• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မိန်းမတွေတရား‌မဟောရကျမ်းချက်ဖြေရှင်းခြင်း

ဆရာရဲမင်း

11 月 20, 2024

မိန်းမတွေတရား‌မဟောရကျမ်းချက်ဖြေရှင်းခြင်း

တချို့ကဒီကျမ်းချက်ကိုလက်ကိုင်ပြီးမိန်းမတွေသင်းအုပ်မလုပ်ရကြောင်း၊တရားမဟောရကြောင်းခံယူထားကြပါတယ်။
‭‭၁ကော၁၄:၃၄-၃၅ သင်တို့၏ မိန်းမတို့သည် အသင်းတော်၌ တိတ်ဆိတ်စွာ နေကြစေ။ သူတို့သည် ဟောပြောရသော အခွင့်မရှိကြ။ ပညတ်တရားစီရင်သည်အတိုင်း သူတို့သည်ယောက်ျား၏အုပ်စိုးခြင်းကို ဝန်ခံရကြမည်။မိန်းမတို့သည် တစ်စုံတစ်ခုကိုသင်လိုလျှင်၊ အိမ်၌ မိမိခင်ပွန်းတို့ကို မေးမြန်းကြစေ။ မိန်းမသည် အသင်းတော်၌ ဟောပြောလျှင် ရှက်ဖွယ်သောအကြောင်း ဖြစ်၏။
‭‭၁ တိ၂:၁၁-၁၂‬ မိန်းမသည် အုပ်စိုးခြင်းကို အစဉ်ဝန်ခံ၍ တိတ်ဆိတ်စွာသင်စေ။မိန်းမသည် ဆုံးမဩဝါဒပေးခြင်း၊ ယောက်ျားကို အစိုးတရပြုစေခြင်း အခွင့်ကိုငါမပေး။ သူသည် တိတ်ဆိတ်စွာ နေအပ်၏။
အကယ်၍ဒီကျမ်းချက်ကိုနောက်ခံ(ရေခံမြေခံ)အကြောင်းအရာမလေ့လာဘဲဒီတိုင်းခံယူမယ်ဆိုရင်
၁။မိန်းမတွေတရားမဟောရဘူး။
၂။ကျမ်းစာ‌ကျောင်းမတက်ရဘူး၊အမှုတော်ဆောင်မလုပ်ရဘူး(ဟောပြောခွင့်မှမရတာ)။
၃။ကျမ်းစာသိချင်ရင်တောင်မမေးရဘူး၊အိမ်ကယောကျားကိုဘဲမေးရမယ်။
၄။ယုံကြည်သူစုဝေးတဲ့ဝတ်ပြုမှုတိုင်းမှာမိန်းမတွေဟာပါးစပ်ပိတ်ပြီးနေရမယ်(အသင်းတော်ဆိုတာယုံကြည်သူစုဝေးတဲ့နေရာမို့)။
၅။မိန်းမတွေစကားတောင်ပြောခွင့်မရ(တိတ်နေပါပြောလို့)
၆။ဧဝံဂေလိတောင်ပြုခွင့်မရှိတော့ဘူး(ဧဝံဂေလိမှာအပြစ်ကိုဖော်ပြခြင်းဆုံးမခြင်းပါနေလို့)။
၇။သီချင်းဦးဆောင်တာမျိုး၊အလှူငွေဆက်ကပ်တာမျိုးတောင်မလုပ်ရတော့ဘူး(အသင်းတော်မှာတိတ်နေရမယ် ပါနေလို့)။

သတိထားပါ၊ဒီကျမ်းချက်ကိုဒီအတိုင်းခံယူရင်ဒီလိုသက်‌ ရောက်မယ်
၁။ပလ္လင်ပေါ်နဲ့ပလ္လင်အောက်မခွဲထားဘူး၊ဒါကြောင့်မိန်းမတွေပလ္လင်ပေါ်တော့တက်မဟောရဘူး၊ပလ္လင်အောက်တော့ဟောခွင့်ရှိတယ်ဆိုတာမျိုးကရှေ့နောက်မညီတဲ့ခံယူချက်ပါ။
၂။ဆန်းဒေးစကူးနဲ့စုပေါင်းဝတ်ပြုဆိုပြီးမခွဲထားဘူး၊ဒါကြောင့်မိန်းမတွေစုပေါင်းဝတ်ပြုမှာတရားမဟောရဘူး၊ဆန်းဒေးစကူးမှာ‌ တော့ဟောခွင့်ရှိတယ်ဆိုတာမျိုးက ရှေ့နောက်မညီတဲ့ခံယူချက်ပါ။
၃။အသင်းတော်ကိုယ်စားပြုတဲ့နေရာနဲ့ ယုံကြည်သူ တွေစုဝေးတဲ့နေရာမခွဲထားဘူ။ဒါကြောင့်မိန်းမတွေအသင်း တော်ဘုရားကျောင်းဝတ်ပြုမှာတရားမဟောရဘူး၊အပြင်မှာတော့သင်တန်းပေးလို့ရတယ်ဆိုတာမျိုးကရှေ့နောက်မညီတဲ့ခံယူချက်ပါ။
၄။အမျိုးသားကိုအစိုးတရမပြုရဘူးလို့ဖော်ပြထားပေမဲ့အမျိုးသမီးအချင်းချင်းအစိုးတရပြုလို့ရပြီလို့ကျမ်းစာကမဖော်ပြထားဘူး။ဒါကြောင့်မိန်းမတွေယောကျားတွေကိုတော့မသွန်သင်ရဘူး၊မိန်းမအချင်းချင်းဘဲသွန်သင်လို့ရတယ်ဆိုတာမျိုးက ရှေ့နောက်မညီတဲ့ခံယူချက်ပါ။
၅။အကယ်၍အထက်ပါကျမ်းချက်ကို နောက်ခံအ ကြောင်းရင်းမလေ့လာဘဲဒီတိုင်းခံယူမယ်ဆိုရင်ယနေ့မိန်းမတွေအကုန်(မည်သူမဆို)ယုံကြည်သူစုဝေးတဲ့ဝတ်ပြုမှုတိုင်းမှာ ပါးစပ်ပိတ်ပြီး တိတ်နေရပါလိမ့်မယ်။တချို့ကဒီကျမ်းချက်ကိုယူပြီး ရှေ့နောက်မညီကျင့်သုံး နေလို့ဒါ တွေသတိပြုမိ အောင်ထောက်ပြခြင်းပါ။

အမှန်တော့ဒီကျမ်းချက်တွေမှာအဲဒီခေတ်ကာလရဲ့ရေခံမြေခံနောက်ကြောင်းအရာရှိပါတယ်။
ပထမဦးဆုံးသတိထားရမှာကရှင်ပေါလုက တစ်နေရာမှာမဟောရ( ၁ကော၁၄:၃၄)ဆိုပြီးနောက်တစ်နေရာမှာဟောရင်ခေါင်းဖုံးရမယ်(၁ကော၁၁:၅)လို့ပြောထားပြန်တာသတိပြုပါ။ဆိုလိုချင်တာကမဟောရမဟုတ်ဘူး၊တချို့လူကိုသာသီးသန့်ကတ်သတ်နေတာသတိပြုမိရပါမယ်။
ရေခံမြေခံယာဉ်ကျေးမှုအရအဲဒီခေတ်ယုံကြည်သူတွေမှာ
၁။အချင်းချင်းနမ်းပြီးနူတ်ဆက်ရမယ်(၁ကော၁၆:၂၀)
၂။ခြေထောက်ဆေးပေးရမယ်(၁တိ၅:၁၀)
၃။ဧည့်သည်ဝတ်ကိုမပြုရင်မရပါ(ဟေဗြဲ၁၃:၂)
၄။မိန်းမ‌တွေခေါင်းဖုံးထားရမယ်(၁ကော၁၁:၆)
၅။ယောကျားတွေခေါင်းဖုံးလို့မရဘူး(၁ကော၁၁:၄)အခုခေတ်ကျမ်းစာကျောင်းဘွဲ့ယူရင်ဒုက္ခ။

သတိပြုရမှာကဒီအရာတွေဟာအဲဒီခေတ်ကာလရဲ့ရေခံမြေခံယဉ်ကျေးမှုကိုအသင်းတော်ထဲကျင့်သုံးလာခြင်းဖြစ်ပါတယ်။ဒါဟာယုံကြည်ခြင်းကယ်တင်ခြင်းနဲ့အပြစ်ရှိခြင်းမရှိခြင်းနဲ့မဆိုင်ပါ။ဒါကြောင့်ခေတ်ကာလရဲ့ရေခံမြေခံယဉ်ကျေးမှုကိုယနေ့ခေတ်အသင်းတော်တိုင်းအဲလိုလိုက်နာရမယ်လို့ပြောလို့မရပါ။မဟုတ်ရင်ပထမတချက်နဲ့တင်ခရစ်ယာန်တိုင်းငြိနေပါလိမ့်မည်။
ကောရိတ္ထုအသင်းတော်ရေခံမြေခံကိုလေ့လာကြည့်ရင်၊တကယ်တော့ ရှင်ပေါလုရဲ့ဒီစကားတွေဟာကောရိတ္ထုအသင်းတော်ကတချို့အမျိုးသမီးငမိုက်တွေအတွက်ချမှတ်ထားတာလေးပါ။ဒီစကားကလဲကောရိတ္ထုအသင်းတော်ထဲကပြသနာအများကြီးထဲကတချို့ပါ။အမျိုးသမီးတွေသမ္မာတရားအရသေချာပြောရင်ရနိုင်ပါတယ်။ယနေ့အသင်းတော်မှာလဲကောရိတ္ထုအသင်းတော်ထဲကအမျိုးသမီးတွေလိုရမ်းကားလာရင်တော့လုံးဝမပြောဖို့တားမြစ်လို့ရပါတယ်။သင်းအုပ်ပေါ်မူတည်ပါတယ်။
ဆိုတော့ဒါဟာကောရိတ္တုအသင်းတော်ထဲကအမျိုးသမီးငမိုက်တချို့ကိုသာကန့်သတ်တဲ့စည်းကမ်းဆိုတာသိနိုင်ပါတယ်။

နောက်တခုက၁တိ၂:၁၂ကအရာ
၂တိ၃:၆-၇မှာသမ္မာတရားကိုဆန့်ကျင်ပြီးယောင်္ကျားခေါင်းဆောင်မှုကိုမလိုလားတဲ့မိန်းမမိုက်တွေရှိလို့အဲလိုပြောရကြောင်းပက်ဂရောင်းပါနေပါတယ်။နော့စတီအယူဝါဒဖြစ်တဲ့အာဒံအပြစ်လုပ်လို့မိန်းမတွေအားလုံးအပြစ်ရှိသူဖြစ်သွားတာဆိုပြီးအသင်းတော်ထဲမိန်းမတွေရမ်းကားလာလို့ပေါလုကဖန်ဆင်းခြင်းကိုထပ်ရှင်းရတဲ့အထိဖြစ်ခဲ့ရပြီးအမျိုးသမီးကိုအသင်းတော်မှာကန့်သတ်ချက်ထုတ်ပြန်ရတဲ့အထိဖြစ်ခဲ့ရတာပါ။နောက်တခုကယောကျားဝါဒီကြီးဆိုးတဲ့ကာလမှာအမျိုးသမီးတွေဟာယုံကြည်သူဖြစ်လာပြီးခရစ်တော်၌ကျား/မ တန်းတူဆိုတာသိလာရတဲ့အခါအသင်းတော်မှာစည်းမဲ့ကမ်းမဲ့မေးမြန်းငြင်းခုန်လာကြလို့ ပေါလုကကန့်သတ်တာဖြစ်ပါတယ်။

ဒါကိုယနေ့အသင်းတော်ထဲကအမျိုးသမီးတိုင်းတရားမဟောရလို့တော့မသက်ရောက်ပါ။ဒီကန့်သတ်ချက်ဟာ သူ့ခေတ်သူ့ခါကတချို့အမျိုးသမီး တွေကိုသာကန့်သတ်ခဲ့ကြောင်းနားလည်ရပါမယ်။ဒါကြောင့်ယနေ့အသင်းတော်မှာအမျိုးသမီးမှမက ကလေးတွေပါပလ္လင်ပေါ်ဘုရားအသုံးပြုနိုင်ပါတယ်။ ၁ကော၁၂:၉-၁၁မှာ ပရောဖက်ပြုခြင်းဆု ကျေးဇူး(မူရင်းမှာတရား‌ဟောခြင်းပါဝင်) ကိုဝိညာဉ်တော်ဘုရားက ကျား/မ မရွေးလူတိုင်းကိုသူ့အလို‌ တော်တိုင်းချ ပေးကြောင်းဖော်ပြထားတာသတိပြုပါ။
မှန်ပါတယ်၊ ခေါင်းဆောင်နေရာမှာအမျိုးသား တွေကိုဘုရားတာဝန်ပေးထားတာ။ဒါပေမဲ့အမျိုးသမီး တွေကိုလည်းခေါင်းဆောင်နေရာဘုရားမသုံးနိုင်ဘူး၊ဘုရားစကားကအမျိုးသမီးက‌နေမလာဘူး၊ဒါကြောင့်အမျိုးသမီးတွေတရားမဟောရဘူးလို့ခံယူရင်ဘုရားတတ်နိုင်ခြင်းတန်ခိုးကိုသင်ကန့်သတ်ရာရောက်ပါလိမ့်မယ်။

သမိုင်းတစ်လျှောက်အမျိုးသမီးကိုခေါင်းဆောင်နေရာမှာဘုရားသခင်အသုံးပြုခဲ့တာပါ၊အခုခေတ်မှမဟုတ်ပါဘူး။
၁။တရားသူကြီး ဒေဗောရဆိုရင် ဣသရေလလူကျား/မ ‌‌‌‌‌‌‌‌‌‌‌‌‌‌မရွေးကို ဘုရားစကားနဲ့ တရားစီရင်သူ၊ဆုံးမသူ၊ လမ်းပြသူ၊ဦးဆောင်သူပါ။သူမဟာပရောဖက်ဖြစ်ရုံမကဣသရေလတမျိုးသားလုံးကိုစီရင်ဖို့ဘုရားရွေးကောက်ခဲ့တဲ့အမျိုးသမီးဖြစ်ပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့်အမျိုးသမီးတွေဟာအမျိုးသားကိုဘုရားစကားနဲ့ဆုံးမသွန်သင်လို့ရကြောင်းသက်သေပါဘဲ။
၂။ပရောဖက်မိရိအံကိုလည်းသတိရပါ။ပရောဖက်ဆိုတာဘုရားစကားကိုတဆင့်ပြောတဲ့သူပါ။ကျမ်းစာထဲမှာအမျိုးသမီးပရောဖက်တွေဟာအမျိုးသားကိုပရောဖက်မပြုရဘူးလို့မကန့်သတ်ထားပါဘူး။ဘုရားပြောခိုင်းတဲ့စကားထဲမှာဆုံးမသွန်သင်ခြင်းပါဝင်နေမှာမို့‌အမျိုးသမီးပရောဖက် တွေဟာအမျိုးသားတွေကိုဘုရားစကားဟောလို့ရကြောင်းသက်သေပါဘဲ။
၃။ပရောဖက်မ ဟုလဒကိုသတိရပါ။သူဟာဓမ္မဟောင်းခေတ်ကာလမှာရှင်ဘုရင်ယောရှိကိုဘုရားစကားတဆင့်ဟောခဲ့ရသူပါ။သူ ဟောခဲ့တဲ့အမျိုးသားဟာသာမန်အမျိုးသားမဟုတ်ပါဘူး၊ရှင်ဘုရင်ကိုဟောတာပါ။
၄။ဧသတာကိုလည်းသတိရပါ။သူမဟာဣသ‌ ရေလတမျိုးလုံးကိုကယ်တင်ဖို့၊ဘုရားရွေးကောက်ခံရတဲ့အမျိုးသမီးပါ။နောက်ပိုင်းပုရနေ့ပြုလုပ်ဖို့ဣသရေလပြည်သူတိုင်း(ယောကျားအပါအဝင်)ကိုစာရေးပေးလိုက်ခြင်းဟာ၊အမျိုးသမီးတွေကလည်းဘုရားစကားနဲ့အညီအမျိုးသားများကိုအမိန့်ပေးလို့ရကြောင်းသက်သေပါဘဲ။
၅။ဓမ္မသစ်တမန်၂၁:၉အရသာသနာပြုဆရာဖိလိပ္ပုမှာပရောဖက်ပြုတဲ့သမီး၄ယောက်ရှိတာသတိပြုပါ။ပရောဖက်ပြုတယ်ဆိုတာ ကျား/မ မရွေးဘုရားစကားကိုတဆင့်ခံပြောခြင်းဖြစ်ပါတယ်။
၆။တမန်၁၈:၂၆မှာ အာပေါလုကို ပြစ်ကိလနဲ့အာကုလဆိုတဲ့လင်မယားကနေသင်တန်းပေးခဲ့တာသတိရပါ။(ဒီမှာမိန်းမလုပ်တဲ့သူကအာပေါလုကိုတောင်သင်တန်းပေးသွန်သင်ခဲ့ပါတယ်)။

ဝန်ခံရမှာကအမျိုးသမီးတွေဟာအမျိုးသားနဲ့ယှဥ်ကြည့်ရင်အနည်းစုသာ(ချွင်းချက်အနေနဲ့သာ)ကျမ်းစာမှာရှိခဲ့တာမှန်ပါတယ်။ဒါ‌ပေမဲ့သတိထားရမှာကအနည်းစုဆိုရင်လဲရှိခဲ့တာပါဘဲ။ဒါကြောင့်မိန်းမတွေကိုခေါင်းဆောင်နေရာဘုရားမသုံးနိုင်ဘူးလို့ယတိပြတ်ကန့်သတ်ပြီးပြောမရနိုင်တာပါ။ဘုရားသခင်ကဘယ်သူ့ကိုရွေးကောက်အသုံးပြုတာသူ့အလိုတော်ပါ၊လူတွေလိုက်မကန့်သတ်သင့်ကြောင်းပါ။
ဒီလောက်အရှည်ကြီး‌ရှင်းပြ‌ခဲ့တာအမှန်တော့တခုဘဲပြောချင်တာပါ။အမျိုးသမီး တွေလည်းတရားဟောခွင့်ရှိ ကြောင်းပါ။အမျိုးသားတွေကိုဘုရားကဦးဆောင်တဲ့နေရာမှာချထားပေးတာမှန်တယ်၊လက်ခံတယ်။ဒါပေမဲ့အမျိုးသမီးတွေကိုဘုရားကခေါင်းဆောင်နေရာအသုံးမပြုနိုင်ဘူးလို့မကန့်သတ်လိုက်နဲ့ဆိုတာပါဘဲ။
အကယ်၍အမျိုးသမီးတရားမဟောရဘူးခံယူရင်(အမျိုးသမီးသင်းအုပ်မလုပ်ရဘူးခံယူရင်)လွတ်လပ်စွာခံယူပါ။ဒါလူတိုင်းလွတ်လပ်ခွင့်ရှိပါတယ်။ကယ်တင်ခြင်းကိုမထိခိုက်သလို၊အသက်တာကိုလည်းမထိခိုက်ပါဘူး။အမျိုးသားတရားဟောတဲ့အသင်းတော်မှာဘဲပါဝင်ပါနားထောင်ပါ၊အမျိုးသမီးတရားဟောတာ‌တွေ့ရင်ရှောင်လိုက်ပါ။ဒီလိုမဟုတ်ဘဲအကယ်၍သင်ကအမျိုးသမီးတရားဟောတာကိုလက်မခံရုံမက၊အပြစ်ရှိကြောင်းပါလိုက် ဝေဖန်ပြောဆိုနေတယ်ဆိုရင်အစွန်းရောက်သွားပါပြီ။အဲလိုအစွန်းရောက်နေရင်ဒီစာကိုဖတ်ပြီးတာနဲ့ကျနော့ကိုပါဘလော့သွားလိုက်ပါ။