ဧဝံဂေလိဝေစာရဲ့အားသာချက်များ
နိဒါန်း
ဧဝံဂေလိသတင်းကောင်းကိုဝေငှတဲ့အခါနည်းပေါင်းများစွာရှိတာဖြစ်ပါတယ်။အဲဒီအများကြီးထဲကနေအထိရောက်ဆုံးနဲ့အလွယ်ကူဆုံးတခုကဝေစာဝေခြင်းပါဘဲ။ဒီဝေစာဝေခြင်းဟာအခြားဧဝံဂေလိလုပ်ငန်းထက်ဘယ်လိုအားသာနေသလဲဆိုအနည်းငယ်ချပြပါမယ်။
၁။တရားဟောကျွမ်းရန်မလိုခြင်း
လူတချို့ကိုဧဝံဂေလိဝေငှပါလို့ပြောရင်များသောအားဖြင့်စကားမပြောတတ်ဘူး၊တရားဟောမကျွမ်းဘူး၊နူတ်ကပတ်တော်ပညာမပြည့်စုံဘူးစသဖြင့်ဆင်ခြေပေးတတ်ပါတယ်။ဒါပေမယ့်ဝေစာဝေခြင်းကတော့ဒါတွေမလိုအပ်တော့သလိုဒီအတွက် ကြောင့်လဲကြောက်စရာမလိုတော့ပါဘူး။
၂။အရွယ်၊ကျားမ၊ကန့်သတ်ချက်မရှိခြင်း
ဧဝံဂေလိလုပ်တဲ့အခါကလေးငယ်လေးကလူအိုကြီးကိုတရားဟောဖို့အဆင်မပြေသလို၊အမျိုးသားတယောက်ကမယုံကြည်သူအမျိုးသမီးတယောက်ကိုအပြင်မှာအကြာကြီးနှစ်ဦးသားဟောပြဖို့မသင့်တော်ပါဘူး။ဒါပေမယ့်ဧဝံဂေလိဝေစာမှာတော့ဒီအသက်အရွယ်၊ကျားမရဲ့ကန့်သတ်ချက်မရှိတော့ပါဘူး။လူကြီးလူငယ်ကျားမ မရွေးလွတ်လပ်စွာကမ်းပေးလိုက်ရုံပါဘဲ။
၃။အားနာစရာမလိုခြင်း
အပြင်မှာလက်တွေ့ဧဝံဂေလိဟောတဲ့အခါ၊သင်ဟာအပြစ်ရှိကြောင်းနဲ့အပြစ်သားဖြစ်ကြောင်း၊လူကောင်းမဟုတ်ကြောင်းပြောဖို့အင်မတန်အားနာရပါတယ်၊စကားမပြောတတ်ရင်နောက်တခါမခေါ်တဲ့အထိဖြစ်နေတတ်တာပါ။တချို့ဆိုကိုယ်လေးစားကြည်ညိုရတဲ့အထက်လူကြီးကိုဒီစကားပြောလိုက်ရင်တဖက်သားကနားမလည်ဘဲအမုန်းခံဖြစ်မှာစိုးရိမ်လို့တခါမှဧဝံဂေလိမပြောရဲကြတာလဲရှိပါတယ်။ဒါပေမယ့်ဧဝံဂေလိဝေစာမှာတော့ဒီလိုမျက်နာပူစရာမလိုအပ်တော့တာပါ၊ဝေစာမှာ“သင်ဟာအပြစ်သားဖြစ်လို့ကယ်တင်ရှင်ယေရှုကိုလိုအပ်ကြောင်း”ရေးထားတာကိုဖတ်မိရင်တဖက်သားကပိုလက်ခံနိုင်စရာအကြောင်းရှိပါတယ်။ကိုယ် မပြောတတ်လို့အထင်လွဲသွားမှာထက် ဝေစာမှာသေချာသီကုံးရေးသားထားတဲ့စာကအထင်လွဲသွားမှာလည်းစိုးရိမ်စရာမရှိတော့ပါ။
၄။ငြင်းခုန်ရန်ဖြစ်ခြင်းမှလွတ်ခြင်း
ဧဝံဂေလိဟောပြောတဲ့အခါတချို့မယုံကြည်သူတွေကရိုင်းစိုင်းစွာပြန်လည်မေးခွန်းထုတ်တာတွေရှိကြပါတယ်။ဒီချိန်မှာကျနော်တို့ကခေတ္တသီးခံနိုင်ပေမယ့်၊ကြာလာရင်ပေါက်ကွဲမိတတ်ပါတယ်၊နောက်ဆုံးသတင်းကောင်းဟောတာကနေရန်ပွဲထိဖြစ်သွားတာမျိုးရှိကြပါတယ်။တချို့ကျတော့မရိုင်းပေမယ့်တမင်တကာငြင်းခုန်ချင်နေကြတော့အဲဒီငြင်းခုန်မှုမှာဘဲအချိန်ကုန်နေမိတတ်ပြန်ပါတယ်။ဒါပေမယ့်ဧဝံဂေလိဝေစာမှာတော့ဒီလိုဖြစ်လာချေ99%လျော့ချနိုင်ပါလိမ့်မယ်။
၅။အချိန်ကြာကြာမယူခြင်း
ဧဝံဂေလိတရားဝေငှတဲ့အခါဟောတဲ့သူဖက်ကဘဲအချိန်ရှိနေဖို့လိုတာမဟုတ်ပါဘူး၊နားထောင်တဲ့သူတွေဖက်ကလည်းအချိန်ပေးနားထောင်နိုင်ဖို့လိုအပ်ပါပေတယ်။ဒီလိုကိုယ်စီအလုပ်အကိုင်နဲ့အချိန်လုပြီးရုန်းကန်နေရတဲ့ဘဝထဲ၊ကိုယ်ကအချိန်ပေးဟောနိုင်တယ်ဆိုရင်တောင်နားထောင်သူအတွက်အချိန်ကအကန့်သတ်ရှိကြမှာပါ။ဒါပေမယ့်ဧဝံဂေလိဝေစာဝေတဲ့လုပ်ငန်းမှာတော့ဒါတွေထည့်တွက်စရာမလိုအပ်တော့ပါ။၃စက္ကန့်အတွင်းမှာလူတယောက်ကိုဝေစာပေးခဲ့လို့ရပါတယ်။
၆။နေရာကန့်သတ်မှုမရှိခြင်း
ဧဝံဂေလိဟောတဲ့အခါမဆူညံတဲ့နေရာ၊ထိုင်ပြီး(ထပြီး)ဟောမယ့်နေရာ၊နားထောင်သူတွေရဲ့နေရာကိုချင့်ချိန်နေရသေးတာပါ။ဒါပေမယ့်ဝေစာဝေတဲ့အခါမှာတော့ဒါတွေထည့်တွက်ဖို့ကိုမလိုတော့ဘဲနေရာတကာလိုက်ဖြန့်ဝေလို့ရနေတာပါ။
၇။ယုံကြည်သူတိုင်းလုပ်နိုင်ခြင်း
ပါးစပ်နဲ့ဟောပြောတဲ့ဧဝံဂေလိဟာပြောတတ်မှ၊နူတ်ကပတ်တော်အတော်လေးနားလည်ထားမှရသလို၊နူတ်နဲ့သက်သေခံတာလည်းစကားလုံးစီတတ်ပြောတတ်မှပါ။ဧဝံ ဂေလိသီချင်းဆိုမယ်ဆိုရင်တောင်အနည်းဆုံးကီးနဲ့ထိုင်ပင်မှန်ဖို့လိုသလိုအသံကြည်ရှင်းနေဖို့တော့လိုပါတယ်။ငွေကြေးနဲ့ဧဝံဂေလိမှာပါဝင်မယ်ဆိုရင်လည်းငွေရှိနေဖို့လိုပါတယ်။ဒါပေမယ့်ဝေစာကတော့အသင်းတော်တွေမှာအခမဲ့ယူလို့ရသလိုယုံကြည်သူတိုင်းလွယ်လွယ်ကူကူလုပ်ဆောင်နိုင်တဲ့အရာပါ။
နိဂုံး
ဧဝံဂေလိဝေစာဝေခြင်းဟာအင်မတန်ထိရောက်ပြီးလွယ်ကူပေမယ့်၊အထူး(အထူး)သတိထားစရာတခုတော့ရှိနေပါတယ်။အဲဒါကတော့မိမိဝေတဲ့ဝေစာဟာအယူလွဲ(မိစ္ဆာအယူ)ကထုတ်ဝေတဲ့ဝေစာလားဆိုတာအရင်စစ်ဆေးပြီးမှဝေရပါမယ်။ကိုယ်တိုင်မစစ်ဆေးတတ်ရင်မိမိသင်းအုပ်ဆရာကိုစစ်ဆေးခိုင်းပါ။မစစ်ဆေးဘဲအယူလွဲတွေထုတ်တဲ့ဝေစာဝေမိရင်တော့ကိုယ်ကဧဝံဂေလိလုပ်နေတာမဟုတ်ဘဲလူတွေကိုအယူလွဲနေစေတာမို့၊မင်္ဂလာမဖြစ်ဘဲကျိန်ခြင်းဘဲဖြစ်နေပါလိမ့်မည်။
ယုံကြည်သူတိုင်းဧဝံဂေလိဝေစာဝေခြင်းမှာပါဝင်ကြပါစို့။
၂တိ၄:၂ နှုတ်ကပတ်တရားတော်ကို ပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကို ဖော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင်လော့။