ဖခင်များနေ့ဆုတောင်း
ကောင်းကင်ဗိုလ်ခြေထာဝရအဖဘုရား၊ကိုယ်တော်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။
ကိုယ်တော်ဟာကျွန်ုပ်တို့လူသားအားလုံးရဲ့အရင်းအမြစ်၊အံ့သြဖွယ်တိုင်ပင်ဖက်၊တန်ခိုးကြီးသောဘုရားသခင်၊ထာဝရအဘဖြစ်ပါတယ်။ဟာလေလုယာ၊ကိုယ်တော်နာမကမ္ဘာအဆက်ဆက်ဘုန်းကြီးပါစေ။
ကိုယ်တော်၊ဒီနေ့ဟာမြေကြီးပေါ်ကဖခင်များနေ့ဖြစ်ပါတယ်။ကျွန်တော်/မတို့ကိုလောကဖခင်ဆိုတာရှိစေပြီး၊အိမ်ဆိုတဲ့မိသားစုရဲ့နွေးထွေးမှုကို ပေးထားတဲ့အတွက်ကျေးဇူးတင်ပါတယ်။
ဒါကြောင့်ကမ္ဘာ ပေါ်ရှိသမျှဖခင် တွေအတွက်ဆုတောင်းပါတယ်။
တောင်းဆိုမှုမရှိဘဲပေးဆပ်တတ်တဲ့ဖခင် တွေရဲ့မေတ္တာကိုကိုယ်တော်အသိမှတ်ပြုပေးတော်မူပါ။
သားသမီး တွေရဲ့အာခံခြင်းကိုခံရပေမယ့်စိတ်ထဲအငြိုးမထားဘဲနားလည်ပေးခဲ့သူပါ။မရိုမသေပြုခံရရင်တောင်စိတ်ထဲငြီးညူမှုမရှိခဲ့သူပါ။
မျက်ရည်ကျစရာကိစ္စကြုံနေရပေမယ့်ပြုံးပြုံးလေးနဲ့သားသမီးကိုသွန်သင်ဆုံးမခဲ့သူပါ။
ကိုယ်တိုင်စိတ်ညစ်စရာကြုံနေရရင်တောင်သားသမီးကိုနှစ်သိမ့်ပေးနေခဲ့သူပါ။
သူကိုယ်တိုင်မျော်လင့်ချက်ပျောက်နေခဲ့ရင်တောင်သားသမီးကိုအမြဲမျော်လင့်ချက်ပေးနေခဲ့သူပါ။အန္တာရာယ်ကြားထဲကသားသမီးတွေအတွက်သတိရဆုတောင်းပေးနေတတ်သူပါ။သားသမီးတွေကောင်းစားဖို့အခြားသူမသိအောင်တစ်ယောက်ထဲတိတ်တိတ်လေးနဲ့ဖိအားကြိတ်ခံနေခဲ့သူပါ။
ဒါကြောင့်ကိုယ်တော်ဘုရား
ဒီလိုဖခင်တိုင်းကိုကောင်းကြီးပေးပါ၊အသက်ရှည်ကျန်းမာခြင်းပေးပါ၊ငြိမ်သက်ပျော်ရွှင်ခြင်းကိုပေးပါဘုရား။လူဆိုးတွေနဲ့ဝေးကွာစေပြီးကျေးဇူးတော်အားဖြင့်ဖခင်တွေကိုပတ်ရစ်ပေးပါ၊သူတို့ရဲ့ထွက်ခြင်းဝင်ခြင်းသွားခြင်းလာခြင်း၊လုပ်ဆောင်ခြင်းတခုဆီတိုင်းမှာကိုယ်တော်ကွယ်ကာကောင်းကြီးပေးတော်မူပါ။
ဖျားနာခဲ့ရင်ကုသပေးပါ။အားနည်းခဲ့ရင်ခွန်အားဖြည့်ပေးပါ။ကယ်တင်ခြင်းမရသေးရင်ယေရှုဘုရားကိုရရှိစေတော်မူပါ။မဟုတ်မမှန်တာတွေလုပ်မိတဲ့အခါမှာလည်းဆုံးမတော်မူပါဘုရား။
လမ်းမမှားအောင်ကွယ်ကာစောင့်မတော်မူပါ။ကိုယ်တော်ပြန်ကြွလာသည့်တိုင်အောင်သစ္စာရှိသူများဖြစ်စေပါ။
ဖခင်တိုင်းရဲ့မျိုးဆက်အားလုံးကိုလည်းကောင်းကြီးပေးပါ၊မျိုးဆက်တိုင်းသည်ဘုရားကိုရရှိသောသူများဖြစ်စေပါ။ခန္ဓာစိတ်ဝိညာဉ်ဆိုင်ရာ ကောင်းချီးအဆ၃၀-၆၀-၁၀၀ခံရသူများဖြစ်စေပါ။ဟာလေလုယာ။
ဖခင်မရှိတော့တဲ့သားသမီးတိုင်းကိုလည်းကိုယ်တော်နှစ်သိမ့်ပေးတော်မူပါ။ဖခင်ရဲ့စံနမူနာကောင်းကိုအမြဲသိရလျက်စံနမူနာအတိုင်းအသက်ရှင်နိုင်သူများဖြစ်စေပါဘုရား။
ငယ်ငယ်ကတည်းကမိဘမရှိတော့တဲ့မိဘမဲ့ကလေးသူငယ်အားလုံးကိုလည်းဘုရားအတူပါရှိပေးတော်မူပါ။ကောင်းကင်အဖရှိသေးကြောင်းသက်သေပြုတော်မူပါ။
ဖခင်များနေ့မှဖခင်ကိုရိုသေပြခြင်းမဟုတ်ဘဲ၊ဖခင်များနေ့အားဖြင့်ဖခင်ကိုအမြဲတမ်းရိုသေကျေးဇူးဆပ်တတ်သောသားသမီးများဖြစ်စေတော်မူပါ။
ကျေးဇူးတော်ကိုချီးမွမ်းလျက်
ဖခင်များအားလုံးအတွက်ဆုတောင်းတဲ့အခါမှာ၊ကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းကြပါသည်အဖဘုရား၊အာမင်။