• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

တနင်္ဂနွေနေ့မှာမိခင်/ဖခင်များနေ့လုပ်တာမှားသလား?

ဆရာရဲမင်း

10 月 16, 2024

တနင်္ဂနွေနေ့မှာမိခင်/ဖခင်များနေ့လုပ်တာမှားသလား?

၁။မိခင်ဖခင်များနေ့ဟာမိဘကိုရိုသေတတ်ဖို့တွန်းအားပေးနေတာလေ၊ရုပ်တုကိုးကွယ်ဖို့အပြစ်လုပ်ဖို့တွန်းအားပေးနေတာမဟုတ်ဘူးဗျ။ဒါကိုအစာမကြေရင်စာတန်ဝင်နေသလားဆင်ခြင်ကြည့်။

၂။မိခင်ဖခင်များနေ့ကကျမ်းစာထဲလုပ်ပါလို့အတိကျမဖော်ပြထားပေမဲ့၊မိဘကိုရိုသေဖို့ကျမ်းစာထဲအများကြီးဖော်ပြထားတယ်လေဗျာ။မိခင်ဖခင်များနေ့ဆိုတာမိဘကိုရိုသေဖို့သတိပေးနေတာပါဘဲ။မိဘကိုရိုသေခြင်းဟာဘုရားအလိုတော်ဘဲလေဗျာ။

၃။မိခင်ဖခင်များနေ့ကတနင်္ဂနွေမို့လို့ဘုရားနေရာအစားမထိုးနဲ့ပြောရအောင်ဘယ်ခရစ်ယာန်ကမိခင်များနေ့မှာမိခင်ကိုကိုးကွယ်နေကြလို့လဲကွယ်?ခရစ်ယာန်တိုင်းလိုလိုမိခင်ဖခင်များနေ့မှာဘုရားကိုဝတ်ပြုကိုးကွယ်နေကြတာဘဲလေဗျာ။မိခင်အားဖြင့်အသက်ရှင်တဲ့ဘုရားကိုသာ၍သိစေဖို့ဘဲလေဗျာ။

၄။အမှုတော်ဆောင်တွေတနင်္ဂ‌နွေနေ့မှာ-ဟိုနေ့ဒီနေ့သမိုင်းကြောင်းပြောရင်ဘုရားစကားပြောဖို့အချိန်တောင်ရမှာမဟုတ်ဘူးပြောသူတချို့ရှိပြန်တယ်။အဲလိုခံယူရင်နေ့တိုင်းတရားဟောလေဗျာ။တပတ်(၇)ရက်ထဲကတနင်္ဂနွေနေ့မှတရားဟောရမယ်၊ကျန်တဲ့နေ့ဆိုရင်ဟောစရာမလိုဘူးလို့ခံယူနေတာကမှတကယ့်ပြဿနာပါ။

၅။တနင်္ဂနွေနေ့ဟာဘုရားကိုဝတ်ပြုရာနေ့မို့မိခင်ဖခင်များနေ့မလုပ်ရဘူးဆိုသူတွေအတွက်သတိထားရမှာက၊သင်ကဘုရားသခင်ကိုတနင်္ဂနွေနေ့တရက်ဘဲဝတ်ပြုတာလားဆင်ခြင်ပါ။ဒါဆိုရင်သင်ကိုယ်တိုင်နောင်တရဖို့လိုတယ်။ဘုရားကိုဝတ်ပြုကိုးကွယ်တယ်ဆိုတာနေ့တိုင်းအချိန်ရှိတိုင်းတိုးဝင်နေရတာပါ။

၆။အသင်းတော်တော်မှာနေ့ထူးနေ့မြတ်တွေမလုပ်ရင်ကောအပြစ်ရှိလားဆိုတော့အပြစ်မရှိဘူးဗျ။လုပ်ရင်ကောအပြစ်ရှိလားဆိုတော့အပြစ်မရှိတဲ့အပြင်ဘုရားသခင်ရဲ့အလိုတော်နဲ့ဘုန်းတော်တောင်ထင်ရှားတဲ့အရာဖြစ်တယ်‌ဗျ။
ဒါကြောင့်မလုပ်ချင်ရင်မလုပ်ပါနဲ့ဗျ။ပြဿနာမရှိဘူး။
ဒါပေမဲ့လုပ်နေသူကိုဟိုလိုဆန့်ကျင်ဒီလိုဆန့်ကျင်မလုပ်ပါနဲ့စာတန်ဝင်ပြီးအပြစ်ရှိသွားနိုင်ပါတယ်။

၇။မိခင်များနေ့တစ်ရက်ဘဲဗန်းပြဘာညာပြောနေသူလဲရှိပြန်ပါတယ်။မိခင်များနေ့တစ်ရက်လေးတောင်ဗန်းမပြနိုင်တဲ့သူနဲ့စာရင်အဲဒီနေ့ကနေမိခင်ကိုသိတတ်လာသူကမှပိုသာပါတယ်ဗျာ။မိခင်များနေ့ဆိုတာအဲဒီတစ်ရက်ဘဲရိုသေရင်ရပြီလို့မသက်ရောက်ပါဘူး၊မိခင်များနေ့ဆိုတာမိဘကိုရိုသေနေပြီလားဆိုတဲ့သတိပေးသံသာဖြစ်ပါတယ်။အဲဒီနေ့အားဖြင့်မိဘကျေးဇူးကိုသိပြီးနေ့တိုင်းမိဘကိုရိုသေတတ်အောင်တွန်းအားပေးတဲ့နေ့သာဖြစ်ပါတယ်။

၈။မိဘမဲ့တွေ၊မိခင်မရှိတော့တဲ့သူတွေ၊‌မွေးကတည်းကစွန့်ပစ်ခံရသူတွေအတွက်မိခင်များနေ့ကဟာသတခုလိုဘဲလို့စောဒကတက်သူလဲရှိပါသေးတယ်။ဒီဆရာကြီးတွေကိုပြောပြချင်တာကမွေးလာပြီဆိုကတည်းကမိခင်ကောင်းကောင်းမကောင်းကောင်း၉လလွယ်၁၀လဖွားမွေးကျေးဇူးရှိနေတာသတိရပါ။ဘယ်သူမှဂဲလုံးကပေါက်လာသူမရှိဘူးဗျ၊အမေ့ဗိုက်ထဲကထွက်လာကြသူတွေဘဲလေ။မိခင်မကောင်းခဲ့ရင်တောင်မိခင်ကျေးဇူးကင်းသူဘယ်သူမှမရှိဘူးဗျ။မိခင်‌မွေးကျေးဇူးသိချင်ရင်ဂဲလုံးကြီးတစ်လုံးကိုဗိုက်မှာ၉လလောက်ထမင်းစား‌-ရေချိုး-အိပ်ယာဝင်-အိမ်သာသွား-မချဘဲချည်ထားကြည့်ဗျ။သိလာမယ်။နောက်ပြီးအဲလိုမိဘမဲ့နဲ့စွန့်ပစ်ကလေးတွေအတွက်အသင်းတော်မှာကလေးများနေ့ဆိုတာရှိသေးကြောင်းလဲမမေ့ကြပါနဲ့ဗျ။နောက်ဆုံးမိဘတွေစွန့်ခဲ့ရင်တောင်မိခင်များနေ့အားဖြင့်ဘုရားသခင်မေတ္တာကိုခံစားနားလည်စေလို့ရပါသေးတယ်လေဗျာ။

ကျွန်တော်(ဆရာရဲမင်း)ကနေ့ထူးနေ့မြတ်မလုပ်သူကိုအပြစ်မမြင်သလို၊လုပ်နေသူကိုလည်းဘုရားဘုန်းတော်ထင်ရှားဖို့နဲ့လူတွေကိုဘုရားစကားသွန်သင်ပေးနေတာဆိုရင်သာ၍အားပေးပါတယ်။

‭ဧဖက်၆:၁-၃ သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကား ကိုနားထောင်ခြင်းအမှုသည် တရားသောအမှု ဖြစ်၏။မိဘကို ရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မည်အကြောင်း ဟူ၍ ကတိတော်နှင့်ဆိုင်သော ပထမပညတ်ဖြစ်၏။
‭၁ကော ၁၀:၃၁ သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကို ပြုသော်လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။
ဝိညာဉ်တော်အလင်းပေးပါစေ။