မွေးရာပါလိင်တူစိတ်ရှိခြင်းနှင့်အပြစ်
လိင်တူ“ဆက်ဆံခြင်း”ဟာအပြစ်ဖြစ်တယ်ဆိုတာကတော့သမ္မာကျမ်းစာအရ၉၉%သောခရစ်ယာန်တွေကလက်ခံထားပြီးသားမို့အထွေအထူးဆက်ပြီးရှင်းပြစရာမလိုတော့ဘူးထင်ပါတယ်။ဒါပေမယ့်တချို့ကလိင်တူကြိုက်စိတ်ဖြစ်နေခြင်းကအပြစ်မဟုတ်ဘူး၊လိင်တူဆက်ဆံလိုက်ခြင်းကသာအပြစ်ဖြစ်တယ်၊ဒါကြောင့်လိင်တူဖြစ်ရင်းနဲ့တယောက်ထဲခရစ်ယာန်အဖြစ်အသက်ရှင်သွားလို့ရတယ်လို့ဆိုလာတာကိုဖြေရှင်းပါရစေ။
အမှန်ကတချို့မွေးရာပါလိင်တူဖြစ်တည်နေခြင်းကိုယ်၌ကအပြစ်ပြုနေခြင်းမဟုတ်ဘူးဆိုတာပထမဆုံးသိရပါမယ်။ဒါပေမယ့်ဒီလိင်တူစိတ်ကိုအပြစ်ပါလို့မခံယူဘဲလိုက်လျောပေးခြင်းကတော့ကျမ်းစာရှင်မဿဲ၅:၂၈ရဲ့သဘောအရအပြစ်ဖြစ်ပါတယ်။တနည်းအားဖြင့်လိင်တူကြိုက်စိတ်ဆက်ထားခြင်းကအပြစ်ပါ။
(ဒီနေရာမှာကွဲပြားစေချင်တာကကျမ်းစာအရလိင်ကွဲကာမစိတ်ရှိနေခြင်းကအပြစ်မဟုတ်ပါဘူး၊အိမ်ထောင်ရေးမှာဘုရားခွင့်ပြုထားလို့ပါ။ဒါပေမယ့်လိင်တူကာမစိတ်ဖြစ်နေရင်တော့အပြစ်ဖြစ်သွားတာသတိပြုပါ၊ဘယ်နေရာမှဘုရားခွင့်မပြုထားလို့ပါ)။ဒါကြောင့် မွေးလာကတည်းကလိင်တူစိတ်ပါ နေခဲ့ရင်အပြစ်ရှိသွားတာမဟုတ် ပေမယ့်၊ဒီစိတ်ကိုမငြင်းပယ်ဘဲဆက်လိုက် လျောပေးနေရင်အပြစ်ပါဘဲ။
ဥပမာ
မွေးလာကတည်းကလူတိုင်းလိမ်ညာတတ်တဲ့စိတ်ရှိလာကြတယ်ဆိုပါဆို့၊ဒီစိတ်ရှိလို့အပြစ်လုပ်နေတယ်လို့မသက်ရောက်ပါဘူး။ဒါပေမယ့်လိမ်ညာတတ်တဲ့စိတ်ကိုအပြစ်မဟုတ်ဘူးမွေးရာပါမို့လိမ်ညာလို့ရတယ်လို့ခံယူတာကအပြစ်ဖြစ်ပါတယ်။
ဒါကြောင့်
စစ်မှန်တဲ့ခရစ်ယာန်တိုင်းမှာ
လိမ်ညာတတ်တဲ့စိတ်ရှိနိုင်ပေမယ့်၊ဒါဟာမကောင်းဘူးဆိုတာသိလာရတဲ့အခါအဲဒီအသိနဲ့ခရစ်တော်၌အမြဲသတိထားပြောင်းလဲအနိုင်ယူနေရကြတာပါ။
ဒီလိုပါဘဲ၊လိင်တူစိတ်ပါလာတဲ့ခရစ်ယာန်တယောက်အနေနဲ့
လိင်တူကြိုတ်စိတ်ဟာလည်းမကောင်းဘူးဆိုတာသိလာပြီး၊အဲဒီစိတ်ပေါ်လာတိုင်းခရစ်တော်အားဖြင့်အမြဲပြောင်းလဲအနိုင်ယူနေတတ်ရပါမယ်။ဒါဆိုရင်ကိုယ်ကမွေးရာပါလိင်တူဖြစ်နေခဲ့ရင်တောင်ဒါကအပြစ်ဆိုတာသိပြီးအမြဲပြောင်းလဲနေသူမို့စစ်မှန်တဲ့ခရစ်ယာန်ဖြစ်လာမှာပါ။
သတိထားရမှာက
ခရစ်ယာန်ယုံကြည်မှုမှာ
လိမ်ညာတတ်တဲ့စိတ်ကို၁၀၀%ပယ်ရှင်းနိုင်မှဘဲကယ်တင်ခြင်းရမယ်လို့မဆိုလိုသလို၊အလားတူလိင်တူတွေလိင်တူကြိုက်စိတ်၁၀၀%ပျောက်နိုင်မှကယ်တင်ခြင်းရမယ်လို့မဆိုလိုပါ။
ကယ်တင်ခြင်းရပြီးတဲ့ခရစ်ယာန်တိုင်းအားနည်းမိနိုင်သလို၊လိင်တူက နေကယ်တင်ခြင်းရလာတဲ့သူတိုင်းလည်းအသက်တာမှာ(လိင်တူအပြစ်မှာ)ပြန်အားနည်းမိနိုင်ပါတယ်။ဒါပေမယ့်ဒီအရာဟာအပြစ်ဖြစ်တယ်၊ဘုရားရွံမုန်းတယ်ဆိုတာသိပြီးအမြဲသတိထားအသက်ရှင်ဖို့၊ဝိညာဥ်တော်တန်ခိုးနဲ့အဲဒီစိတ်ကိုအနိုင်ယူတတ်ဖို့ကအဓိကဖြစ်ပါတယ်။လိင်တူဘဝနဲ့ဘဲခရစ်ယာန်လုပ်သွားမယ်ဆိုတဲ့အရာကလုံးဝ(လုံးဝ)မဖြစ်နိုင်ပါဘူး၊ဥပမာလိမ်ညာရင်းနဲ့ခရစ်ယာန်လုပ်သွားမယ်ဆိုတာနဲ့တူပါတယ်။ခရစ်ယာန်ဆိုတာအပြစ်ကို၁၀၀%ကင်းစင်အောင်လုပ်နေနိုင်ရမယ်လို့မဆိုလိုပေမယ့်၊အပြစ်ကိုအမြဲငြင်းပယ်နေရတဲ့အသက်တာဆိုတာမမေ့သင့်ပါ။
တနည်းအားဖြင့်လိင်တူချစ်ကြိုက်တဲ့စိတ်ဟာမွေးရာပါပါလာခဲ့ရင်တောင်ဒါဟာဘုရားမနှစ်သက်ကြောင်းသိရမှာဖြစ်ပြီး ရှောင်ဖို့ငြင်းဖို့လိုအပ်ပါတယ်။ဒါကိုဘုရားမပြောင်းလဲပေးနိုင်ဘူးလို့မထင်ပါနဲ့၊Googleလေးဘာလေးခေါက်ကြည့်လိုက်ပါ၊လိင်တူချစ်သူကနေကယ်တင်ခြင်းရပြီးပြောင်းလဲလာသူဒုနဲ့ဒေးသက်သေခံချက်တွေ့ရပါလိမ့်မယ်။ယနေ့မြန်မာပြည်ခရစ်ယာန်ထဲမှာတောင်ရှိနေပါပြီ။
ဒါကြောင့်ခရစ်တော်ကိုမမှီးစမ်းရသေးဘဲမဖြစ်နိုင်ဘူးလို့မှတ်ချက်မချလိုက်ပါနဲ့၊မှီးစမ်းကြည့်ပါ၊အရာရာကိုတတ်နိုင်တဲ့ဘုရားဟာသင့်ကိုပြောင်းလဲပေးနိုင်ပါတယ်။အပြစ်ကိုမုန်းတတ်လာပါလိမ့်မယ်၊သင့်အနေနဲ့ ပြောင်းလဲချင်စိတ်ရှိဖို့သာလိုပါတယ်။အပြစ်ကိုအောင်မြင်နိုင်ဖို့ခရစ်တော်မ စပါလိမ့်မယ်။အာမင်။
ရောမ 8:12-14သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ဇာတိပကတိအတိုင်း ကျင့်ရမည်အကြောင်း၊ ဇာတိပကတိ၏ကျွန် ဖြစ်ကြသည်မဟုတ်။သင်တို့သည် ဇာတိပကတိအတိုင်းအသက်ရှင်လျှင် သေရကြမည်။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ၏အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။ ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသော သူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။