း​ကောင်း၊ဘု​ရား​သ​ခင်၏ဘုန်း​တော်​ကို ထောက်၍ ခပ်​သိမ်း​သော​အ​မှု​ကိ​စ္စ​ကိုပြု​ကြ​လော့။)
အကယ်၍မိခင်များနေ့လုပ်ပြီးဘုရားပျောက်နေရင်မယုံကြည်သူနဲ့ထူးမခြားနားဖြစ်နေပါလိမ့်မယ်။

၂။မိခင်ရှိနေသေးရင်သူ့ကိုအမှတ်တရလက်ဆောင်ပေးပါ။ ဝေးနေရင်ဖုန်းဆက်ပြီးကျေဇူးတင်စကားပြောပါ။
မိခင်များနေ့မှာမိခင်ကိုအသိအမှတ်ပြုသောအားဖြင့်အမှတ်တရလက်ဆောင်ဝယ်ပေးသင့်ပါတယ်။ဝယ်ကိုဝယ်ပေးရမယ်လို့မဆိုလိုပါ၊ဒါပေမဲ့မိမိရဲ့ကျေးဇူးတရားသိတတ်ခြင်း၊အမေ့ကျေးဇူးကိုမမေ့ကြောင်းမိခင်များနေ့အားဖြင့်ဖော်ထုတ်ခွင့်၊မိခင်ကိုအသိပေးခွင့်ရတာမွန်မြတ်လှပါပေတယ်။ဒါကြောင့်မိခင်များနေ့မှာမိခင်ကိုလက်ဆောင်ပေးပါ၊အချိန်ပေးပြီးဖုန်းဆက်စကားပြောပေးပါ။
(‭သုတ္တံ၂၃:၂၅သင်၏မိဘတို့သည် ဝမ်းမြောက်၍၊ သင့်ကို မွေးဖွားသောသူသည် ရွှင်လန်းလိမ့်မည်။ )

၃။မိခင်မရှိတော့ရင်မိခင်စကားကိုအောက်မေ့ဆင်ခြင်ပါ၊ အောက်မေ့ဝတ်ပြုခြင်းလုပ်ပါ။
မိခင်ဆုံးပါးသွားတဲ့သားသမီးတွေအနေနဲ့မိခင်အသက်ရှင်တုန်းဆိုဆုံးမခဲ့တဲ့အရာ(သမ္မတရား)ကိုအောက်မေ့သတိရသင့်ပါတယ်။မိခင်များနေ့မှအောက်မေ့ရင်ရပြီမဆိုလိုပါ၊မိခင်များနေ့အားဖြင့်မိမိကိုယ်ကိုအ‌မေ့စကားအမြဲအောက်မေ့သတိရဖို့သတိပေးခြင်းဖြစ်ပါတယ်။မိခင်များနေ့ရှေ့နောက်ရက်တွေမှာမိခင်ကိုအောက်မေ့ဝတ်ပြုစည်းဝေးလဲပြုလုပ်လို့ရပါတယ်။
(‭ဟေဗြဲ၁၃:၇ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍၊ သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူ၍ စုတေသည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို မီအောင်လိုက်ကြလော့။)

၄။မိခင်ကရက်စက်စွာထားခဲ့ရင်သူ့အတွက်ဆုတောင်းပေးပါ၊ကျေးဇူးရှိသူကိုကျေးဇူးဆပ်ပါ။
တချို့သားသမီးတွေကျတော့မိခင်တွေကရက်စက်စွာပစ်ထားစွန့်ထားခံရတာမို့မိခင်များနေ့ဟာသူတို့အတွက်နာကျင်စရာတွေဘဲဖြစ်နေတတ်ပါတယ်။ဒီလိုလူအတွက်ဘုရားမေတ္တာကိုအောက်မေ့ပြီးရက်စက်ခဲ့တဲ့မိခင်ကိုနောင်တရကယ်တင်ခြင်းရဖို့ဆုတောင်းပေးလိုက်ပါ။ကိုယ့်အပေါ်မိခင်လိုကျေးဇူးရှိခဲ့တဲ့ဦးလေးအဒေါ်၊ဆရာ/မ၊မိဘမဲ့ဂေဟာစသဖြင့်ကိုကျေးဇူးဆပ်ပါ။
(‭ဆာလံ၂၇:၁၀ကိုယ်​မိ​ဘ​တို့​သည် အ​ကျွန်ုပ်​ကို​စွန့်​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​ကို ချီ​ယူ​တော်​မူ​မည်။ )

၅။ရှိမှပေးမယ်မတွေးပါနဲ့၊မိခင်အသက်ရှင်နေတုန်းရှိတာနဲ့ဖြည့်ဆည်းပေးပါ။ မိခင်မရှိတော့မှငါဘာမှမပေးခဲ့ရပါလားဆိုပြီးနောင်တမရပါနဲ့။ မိဘကိုဖြည့်ဆည်းပေးတတ်သားသမီးဟာဘယ် တော့မှမဆင်းရဲပါ၊အသက်တာမှာကောင်းစားပြီးအသက်ရှည်ပါလိမ့်မယ်။
(‭ဧဖက်၆:၂-၃မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ ဤ​ပ​ညတ်​တော်​ကား၊ သင်​သည် ပြည်​တော်၌ ကောင်း​စား၍ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း ဟူ၍ က​တိ​တော်​နှင့်​ဆိုင်​သော ပ​ထ​မ​ပ​ညတ်​ဖြစ်၏။)

၆။မိခင်ဆီဆုတောင်းကောင်းချီးခံယူပါ။
မိခင်များနေ့ရောက်မှမိခင်ဆီဆုတောင်းခံပါလို့ပြောတာမဟုတ်ပါဘူး၊အမြဲဆုတောင်းခံသင့်ပါတယ်။ဒါပေမဲ့သားသမီးတွေကြီးလာလေလေမိခင်နဲ့စကားနည်းသွားလေလေဖြစ်နေတတ်တာမို့မိခင်များနေ့ကိုအကြောင်းပြုပြီးဆုတောင်းကောင်းကြီးခံယူဖို့တိုက်တွန်းချင်တာပါ။မွေးမိခင်ပေးတဲ့ကောင်းကြီးဆုတွေဟာသားသမီးတသက်လုံးကောင်းစားသွားနိုင်လို့ပါ။
(‭သုတ္တံ၂၀:၇ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းလမ်းသို့လိုက်၍၊ သူ၏သားစဉ်မြေးဆက်တို့သည် မင်္ဂလာရှိကြ၏။ )

၇။မိခင်များနေ့တစ်ရက်ဘဲရိုသေပြတာမျိုးမဖြစ်ပါစေနဲ့။မိခင်များနေ့အားဖြင့် မိခင်ကိုအမြဲတမ်းရိုသေလုပ်ကြွေးကျေးဇူးဆပ်ရမယ်ဆိုတာသတိရစေပါ။တချို့ကမိခင်များနေ့မှာလက်ဆောင်ပေးပြ၊ဓာတ်ပုံရိုက်တင်ပြ၊ကျေးဇူးတင်ပြ၊မျက်ရည်ကျပြလုပ်ပြီး၊မိခင်များနေ့လဲပြီးသွားကောတစ်နှစ်လုံးမပြုစုတော့ဘူး၊မလုပ်ကြွေးတော့ဘူး၊မရိုသေတော့ဘူး။ဒီလိုဟန်ပြသားသမီးမဖြစ်ပါစေနဲ့။မိခင်များနေ့မှာလုပ်လက်ဆောင်ပေးတာမမှားဘူး၊ကျေးဇူးတင်စကားပြောတာမမှားဘူး၊မျက်ရည်ကျတာမမှားဘူး၊ဆိုရှယ်မီဒီယာ‌ပေါ်ဓာတ်ပုံတင်တာမမှားဘူး။ဒါပေမဲ့ဟန်ပြမဖြစ်ဖို့အင်မတန်အရေးကြီးလှပါတယ်။တစ်နှစ်လုံးရိုသေတတ်သောသားသမီးဖြစ်ကြပါစေ။
(‭၁တိ၅:၄သားမြေးရှိသော မုဆိုးမဖြစ်လျှင်၊ ထိုသားမြေးတို့သည် ရှေ့ဦးစွာ ဘုရားဝတ်ကို ရည်မှတ်လျက်၊ မိမိအိမ်ကို ပြုစု၍ မိဘဘိုးဘွား၌ ကျေးဇူးဆပ်ခြင်းငှာ သင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူသောအမှုဖြစ်၏။)