ယုံကြည်သူနှင့်အနာရောဂါငြိမ်းခင်း(၂)
အနာရောဂါငြိမ်းခြင်းနဲ့ပတ်သတ်ပြီးမေးလာကြလို့ဒုတိယအပိုင်းအနေနဲ့ပို့စ်တင်လိုက်ပါတယ်။ခရစ်ယာန်ယုံကြည်မှုမှာအနာရောဂါငြိမ်းခြင်းတန်ခိုးမရှိတာမဟုတ်ပါဘူး၊ရှိပါတယ်၊
သမ္မာကျမ်းစာမှာလဲဟိုးဘိုးဘေးပရောဖတ်ကအစ၊သခင်ယေရှုတိုင်အောင်၊တပည့်တော်များအထိ အနာရောဂါငြိမ်းခြင်းတန်ခိုးတွေအများကြီးမှတ်သားထားတာတွေ့ရပါတယ်။ယနေ့ထိလဲရှိနေပါတယ်။
ဒါပေမဲ့ညီကိုမောင်နှမတို့အနာရောဂါငြိမ်းခြင်းကဘာလို့ရှိနေရတာလဲစဉ်းစားဖူးပါသလား?တနည်းအားဖြင့်ယေရှုခရစ်တော်ကလူတွေကိုဘာလို့အနာရောဂါငြိမ်းပေးခဲ့တာလဲ?အနာရောဂါငြိမ်းပေးပြီးရင်ရှေ့လျှောက်မဖျားတော့ဘူးလား?မသေတတ်တော့ဘူးလား?
မဟုတ်ပါဘူး၊ဖျားတတ်ပါတယ်သေတတ်ပါတယ်၊ဒါဆိုရင်ယေရှုကဘာလို့ဒီခေတ္တအနာရောဂါငြိမ်းခြင်းကိုလူတွေဆီပေးခဲ့တာလဲ?အဖြေကတော့ရှင်းပါတယ်”ထာဝရမသေ၊မနာ၊မအို၊မပျက်ဆီးတဲ့ခန္ဓာ”ကိုရယူစေချင်တဲ့ဆန္ဒရှိစေဖို့ပါ။တနည်းအားဖြင့်ယေရှုပြုတဲ့အနာရောဂါငြိမ်းခြင်းတန်းခိုးတွေဟာလူကိုထာဝရနဲ့ဆိုင်တဲ့အသက်ကိုတောင့်တလာစေဖို့အတွက်ဖြစ်ပါတယ်၊ထာဝရကယ်တင်ခြင်းအတွက်ပါ။ဒါကြောင့်သခင်ယေရှုလူ့ဇာတိလာခံယူခြင်းဟာယာယီခေတ္တခန္ဓာကျန်းမာခြင်းအတွက်အဓိကဟုတ်ဘူး၊အပြစ်သားတွေကိုထာဝရကယ်တင်ဖို့ အဓိကပါ။
သခင်ယေရှုအသက်ရှင်စဉ်ကာလမှာဟောတဲ့ဒေသနာဟာအနာရောဂါငြိမ်းပေးမယ်လာကြပါလို့မဆွဲဆောင်ခဲ့သလို၊တမန်တော်တွေဟောတဲ့ဧဝံဂေလိမှာလဲအနာရောဂါငြိမ်းခြင်းခြင်းခေါင်းစဉ်နဲ့တရားမဟောခဲ့ပါဘူး။ရှင်းရှင်းပြောရရင်သမ္မာကျမ်းစာတအုပ်လုံးမှာအနာရောဂါငြိမ်းပေးခြင်းအားဖြင့်ဆွဲဆောင်ပြီးဧဝံဂေလိလုပ်တာမျိုးမတွေ့ရပါဘူး။ဧဝံဂေလိလုပ်နေရင်းသာကြုံရင်အနာရောဂါငြိမ်းပေးတာဘဲရှိတာပါ။
ဆိုတော့နာရောဂါငြိမ်းခြင်းကအဓိကမဟုတ်ဘူး၊ထာဝရကယ်တင်ခြင်းသာအဓိကပါ။အနာရောဂါငြိမ်းခြင်းအားဖြင့်ဧဝံဂေလိဟောခြင်းမျိုးမဟုတ်ဘဲ၊ဧဝံဂေလိဟောခြင်းအားဖြင့်လူနာတွေကိုကုသပေးလို့ရပါတယ်။ခေတ္တအနာရောဂါငြိမ်းစေတာလဲကောင်းပေမဲ့ဒီခေတ္တသက်သာခြင်းအားဖြင့်ထာဝရချမ်းသာခြင်းကိုဥပေက္ခာပြုစေခဲ့မယ်ဆိုရင်တော့ရင်လေးစရာပါ။လူကိုခေတ္တအနာရောဂါငြိမ်းခြင်းသာမြင်စေပြီးထာဝရကယ်တင်ခြင်းကိုကွယ်စေတာစာတန်ကျော့ကွင်းပါ။
ဒါကြောင့်တရားပွဲတွေမှာယေရှုဟာသင့်ရောဂါကိုကုနိုင်တယ်လို့သာလူတွေကိုဟောတာထက် ဒီခန္ဓာဟာ အပြစ်ကြောင့် အိုနာသေခြင်း ဒုက္ခတွေနဲ့ တွေ့ကြုံရမယ် ဒါကြောင့် ထာဝရမသေတတ်၊မနာတတ်၊မပျက်ဆီးတတ်တဲ့အသက်တာမျိုးကိုပေးနိုင်တဲ့ သူဟာ ကယ်တင်ရှင် ယေရှုခရစ်ပဲ ဖြစ်ကြောင်းရှင်းပြသင့်ပါတယ်။
ဘာကြောင့်လဲဆိုတော့ယေရှုကငါ့နောက်လိုက်သောသူတွေဟာရောဂါအကုန်သက်သာမယ်လို့မပြောခဲ့ပါဘူး၊သမ္မာကျမ်းစာကိုကြည့်တဲ့အခါမှာလဲဘုရားအသုံးတော်ခံတဲ့လူတချို့တွေဟာရောဂါရှိသူတောင်ရှိခဲ့ပါတယ်။ယနေ့များစွာသောတရားဟောဆရာတွေဟာကိုယ့်လက်ဝါးကပ်တိုင်ထမ်းပြီးယေရှုနောက်လိုက်ရမယ်၊ပေးဆပ်မှုရှိတယ်ဆိုတာမျိုးမဟောကြတော့ပဲလူ့အကြိုက်ဖြစ်တဲ့ကျန်းမာချမ်းသာဒေသနာ၊မျိုးစေ့(ငွေကြေးဆိုင်ရာဒေသနာ)ကိုသာဟောနေကြတာဝမ်းနည်းစွာတွေ့နေရပြီ။
ဘုရားသခင်ကဧဝံဂေလိအတွက်နှင့်ရောဂါငြိမ်းခြင်းတန်ခိုးကိုပြကောင်းပြပါလိမ့်မယ် သို့ပေမဲ့အနာရောဂါငြိမ်းစေခြင်းမျိုးနဲ့ဆွဲဆောင်တာတော့လုပ်မှာမဟုတ်ပါဘူး။ဘုရားသခင်ကလူတွေကိုခေတ္တအရာမှာမစွဲလမ်းစေတာကြောင့်ပါ။လူတိုင်းကိုထာဝရအသက်ပေးချင်တဲ့ ဘုရား၊ ပေးနေတဲ့ ဘုရား ဖြစ်ပါတယ်။အဲ့ဒီအရာတွေကို ရဖို့ဆိုရင်တော့ သခင်ယေရှုရဲ့ မိတ်ဆွေ အပြစ်အတွက် လက်ဝါး ကားတိုင်မှာ အသွေးသွန်း အသက်ပေး သဂြိုင်္လ်ပြီး သုံးရက်မြောက်တဲ့နေ့မှာ ရှင်ပြန်ထမြောက်ခဲ့တယ် ဆိုတာကို ယုံကြည်ဝန်ခံ ခြင်းနဲ့ပဲ ရနိင်ပါမယ်။
နောက်ဆုံးအနေနဲ့ပြောချင်တာကတော့၊ယနေ့အနာရောဂါငြိမ်းခြင်းတရားဟောနေတဲ့ဆရာတွေဟာလဲတနေ့အနာရောဂါနဲ့သေရကြမှာပါ။အနောက်တိုင်းကအနာရောဂါငြိမ်းပေးတဲ့ဆရာတချို့တောင်ဆေးရုံတင်ပြီးရောဂါနဲ့ဆုံးသူရှိပါတယ်။ဒါကြောင့်ယေရှုဟာအနာရောဂါငြိမ်းခြင်းကိုအဓိကထားမလုပ်ဆောင်ခဲ့ကြောင်းရှင်းပါတယ်၊အကယ်၍အနာရောဂါငြိမ်းခြင်းဟာဧဝံဂေလိရဲ့တစိပ်တဒေသဖြစ်ရင်ယနေ့တရားဟောဆရာတွေဆေးရုံကိုသာသွားသင့်ပါတယ်၊ယုံကြည်သူမှာလဲရောဂါရှိသူလို့ရယ်မရှိသင့်တော့ပါဘူး။
လူတွေကတော့ ဒီဘဝကောင်းစားဖို့အတွက်ပဲ လိုချင်တပ်မက်ကြပေမယ့်၊ဘုရားကတော့ ပြန်မဆုံးရှုံးနိင်တဲ့ထာဝရအရာကိုပေးနေတာဖြစ်ပါတယ်။
ဒါကြောင့်…
အဓိကနဲ့သာမညခွဲတတ်သောသူများဖြစ်ကြပါစေ။
(၂ကော၄:၁၇ အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။)