• 周日. 4 月 19th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယုံကြည်သူနှင့်အနာရောဂါငြိမ်းခြင်း (၁)

ဆရာရဲမင်း

10 月 9, 2024

ယုံကြည်သူနှင့်အနာရောဂါငြိမ်းခြင်း (၁)

ဘုရားသခင်ဟာမနေ့ယနေ့ထိအံ့ဩဘွယ်တန်ခိုးတော်အားဖြင့်လူတွေကိုကုသနေတယ်ဆိုတာငြင်းစရာမရှိပါ။ဒါပေမဲ့စာရေးသူပြောချင်တာကအကယ်၍အနာရောဂါငြိမ်းခြင်း၊ကျမ်းမာခြင်းဟာကိုယ့်ယုံကြည်ခြင်းရဲ့ဗဟိုဖြစ်နေတယ်ဆိုရင်ဖြင့်အမှားကြီးမှားသွားပါလိမ့်မည်။

ဘာကြောင့်လဲဆိုတော့ဘုရားကိုယုံကြည်လိုက်လို့ ရောဂါအကုန်ပျောက်ပြီးကျမ်းမာတဲ့သူဖြစ်သွားမယ်လို့ကျမ်းစာဘယ်နေရာမှာမှမပြောထားလို့ပါ။ယေရှုကိုယုံကြည်လက်ခံလိုက်လို့အခက်ခဲမရှိတော့ဘူးလို့လဲကျမ်းစကားမရှိပါ။အနာရောဂါနဲ့အခက်ခဲကြားထဲကငြိမ်သက်ခြင်းရမယ်လို့သာပြောခဲ့တာပါ။ဒါကြောင့်ပေတရုက ၁ပေ ၄:၁မှာဒီလိုပြောခဲ့တယ်…
ထိုသို့ခရစ်တော်သည် ကိုယ်ခန္ဓာတော်၌ ငါတို့အတွက်ခံတော်မူသည်မှန်သောကြောင့်၊ သင်တို့လည်း ထိုသို့သောသဘောကို လက်နက်ပြု၍သုံးစွဲကြလော့။ အကြောင်းမူကား၊ ကိုယ်ခန္ဓာ၌ခံသောသူသည် ဒုစရိုက် တို့နှင့် လွတ်ငြိမ်းသည်ဖြစ်၍၊ …။

ဒါကြောင့်ယုံကြည်သူများနားလည်ရမှာကအနာရောဂါငြိမ်းခြင်းခံရပြီးလို့နောက်နောင်မဖျားတဲ့သူမရှိသလို၊သခင်ယေရှုကိုယ်တိုင်င်္သချိုင်းကနေပြန်လည်ရှင်ပြန်ထမြောက်စေခဲ့တဲ့လာဇရုကလည်းနောက်ဆုံးသေချိန်ရောက်ရင်ပြန်သေခဲ့ရတာဧကန်ပါ။အကယ်၍လူတိုင်းရဲ့ယုံကြည်ခြင်းဟာအနာရောဂါငြိမ်းခြင်းပေါ်မှာတည်ဆောက်ထားမယ်ဆိုရင်၊ယုံကြည်ခြင်းအမြစ်မခိုင်ဘဲပြိုလဲနိုင်ပါတယ်။ဘုရားသခင်ကဘာလို့အနာရောဂါငြိမ်းခြင်းကိုပြုရသလဲဆိုတာနားမလည်ရင်၊ကိုယ့်ရှိနေပြီးဖြစ်တဲ့ယုံကြည်ခြင်းကိုကိုယ်ကိုကိုယ်သံသယဝင်စေပါတယ်။

ယုံကြည်သူတချို့က ကျမ်းစကားကိုလွဲမှားစွာခံယူတတ်ကြတာကိုစာရေးသူအနည်းငယ်ထောက်ပြချင်ပါတယ်။ ၁ ပေ ၂:၂၄ မှာ… ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီး ဒဏ်ချတော်များအားဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏။ …
ဒီကျမ်းချက်ကိုဆရာအများက…ယေရှုသင့်အတွက်အကုန်ခံသွားပြီ၊ဒါကြောင့်ယေရှုကိုယုံကြည်လက်ခံရင်အနာရောဂါအကုန်ပျောက်ပြီလို့ဟောပြောတတ်ကြပါတယ်၊အဲတော့ရောဂါရှိတဲ့ယုံကြည်သူအတွက်တော့သရော်တဲ့တရားအဖြစ်သက်ရောက်နေပါတယ်၊ရောဂါရှိနေတဲ့ယုံကြည်သူတယောက်ကယေရှုကိုတကယ်မရလို့လား?ယေရှုကိုယုံကြည်လို့ရောဂါမပျောက်ခဲ့ရင်ကိုယ်ကဘဲတကယ်မယုံခဲ့သလိုလိုပြောတတ်ကြပါတယ်။တကယ်တမ်းဒီကျမ်းချက်ကလူ့ကိုယ်ခန္ဓာကိုပြောခြင်းမဟုတ်ဘဲဝိညာဉ်ရေးရာနဲ့အပြစ်ကိုရည်ညွန်းပြောထားခြင်းဖြစ်ပါတယ်။တကယ်လို့ခန္ဓာကိုပြောခြင်းဖြစ်တယ်ဆိုရင်ဒီနေရာမှာဣဇက်သားယာကုပ်နဲ့တမန်တော်ရှင်ပေါလုကိုသတိယကြပါလို့တိုက်သွန်းချင်ပါတယ်။တယောက်ကသေတဲ့အထိပေါင်တဖက်ထောနက်ထောနက်နဲ့၊တယောက်ကသေတဲ့အထိကိုယ်ခန္ဓာမှာအဆူး(ရောဂါ)နဲ့။ဒီလူတွေကယုံကြည်ခြင်းမရှိဘူးလို့ပြောရဲတဲ့သူမရှိဘူးလို့ထင်ပါတယ်။

ကျမ်းစာမှာဤကဲ့သို့သောတခြားသာဓကများစွာရှိပါသေးတယ်။ဒါကြောင့်ပေါလုက ရောမ ၈း၂၂၊၂၃မှာ …ဤလောကတနိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟုငါတို့သိကြ၏။ထိုမျှမကဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာ ရွေးနှုတ်ခြင်းချမ်းသာကို မြော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။…ဝိညာဉ်တော်ကိုခံပြီးတဲ့ပေါလုတောင်ခန္ဓာရဲ့ချမ်းသာခြင်းကိုမျှော်လင့်တယ်ဆိုတော့…အကယ်၍ယေရှုကိုယုံကြည်လိုက်လို့ကျမ်းမာခြင်း၊အဆင်ပြေခြင်း၊ချမ်းသါခြင်းရနေပြီဆိုရင်ဒီနေရာမှာပေါလုကဒီစကားမျိုးပြောခဲ့မည်မဟုတ်ပါ။

ဒါကြောင့်စာရေးသူပြောချင်တာကကျမ်းစာမှာအနာရောဂါငြိမ်းခြင်းမရှိတာမဟုတ်ပါ၊အနာရောဂါငြိမ်းခြင်းခံရလို့ဘုရားဘုန်းထင်ရှားနိုင်သလိုအနာရောဂါမပျောက်ကင်းခဲ့သော်လည်းဘုရားအသုံးပြုနိုင်တယ်ဆိုတာနားလည်သဘောပေါက်စေချင်လို့ပါ။
နောက်တခုကဧဝံဂေလိပွဲတွေမှာအနာရောဂါငြိမ်းခြင်းအားဖြင့်လူတွေကိုမဆွဲဆောင်သင့်ပါ၊ဒီလိုလုပ်နေလျှင်တရားဟောဆရာတွေကမျက်လှည့်ပြတဲ့သူနဲ့ထူးမခြားနား၊လာရောက်တဲ့သူတွေကလည်းရောဂါကုသခံချင်သူနဲ့ပွဲကြည့်ချင်သူဘဲဖြစ်မည်။အနာရောဂါငြိမ်းခြင်းခံရလို့ယေရှုကိုယုံကြည်လာတယ်ဆိုရင်တနေ့နေ့ပြန်ဖျားလာရင်၊သေချိန်နီးလာရင်ဘုရားကိုပြစ်တင်ပြီးပြန်ဝေးသွားတတ်ပါသည်။အကယ်၍အနာရောဂါငြိမ်းခြင်းမခံရခဲ့လျှင်လည်း ဘုရားမစစ်လို့လော?ကိုယ့်ယုံကြည်ခြင်းမရှိလို့လော?တရားဟောဆရာမတော်လို့လော?ဆိုပြီးအမျိုးမျိုးအတွေးမှားတွေဝင်လာတတ်ပြန်ပါတယ်။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့…
ယုံကြည်သူတွေဟာလောကမှာအသက်ရှင်တုန်းအိုခြင်းနာခြင်းသေခြင်းနဲ့ရင်ဆိုင်ကြရမှာမလွဲမတွေပါ။ဒါပေမဲ့တချိန်မှာအိုခြင်းနာခြင်းသေခြင်းမရှိတဲ့ခန္ဓာပိုင်ဆိုင်ရမဲ့တနေ့ရောက်ရှိလာမယ်ဆိုတာယုံကြည်သူတိုင်းသိထားကြပါ။ဒါပေမဲ့လောကမှာအသက်ရှင်စဉ်ခဏတာမှာဒီလိုအိုခြင်းနာခြင်းသေခြင်းအခက်ခဲပြဿနာများစွာထဲကဘုရားသခင်ရဲ့ကျေးဇူးတော်လုံလောက်စွာပေးသနားခဲ့တယ်ဆိုတာပေါလုအသက်တာကိုကြည့်ခြင်းအားဖြင့်ခွန်အားယူကြပါစို့။