• 周日. 4 月 19th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

စစ်မှန်သောဝိညာဉ်ရေးရာနိုးထမှု

ဆရာရဲမင်း

11 月 14, 2024

စစ်မှန်သောဝိညာဉ်ရေးရာနိုးထမှု

၁။ဝတ်ပြုစည်းဝေးမှာနားမလည်တဲ့(ဘာမှန်းမသိတဲ့)အမျိုးမျိုးသောဘာသာစကားပါဆိုပြီး၊လူတစုလုံးကအော်ဟစ်ပြောဆိုနေမှသာဝိညာဉ်နိုးထမှုကြီးမဟုတ်ရပါ။ဝတ်ပြုခြင်းပြီးလို့လက်တွေ့အသက်တာမှာပြောင်းလဲသွားခြင်းကသာစစ်မှန်တဲ့နိုးထမှုကြီးဖြစ်ပါတယ်။(အမျိုးမျိုးသောဘာသာစကားအကြောင်းအောက်ဆုံးလင့်မှာလေ့လာပါ)

၂။ဝတ်ပြုစည်းဝေးမှာအကုန်ထ၊အော်ဟစ်သီဆို၊ကခုန်နေခြင်းကမှဘဲဝိညာဉ်နိုးထမှုကြီးပါလို့ရယ်မဟုတ်ရပါ။ခေတ္တမဟုတ်ဘဲလက်တွေ့အသက်တာမှာအမြဲကခုန်ချီးမွမ်းနေတတ်တဲ့သူဖြစ်လာတာကမှစစ်မှန်သောနိုးထမှုကြီးဖြစ်ပါတယ်။

၃။ဘုရားကျောင်းမှာလူတွေထိုင်စရာ နေရာမရှိအောင်ခေတ္တပြည့်နက်လာလို့နိုးထမှုကြီးဘဲလို့မခံယူသင့်ပါ။အဲဒီလူအုပ်ကြီးရဲ့သူတို့လက်တွေ့အသက်တာမှာအသစ်ပြုပြင်ခြင်းခံရပြီးဘုရားဆီကိုအမြဲချဥ်းကပ်လာကြတဲ့အခါမှသာလျှင်နိုးထမှုကြီးဖြစ်ပါတယ်။

၄။ဝိညာဥ်‌တော်သက်ရောက်လာပြီဟေ့ဆိုပြီးလူတွေဖရိုဖလဲ လဲကျကုန်မှသာဝိညာဉ်နိုးထခြင်းမဟုတ်ပါ၊ကျမ်းစာထဲအဲလိုမရှိလို့ပါ။လက်တွေ့အသက်တာမှာမိမိအပြစ်ကိုမြင်ပြီးမျက်ရည်မျက်ခွက်နဲ့နောင်တရပြောင်းလဲလာသူသာလျှင်ဝိညာဉ်နိုးထခြင်းဖြစ်ပါတယ်။

၅။စင်‌ပေါ်ကနေ“ဖူး”လို့မုတ်လိုက်၊လက်‌ကိုဝေ့လိုက်တိုင်းစင်အောက်ကပရိတ်သတ်တွေလဲကျကုန်လို့၊ဒီတရားဟောဆရာကတော့ဘုရားဘိသိတ်ရှိသူဘဲလို့မခံယူသင့်ပါ။ ကျမ်းစာထဲမှာဘုရားဘိသိတ်ရှိသူ တွေကလူကိုဒီလိုဖရိုဖလဲဖြစ်‌အောင်တခါမှမလုပ်ခဲ့ဖူးပါ။

၆။ခေတ္တတရားပွဲမှာအနာရောဂါငြိမ်းသွားကြပြီဆိုပြီး(နဲနဲပါးပါးသာပျောက်ခြင်း)ဒါကိုဝိညာဉ်နိုးထမှုကြီးဘဲလို့ချက်ချင်းမခံယူသင့်ပါ။တကယ့်အပြင်မှာလက်တွေ့ပျောက်သွားသလားဆိုတာသက်သေယူပြီးဆုံးဖြတ်ပါ။ဘာလို့လဲဆိုတော့ယေရှုပြုတဲ့သက်သာစေခြင်းဟာနဲနဲပါးပါးဘဲသက်သာစေခဲ့တာမျိုးမဟုတ်၊အကုန်အစင်သက်သာစေခြင်းမို့ပါ။တရားဟောဆရာတချို့တွေရဲ့လိမ်ဇာတ်နဲ့ဘုရားရဲ့တန်ခိုးကိုခွဲခြားတတ်ပါစေ။

၇။တရားပွဲမှာလူတွေအများကြီး‌ယေရှုကိုယုံကြည်လာကြပြီဆိုပြီး၊ဒါဟာဝိညာဉ်နိုးထမှုကြီးပါလို့မခံယူသင့်သေးပေ၊အစပြုဘဲရှိ‌သေးတာမို့ပါ။ဒီလူတွေကိုဆက်ပြီးမကြည့်ရှု‌ပေးရင်၊အဲဒီလူတွေကနားမလည်ဘဲတရားပွဲမှာသာဆရာပြောတဲ့အတိုင်းလိုက်ပြောလိုက်လုပ်ပြီးကိုယ့်အိမ်ကိုယ်ရောက်သွားရင်သူ့နဂိုဘာသာအတိုင်းဆက်ကိုးကွယ်နေသူတွေများပါတယ်။‌
နိုးထခြင်းဆိုတာစိတ်ခံစားချက်‌ ကြောင့်ခေတ္တတဖြုတ်ဖြစ်တည်ပြခြင်းမဟုတ်ဘဲ၊လက်‌တွေ့အသက်တာပြောင်းလဲဖြစ်တည်ခြင်းဆိုတာမမေ့ပါနှင့်။