အမျိုးသမီးသင်းအုပ်ဆိုင်ရာငြင်းခုံမှုပြိုင်အားနှစ်ခု
နိဒါန်း
အမျိုးသမီးတွေသင်းအုပ်လုပ်ခွင့်ရှိမရှိ၊သိက္ခာတင်လို့ရမရဆိုတဲ့ငြင်းခုန်မှုဟာအခုမှပေါ်လာတာမဟုတ်ပါဘူး။ဓမ္မပညာလောကမှာနှစ်ရာချီနဲ့ငြင်းခုန်လာခဲ့ကြတဲ့အရာဖြစ်ပါတယ်။ဒီလိုငြင်းခုန်မှုထဲမှာလက်ခံသူနဲ့လက်မခံသူအဖွဲ့နှစ်ဖွဲ့ကွဲကြပါတယ်။အထူးသဖြင့်ကြီးမားတဲ့ခံယူမှုနှစ်ခုဖြစ်တဲ့Complementarianismဆိုတဲ့ဖြည့်စွက်ဝါဒနဲ့Egalitarianismဆိုတဲ့သာတူညီမျှဝါဒဟာဒီခေါင်းစဉ်အောက်မှာရှိနေတဲ့အဓိကပြိုင်အားနှစ်ခုဖြစ်ပါတယ်။ဒီပြိုင်အားနှစ်ခုထဲမှာသူ့အဖွဲ့နဲ့သူဓမ္မညာရှင်ကြီးတွေပါဝင်နေတာတွေ့ရမှာပါ။သတိပြုရမှာကConservatismထဲမှာတောင်ဒီမတူတဲ့ခံယူမှုနှစ်မျိုးရှိနေကြပါတယ်။
၁။ဖြည့်စွက်ဝါဒ(Complementarianism)
ကျား/မ တန်းတူအခွင့်ရှိပေမဲ့၊အိမ်ထောင်နဲ့အသင်းတော်မှာတော့ဘုရား ပေးတာဝန်မတူတာမို့အချင်းချင်းဖြည့်ဆည်းဆက်ကပ်ရမယ်လို့ခံယူပါတယ်။ဒါကြောင့်အမျိုးသမီးတွေအမျိုးသားအုပ်ချုပ်မှုအောက်နေရမယ်။အမျိုးသမီးသင်းအုပ်မလုပ်ရဘူး။
ဒီအဖြည့်ဝါဒကိုဓမ္မပညာရပ်သုံးစကားက
The Council on Biblical Manhood and Womanhoodဖြစ်ပြီးခံယူမှုကိုလက်ခံဟောကြားတဲ့အဓိကထောက်တိုင်ကတော့ဓမ္မပညာရှင်ကြီးWayne Grudemဖြစ်ပြီး၊သူ့ရဲ့Systematic Theologyစာအုပ်ဟာဓမ္မပညာလောကမှာမသိသူရှားပါတယ်။
ကျန်တဲ့ထောက်ခံသူဓမ္မပညာရှင်များကတော့
Desiring Godရဲ့စာရေးသူJohn Piper,
Redeemer Presbyterian ChurchကTim Keller,
Grace Community ChurchကJohn MacArthur,
Regent CollegeကဆရာကြီးJ. I. Packer,
Evangelical Theological SocietyကD. A. Carson,
Reformed Theological Seminar ကျောင်းအုပ်Ligon Duncan,
Southern Baptist Theological Seminaryရဲ့ ကျောင်းအုပ်Albert Mohler,
Reformed Theologicalရဲ့ဂုရုကြီးပြောလို့ရတဲ့R. C. Sproul စသဖြင့်ရှိကြပါတယ်။
၂။သာတူညီမျှဝါဒ(Egalitarianism)
ကျား/မ တန်းတူဖြစ်ကြောင်းလက်ခံရုံမက၊အသင်းတော်ထဲမှာအမျိုးသားကိုဘုရားဘယ်လိုအသုံးပြုရင်အမျိုးသမီးကိုလည်းထို့အတူအသုံးပြုနိုင်ကြောင်းခံယူပါတယ်။ဒါကြောင့်အမျိုးသမီးသင်းအုပ်၊သိက္ခာတင်တာကအစအကုန်လက်ခံထားကြပါတယ်။
ဒီသာတူညီမျှဝါဒကိုဓမ္မပညာရပ်မှာChristians For Biblical Eauality လို့သုံးကြပြီး၊ဒါကိုခံယူထောက်ခံဟောပြောတဲ့အဓိကထောက်တိုင်ကဓမ္မပညာရှင်ကြီးMillard Ericksonဖြစ်ပြီး၊သူ့ရဲ့Christian Theologyဆိုတဲ့စာအုပ်ဟာBest Commentariesဓမ္မပညာစာအုပ်စင်မှာနှစ်တိုင်းလိုလိုထိပ်ဆုံးကနေရပ်တည်နေပါတယ်။
တခြားအလားတူထောက်ခံတဲ့ဓမ္မပညာရှင်တွေကတော့
Trinity Evangelical Divinity Schoolရဲ့ကျောင်းအုပ်David Pao,
ဓမ္မသစ်ကျမ်းပညာရှင်N.T. Wright,
ဆုံးသွားပြီဖြစ်တဲ့ဓမ္မသစ်ပညာရှင်Gordon Fee
Baylor UniversityကဆရာRoger E. Olson,
Asbury Theological Seminaryကကျောင်းဆရာCraig Keener,
ဆုံးသွားပြီဖြစ်တဲ့ဓမ္မပညာရှင်F. F. Bruce,
Gordon Conwell Theological Seminaryရဲ့ကျမ်းစာကျောင်းအုပ်လုပ်ခဲ့ဖူးသူWalter C. Kaiser Jr.,
ကျမ်းစာအနက်ပြန်ပညာရှင်Grant R. Osborne
စသဖြင့်ပါဝင်ကြပါတယ်။
၃။ဂိုဏ်းဂဏများရဲ့အမြင်မတူမှုများ
အမျိုးသမီးသင်းအုပ်လုပ်ခွင့်သိက္ခာတင်ခွင့်ကိုမတူညီတဲ့ခရစ်ယာန်ဂိုဏ်းဂဏမှာလဲအလားတူအမြင်ကွဲပြားကြပါတယ်။အောက်ပါစာရင်းကတော့အွန်လိုင်းပေါ်ကစစ်တမ်းတခုရဲ့အဖြေပါ
(၁)မက်သဒစ် ၉၄% ထောက်ခံ။
(၂)အေဂျီ၊ဖူးကိုစပယ် ၇၈% ထောက်ခံ။
(၃)ဘရက်ပေးတီးရီးရမ်းနှင်ရဖော်မာ ၇၇%ထောက်ခံ။
(၄)လုသာရင် ၄၇% ထောက်ခံ။
(၅)ဂိုဏ်းဂနမခွဲ ၄၃% ထောက်ခံ။
(၆)နှစ်ခြင်း ၁၄% ထောက်ခံ(မြန်မာပြည်နှစ်ခြင်းက၈၀%လောက်ထောက်ခံမှုရှိ)။
ဂိုဏ်းဂဏအသီးသီးရဲ့ရာခိုင်နုန်းကိုစုပေါင်းကြည့်ရင်၅၅% ကထောက်ခံထားကြပြီး၊ကျန်၄၅%ကကန့်ကွက်သူနဲ့ကြားနေသူတွေဖြစ်ပါတယ်။
၄။ဒါဆိုရင်ဘယ်လိုခံယူမှမှန်မှာလဲ?
ဒီပြဿနာဟာနှစ်ရာချီငြင်းခုန်လာတဲ့အရာဖြစ်ပြီး၊ငြင်းခုန်မှုတိုင်းမှာဘာအကျိုးမှမဖြစ်စေခဲ့ဘဲကွဲပြားမှုသာဖြစ်တည်စေခဲ့တာသတိပြုပါ။
အရောင်းရဆုံးစာအုပ်(The purpose Driven life)ရဲ့စာရေးသူ အမေရီကန်နှစ်ခြင်းအသင်းတော်ကြီး(Saddleback Church)ရဲ့သင်းအုပ်ဆရာကြီးRick Warren ဟာဒီနှစ်အစောပိုင်းကအမျိုးသမီးသင်းအုပ်ခန့်တယ်ဆိုပြီးအမေရီကန်နှစ်ခြင်းအသင်းချုပ်ကနေမန်ဘာထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
အဲဒီချိန်သူပြောခဲ့တဲ့စကားတခွန်းရှိပါတယ်“အသင်းတော်တွေမှာဒီခံယူချက်နဲ့ပက်သက်ပြီးလွတ်လပ်စွာခံယူရပ်တည်ခွင့်ရှိသင့်ပါတယ်၊ဘာလို့လဲဆိုတော့ဒါဟာအပြစ်မဟုတ်ပါဘူး၊ကျွန်တော်တို့တွေကဒါနဲ့ပက်သက်ပြီးငြင်းခုန်အချိန်ကုန်စေမဲ့အစား၊သာ၍အရေးကြီးတဲ့ဧဝံဂေလိကိုအာရုံစိုက်ကြပါ”လို့ပြောခဲ့ပါတယ်။ဒါဟာအင်မတန်မှန်ကန်တဲ့စကားပါလို့စာရေးသူမြင်ပါတယ်။
နောက်ပြီး၁၇ရာစု၊ဂျာမနီဓမ္မပညာရှင်Rupertus Meldeniusပြောခဲ့တဲ့စကားတခွန်းရှိပါတယ်-
“In Essentials Unity, In Non-Essentials Liberty, In All Things Charity”
အခြေခံတူညီမှုမှာစည်းလုံးပါ၊ကွဲပြားလို့ရတဲ့အရာမှာလွတ်လပ်ခွင့်ပြုပါ၊အရာခပ်သိမ်းမှာမေတ္တာရှိပါ။
(အပြစ်မဟုတ်ဘဲကွဲပြားလို့ရတဲ့အရာမှာလွတ်လပ်ခွင့်ရှိရပါမယ်။ဒါမှမိသဟာရပြုလို့ရမယ်။မဟုတ်ရင်အပြစ်တင်တာချည်းပြောနေရင်လက်ခံထားကြတဲ့အသင်းတော်တွေနဲ့မိသဟာရပြုလို့မရဖြစ်နေပါလိမ့်မယ်။လက်ခံထားကြသူတွေကတော့လက်မခံသူတွေကိုအပြစ်မမြင်တာမို့ပြဿနာမရှိပါ)။
နိဂုံး
အမျိုးသမီးတွေသင်းအုပ်လုပ်ခွင့်ရှိမရှိ၊သိက္ခာတင်လို့ရမရဆိုတဲ့ငြင်းခုန်မှုဟာယခင်ကရှိခဲ့သလို၊ယခုလဲရှိနေဆဲ၊ရှေ့ဆက်လဲရှိနေအုံးမှာဖြစ်ပါတယ်။ဘယ်အဖွဲ့ကဘဲဖြစ်ပါစေအမြဲပြောလေ့ရှိတာကတော့“ငါတို့ဟာသမ္မာကျမ်းစာအရခံယူရတာဖြစ်တယ်”လို့ပြောကြစမြဲပါဘဲ။ပြဿနာကတူညီတဲ့ကျမ်းစာကိုကိုင်ပြီးကွဲပြားနေကြတာပါ။ဆွေးနွေးအဖြေရှာတဲ့အခါမှာလဲသူ့အဖွဲ့သူကိုယ်စီခိုင်မာတဲ့ကျမ်းချက်အခြေပြုရှိနေကြတာမို့တူညီတဲ့အဖြေမရှိခဲ့ပါ။
စာရေးသူအမြင်မှာတော့လက်ခံသူဖြစ်ပါစေလက်မခံသူဖြစ်ပါစေအပြစ်ပါလို့မမြင်သင့်တာပါ။ဒါကလွတ်လပ်စွာရွေးချယ်ခံယူလို့ရတဲ့အရာဖြစ်ပါတယ်၊အကယ်၍ဆက်ငြင်းခုန်မယ်ဆိုရင်ဘာအကျိုးမှမဖြစ်ဘဲကွဲပြားမှုသာဖြစ်မှာဖြစ်ကြောင်းသမိုင်းသင်ခန်းစာရှိခဲ့ပါပြီ။ဒါကြောင့်အပေါ်ကဆရာတွေပြောခဲ့သလိုလွတ်လပ်စွာခံယူကြပြီး၊ဒီငြင်းခုန်မှုမှာအချိန်မကုန်စေဘဲဧဝံဂေလိအမှုမှာသာအချိန်ကုန်ကြပါစို့လို့တိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်။
မူရင်းပို့စ်ရှဲရင်နှိပ်ပါ